February 23, 2009

မျက်မှန်


Image Link:


ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးတုန်း က ဆေး သွားစစ်ခဲ့ရပါတယ်။ ဆေးစစ်ခ ကိုတော့ ရုံးနဲ့ ချိတ်ထားတဲ့ Insurance Company က အကုန်ကျ ခံပါတယ်။ ဘာတွေကို စစ်ရမယ်ဆိုတာ ကိုယ့်ရဲ့ အသက်နဲ့၊ ပြီးခဲ့တဲ့နှစ် ဆေးစစ်ပြီးသား ပေါ်မူတည်ပြီး လိုအပ်တာကို ဒီနှစ်မှာ ထပ်စစ်ရတာပါ။ ကျမတို့ ရုံးက တစ်နှစ်ကို တစ်ခါ စစ်ခိုင်းပြီး တချို့ရုံးတွေက တစ်နှစ်မှာ နှစ်ခါ ဆေးစစ်ခိုင်းတယ်လို့ ပြောတာ ကြားဖူးတယ်။ ကျမအတွက် ဂျပန်မှာ ဆေးစစ်ဖူးတာ ပထမဆုံး အကြိမ်ပါ။


ဆေးစစ်တာက မဖြစ်မနေ စစ်ရမယ် မဟုတ်ပါဘူး။ ကိုယ်က မစစ်ချင်လို့ သွားမစစ်လည်း ရပါတယ်။ ဒါပေမယ့် ကျမကတော့ တစ်နှစ်တစ်ခါ ဆေးစစ်တာ မမှားဘူး ဆိုပြီး သွားစစ်ဖြစ်ခဲ့တယ်။ နောက်ပြီး ကိုယ့်ဘာသာကိုယ် အပြင်မှာ ဆေးစစ်ချင်ရင်လည်း ပိုက်ဆံက ပေးရမှာ မဟုတ်လား။ အဲဒါဆိုတော့ ရုံးက ဆေးစစ်ခိုင်းတဲ့ အချိန် စစ်လိုက်ရင် ပိုက်ဆံ မကုန်တော့ဘူးပေါ့။ ရုံးက တချို့သူတွေ ကျတော့လည်း သွားမစစ်ကြပါဘူး။


ဒီတစ်ကြိမ် ဆေးစစ်ရတာက သွေး၊ ဆီး၊ နား၊ မျက်လုံး၊ သွေးပေါင်ချိန် အပြင် အမျိုးသမီး သီးသန့်အတွက်ဆိုပြီး ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာပါ ထပ်စစ်ရပါတယ်။ အဲဒီလို ကင်ဆာရှိမရှိ စစ်ချင်တယ်ဆိုရင်တော့ ယန်း ၁၀၅၀ သပ်သပ် ထပ်ပေးရတယ်။ ဒီနှစ်ပိုင်းတွေမှာ အမျိုးသမီးတွေ သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ အဖြစ်များလာတာမို့ စစ်ခိုင်းတယ်လို့ ထင်ပါတယ်။ ကိုယ်က ကင်ဆာအတွက် မစစ်ချင်ဘူးဆိုရင်တော့ ပိုက်ဆံပေးစရာမလိုပါဘူး။ နောက်ပြီး သွားစစ်ရမယ့် ရက်ကိုလည်း ရုံးကပဲ သတ်မှတ်ပေးပါတယ်။

*****


ဆေးစစ်ရမယ့် နေ့မှာ ကျမနဲ့အတူ အမျိုးသားက အဖော်လိုက်ခဲ့ပေးပါတယ်။ သူက ကျမအရင် ဆေးစစ်ဖူးတာမို့ ဆေးခန်းနေရာရော ဆေးစစ်ရမှာတွေရော ကို သိထားပြီးသားပါ။ ဒါပေမယ့် ကျမ စစ်ရတဲ့နေ့က အမျိုးသမီး သီးသန့်ဆိုတော့ ဆေးရုံမှာ တွေ့ရတာ အမျိုးသမီးတွေချည်းပဲ။ တခြား ယောင်္ကျားဆိုလို့ ကျမ အမျိုးသားပဲ ရှိတယ်။ သူကတော့ ကျမကြောင့်သာ ဆေးခန်းလိုက်လာရတယ်၊ အတော်လေး အနေခက်နေတဲ့ပုံပဲ။


ဆေးရုံရောက်တော့ ပထမဆုံး Form ဖြည့်ရတယ်။ နောက်ပြီး သူတို့ မေးတဲ့ မေးခွန်းတွေကိုလည်း Form ထဲမှာ ထည့်ရေးထားသေးတယ်။ ကျမက ဂျပန်လို ရေးထားတာ သိပ် မဖတ်တတ်တာမို့ အင်္ဂလိပ်လို ရေးထားတဲ့ နမူနာ စာရွက်လေး ထုတ်ပေးပါတယ်။ အဲဒါကို ဖတ်ပြီး မေးထားတဲ့ မေးခွန်းတွေ မှာ အမှတ်ခြစ်ပြီး ဖြေလိုက်ယုံပဲ။ ပြီးတော့ ဆေးရုံက ထုတ်ပေးတဲ့ အင်္ကျီကို လဲဝတ်ရတယ်။ အပေါ်ယံလောက်ပဲ စစ်မယ်ဆို ဆေးရုံဝတ်စုံကို အပေါ်ပိုင်း အင်္ကျီပဲ လဲရပါတယ်။ အားလုံး စစ်ရမယ်ဆို ည၀တ်ရင်ဖုံးအင်္ကျီလိုမျိုး လဲဝတ်ရတယ်။ ကျမက အားလုံး စစ်ရမှာမို့ ည၀တ် ရင်ဖုံး အင်္ကျီကို ၀တ်ထားရပါတယ်။

*****


ဆေးစစ်မယ်ဆိုတော့ အရင်ဆုံး BMI (Body Mass Index) စစ်ရပါတယ်။ အဲဒါက ကိုယ်အလေးချိန်နဲ့ အရပ်ကို တိုင်းယူတာပါ။ ပြီးတော့ သွေးပေါင်ချိန် ရတယ်။ နောက် မျက်လုံးစစ်ရတယ်။ ကျမက နဂိုကလည်း မျက်မှန်တပ်ရပါတယ်။ မျက်မှန်က တပ်ချင်ရင် တပ်လိုက် မတပ်ချင်ရင် ချွတ်ထားလိုက် ဆိုတော့ မျက်လုံးက ကြည့်ရတာ သိသိသာသာကို မကောင်းတော့ပါဘူး။ အနီးဆိုရင် ကောင်းကောင်းမြင်ရပေမယ့် ရထားဘူတာမှာ ရှိတဲ့ လမ်းညွှန်မြေပုံ၊ လမ်းပြ ဆိုင်းဘုတ်တွေဆို အဝေးက ကြည့်ရင် ၀ါးတားတားနဲ့မို့ သိပ်မမြင်ရပါဘူး။ မျက်မှန်သွားစမ်းမယ်ဆိုပြီး ချိန်နေတာလည်း တစ်နှစ်ကျော်လောက် ရှိလာပြီ။ ပျင်းနေတာရော ဘယ်နားသွားပြရမှန်းမသိ၊ ဘယ်လိုပြောရမှန်းမသိတာရော ပေါင်းပြီး မျက်မှန် မစမ်းမိတာ နှစ်နှစ်ကျော်အတွင်း မျက်လုံးက တဖြည်းဖြည်း အားနည်းလာပါတယ်။ နောက်ပြီး မျက်မှန်ကိုင်းကလည်း ၂၀၀၄ ခုနှစ်ကတည်းက လုပ်ခဲ့တာမို့ အတော်လေး ဟောင်းနေပြီး ဘေးကားလို့ တပ်မကောင်းတော့ပါဘူး။ ဒါပေမယ့်လည်း တပ်စရာ မျက်မှန်မရှိသေးတာကြောင့် ရှိတာပဲ ကုပ်ကပ်ပြီး တပ်ထားလိုက်၊ မတပ်ချင် ချွတ်ထားလိုက်နဲ့ လုပ်လာ လိုက်တာ ဆေးလည်း စစ်ရော ကောင်းကောင်းထိတော့တာပါပဲ။


မျက်လုံးစစ်ဖို့အတွက် ဆရာမလေးက ကျမကို “မျက်ကပ်မှန် တပ်သလား၊ မျက်မှန်တပ်သလား” လို့မေးပါတယ်။ ကျမက “မျက်ကပ်မှန် မတပ်ဘူး၊ မျက်မှန်တော့ ကွန်ပျူတာ သုံးရင် တပ်ပါတယ်” လို့ပြောတော့ “အခု ပါ လာရင် သွားယူပြီး တပ်ပါ” လို့ပြောပါတယ်။ ဒါနဲ့ ကျမလည်း အိတ်တွေ ထားတဲ့နေရာ ပြန်လာပြီး ပါလာတဲ့ မျက်မှန်အစုပ်လေး ထုတ်တပ်ရင်း သူ့ဆီ တစ်ခါ ပြန်ပြေးရပါတယ်။ မျက်မှန်တပ်ပြီးတော့မှ သူက မျက်လုံး စမ်းတဲ့ စက်ကလေးပေါ် မျက်နှာအပ်ခိုင်းရင်း အထဲက “ဂ”ငယ် ပုံစံမျိုးစုံကို ကြည့်ခိုင်းတော့တာပါပဲ။ အဲဒီ “ဂ” ငယ် ပုံစံမျိုးစုံ တွေကို မျက်စိ စစ်ဖူးသူတိုင်း သိကြမှာပါ။ ကျမ ကြည့်ခဲ့တဲ့ “ဂ”ငယ်တွေမှာ နံပါတ် ၁ ဂငယ်က အကြီးဆုံး ဖြစ်ပြီး ဒုတိယ စာလုံး ဆိုရင် နည်းနည်း သေး လာပါတယ်။ နောက်ပိုင်း နံပါတ် ကြီးလာလေ စာလုံးတွေက တဖြည်းဖြည်းနဲ့ သေး သေးလာတာပေါ့။ အဲဒီ ဆိုဒ်စုံ ဂငယ်ကြည့်ခိုင်းတော့မှ ကျမ မျက်လုံးတွေ မကောင်းတော့ဘူး ဆိုတာ ဘူးပေါ်သလိုပေါ်တာပါပဲ။


အစတုန်းက ကိုယ်ကိုကိုယ် ညာနေသေးတယ်။ မကောင်းပေမယ့် ဘယ်လောက်အထိ မကောင်းဘူးလည်း ဆိုတာ သိမှ မသိတာ။ အခု ဆရာမက ကြည့်ခိုင်းတဲ့ စက်ရဲ့ အပေါက်ကလေးက ချောင်းကြည့်ရတဲ့ ဂငယ်မှာ ကျမ မြင်ရတာဆိုလို့ နံပါတ် ၁ ဂငယ်ပဲ ရှိပြီး ကျန်တဲ့ ဂငယ်တွေက အပေါက် ဘယ်ဘက်ကို လှည့်နေမှန်း မသိလောက်အောင်ေ၀၀ါးနေတာပါပဲ။ ဆရာမက ကျမကို “ ဂ ငယ် ဘယ်ဘက် လှည့်နေလဲ မြင်ရလား” လို့မေးရင် ကျမ ဘာမှ မမြင်ရလို့ အဆင့် ၁ ကနေကို မတက်ပါဘူး။ သူလည်း “သေချာ ကြည့်ပါဦး” လို့ပြောပြီး ၂ ခါ ၃ ခါ ထပ်စစ်ပေမယ့် ဂငယ်ရဲ့ အဖွင့်ဘက်ကို မှန်အောင်မပြောနိုင်လို့ နောက်ဆုံး “မျက်လုံး မကောင်းဘူးပဲ” လို့ မှတ်ချက်ချပါတယ်။ မျက်လုံးပြီး နားစစ်တာတော့ အခြေအနေ ကောင်းတယ်။ မှန်လုံခန်းထဲမှာ နေရပြီး အသံတိုးတိုးလေး “တီ”လို့ ကြားရင် လက်ထဲမှာ ရှိတဲ့ ခလုပ်လေးကို နှိပ်လိုက်ယုံပဲ။ အသံတိုးတိုး သွားပေမယ့် အားလုံး ကြားရပါတယ်။ (တော်သေးတာပေါ့ .. ၀ူး..)


သွေးစစ်တာက သွေးစုပ်တဲ့ ဆရာမကြောင့် တော်တော်လေး ခံစားလိုက်ရတယ်။ လက်ထဲကို အပ်ကြီး စိုက်ရက်သားကနေ သွေးကြောရှာမတွေ့ပဲ ဟိုစမ်းဒီစမ်းနဲ့ လက်ကို အပ်နဲ့ မွှေ့နေတာ သွေးစုပ်တာ မနာပဲ သူအပ်နဲ့ မွှေ့လို့ အရမ်းနာပါတယ်။ ဆရာမက အသစ်မို့ထင်တယ်။ အကြောရှာတာ သိပ်မကျွမ်းကျင်ဘူး။ ပိန်လို့ အကြောတွေပေါ်နေတာ သူ့ကျမှ အကြောရှာမတွေ့ဘူးရယ်လို့။ လိုသလောက် သွေးစုပ်ထုတ်ပြီးတော့ ကျမလည်း တအားနာတာ ခပ်မျော့မျော့ပဲ ကျန်တယ်။ ဒါတောင် သတ္တိ အတော်ကောင်းတာနော်။ တစ်ချက်မှ သွေးစုပ်ထုတ်နေတာကို မကြည့်ဘူး။ မျက်နှာလေး အသာလွှဲထားရင်း လုပ်ချင်သလိုသာ လုပ်၊ ထုတ်ချင်သလိုသာ ထုတ်တော့လို့ သဘောထား လိုက်တော့တယ်။ အပ်စွဲထုတ်လိုက်တော့ သွေးတွေ ထပ်ထွက်လာတာ အများကြီးပဲ။ ဆရာမလည်း တောင်းပန်လိုက်တာ ပျာနေတာပဲ။ အပ်စိုက်တဲ့နေရာမှာ သွေးခြေဥနေတာ ရက်အတော်ကြာ ခံလိုက်ရတယ်။


ကျန်တာတွေက ဓာတ်မှန်ရိုက်တယ်။ ပြီးတော့ အမျိုးသမီးဆရာဝန်နဲ့ စမ်းသပ်ရတယ်။ ဆေးစစ်တာ ၇ မျိုးလောက်ရှိတော့ အသေးစိပ် ရေးမပြတော့ဘူး။ ဆေးစစ်ပြီး ထွက်လာတော့ အမျိုးသားက ဧည့်ကြိုကောင်တာမှာ စောင့်နေတာပါ။ ကျမကလည်း ဆေးစစ်ပြီးပြီးချင်း သူ့ကို “ကျန်တာတွေတော့ကိစ္စမရှိဘူး။ မျက်လုံးစစ်တာတော့ ကျမယ်ထင်တယ်” လို့ စောင့်ရတဲ့သူ အားရှိအောင်ပြောလိုက်ပါတယ်။ တကယ် ဆေးစစ်တဲ့အဖြေ သိရတော့လည်း မျက်လုံးပဲ ဆေးကျပါတယ်။

*****


ဆေးစစ်ပြီးတော့ သိပ်မကြာဘူး စာမေးပွဲဖြေဖို့ ရှိတာနဲ့ မျက်လုံး သွားစမ်းပြီး မျက်မှန်အသစ် လုပ်ဖြစ်ခဲ့တယ်။ ဒီမှာက မျက်မှန် လုပ်မယ်ဆိုရင် မျက်စိ အလကား စမ်းသပ်ပေးပါတယ်။ မျက်မှန်ကိုင်းတွေကတော့ အစားစားပါပဲ။ ကျမ လုပ်ခဲ့တဲ့ မျက်မှန်ဆိုင်က မျက်မှန်ကိုင်းနဲ့ မှန်ကို ယန်း ၅၀၀၀ ပေးခဲ့ရတယ်။ အဲဒါ ဈေးအသက်သာဆုံးပါ။ နောက်ပြီး မှန်မှာ UV Protect ထပ်ဖြည့်ချင်တယ်၊ အလွယ်တကူ အစင်း မထင်ချင်ဘူး ဆိုရင် နောက်ထပ် ပိုက်ဆံ သပ်သပ် ထပ်ပေးရတယ်။ ကျမ လုပ်ခဲ့တုန်းက မျက်မှန်ကိုင်းရော နောက်ထပ် function ထပ် ထည့်တာက ၃ ခုဆိုတော့ ယန်း ၁၀၅၀၀ ပေးလိုက်ရတယ်။ ၁၀ မိနစ်စောင့်ပြီးတာနဲ့ မျက်မှန် တစ်လက် လက်ထဲ ရောက်လာတော့တာပဲ။ မျက်မှန်ထည့်ဖို့ အိတ်ကိုတော့ ဆိုင်က လက်ဆောင်ပေးပါတယ်။


အရင်တုန်းက မျက်မှန်တပ်ပေးမယ့် မျက်လုံးက ကြည့်ရတာ ၀ါးတားတားမို့ အမြင် သိပ်မကြည်လင်ပါဘူး။ မျက်မှန်အသစ်လည်း တပ်လိုက်ရော ကြည့်ရတာ ၀ါးတားတား မြင်ခဲ့သမျှ အရာအားလုံး ကြည်လင် ပြတ်သား နေတော့ စစ တပ်ချင်း မနေတတ်ဘူး။ မျက်မှန်အသစ်ရတဲ့နေ့က မျက်မှန်တပ်ပြီး Blog တွေ အတော်များများ လိုက်ဖတ်ဖြစ်ပါတယ်။ မျက်မှန်ဝယ်တုန်းက ရည်ရွယ်တာ စာမေးပွဲအတွက်ပါ။ မျက်မှန်တပ်ပြီး Blog ဖတ်တာ မြင်တော့ ကျမ အမျိုးသား ရင်ကျိုးပါတယ်။ စာဖတ်စေချင်လို့ မျက်မှန်အသစ် တစ်လက်ဝယ်ပေးတာလို့လည်း ပြောသေးတယ်။ အခုတော့ စာမေးပွဲလည်း တဆင့်ပြီးသွားတာမို့ မျက်မှန်လေး တပ်လျက် Blog ရေးပြီး ပို့စ်အသစ် တင်လိုက်ရပါတော့တယ်။



ဖေဖေါ်ဝါရီ ၂၃၊ ၂၀၀၉။

21 comments:

:P said...

မျက်မှတ်အသစ်နဲ့ရေးတဲ့ ပို့စ် အသစ်ကို
မျက်လုံး အဟောင်းနဲ့ ဖတ်သွားပါတယ်..။

Anonymous said...

မျက်မှန်အသစ်လေးနဲ့အမနုစံ။ ဓါတ်ပုံပြပါဗျို့။ မဇနိဆို ရှစ်တန်းကတည်းက မျက်မှန်။ လှချင်ပါတယ်ဆို မျက်မှန်ကြီးက ရှုပ်တယ်။ ဆေးစစ်တာက အခုလည်း တနှစ်တခါ စစ်ရတယ် အမ။ မျက်မှန်အသစ်လေးလည်း လိုချင်နေတယ်။ ပိုက်ပိုက်မချိရို့။

Anonymous said...

ကျနော်အခုတပ်နေတဲ့ မျက်မှန်က ရန်ကုန်တုန်းက မဇနိ - လုပ်ပေးတာ - အမေရိကန်ဗွီရှင်းမှာ... (ကြုံကြွားလေး ကြွားသွားတာပါ)

သက်ဝေ said...

အမလဲ ခေါင်းကိုက် ကိုက်နေလို့ ဟိုတစ်လောကပဲ မျက်စေ့စစ်ပြီး မျက်မှန်အသစ်လုပ်လိုက်ရတယ်...
ပါဝါတွေက အဝေးကြည့်က သိပ်မပြောင်းပေမယ့် အနီးကြည့်က တက်လာတယ်...
အသက်ကြောင့်လား...
ဘလော့ဂ်ကြောင့်လား... ဟုတ်လား...
လာမမေးနဲ့ မပြောဘူး... :-P

မျက်မှန်အသစ်နဲ့ ညီမလေး... စာလဲကျက်ဦးနော်...

PAUK said...

ချန်းချန်းလည်း ပါဝါတိုးလာတယ်..
စိတ်ညစ်တယ်..၂၀၀ရှိပြီ..
ကျနော်က မျက်မှန်မတပ်ရသေးဘူး..
လေးလုံးတွေ ချည်းပါ့လားး..ဟီးး
နုရေ...
word verification ဖြုတ်ပေးပါ့လားး

Anonymous said...

မျက်မှန်အသစ်နဲ့ ရေးတဲ့postကို မျက်မှန်အဟောင်းတပ်ပြီး ဖတ်သွားပါတယ် :)

nu-san said...

Sin Dan Lar >> sin dan lar က မျက်လုံးအဟောင်းပဲဆိုတော့ မျက်မှန်တပ်စရာ မလိုဘူးပေါ့နော်.. ကောင်းလိုက်တာ.. :)

မဇနိ>> ဓာတ်ပုံပြလိုက်ရင် ငါ့ညီမလန့်သွားမှာစိုးလို့ မပြတော့တာ.. မျက်မှန်အသစ် လိုချင်တယ်လား.. ကိုဇနိရေ.. ကြားတယ်နော်.. နိနိ မျက်မှန်အသစ် လိုချင်လို့တဲ့.. :D

ကိုဇနိ>> အမေရိကန် ဗွီရှင်းက မျက်မှန်ကြီးနဲ့ ကိုဇနိပေါ့လေ.. ကြုံလို့ ကြွားရတာမို့ ခွင်လွှတ်ပါတယ် ကိုဇနိရေ.. :D

မမသက်ဝေ>> မျက်မှန်အသစ် လုပ်လိုက်ရပြီလား အမ။ ခေါင်းကိုက်တာ သက်သာသွားပြီလား။ ကျနော်က အဝေးမှုန်ပြီး အနီးသိပ်မမြင်ရတော့တာ မရေ.. :P
ဟုတ်.. စာကျက်ပါတယ် မရဲ့.. စာမေးပွဲက တခါတော့ ပြီးသွားပြန်ပြီ.. :)

ပေါက်>> ချန်းချန်းက မျက်မှန်တပ်နေရပြီလား.. ငယ်သေးတာကိုနော်... သူ့ခမျာ မျက်မှန်တလက်နဲ့ အလုပ်ရှုတ်နေရတော့မယ်.. :)
ပေါက်ရေ.. word verification က တမင်တကာ တပ်ထားပါ။ အရင်တုန်းက မတပ်ထားပါဘူး။ နောက်ပိုင်းကျတော့ span comment တွေ ထားခဲ့လို့။ အဲဒီ span comment တွေက link တွေ သွားနှိပ်လိုက်မိရင် မကောင်းတဲ့ website တွေ ဖြစ်မှာစိုးလို့ တမင် setting မှာ ပေးထားလိုက်ရတာ။ ပေါက်သုံးရတာ အဆင်မပြေဘူး ဆိုရင် sorry ပါ ပေါက်ရေ.. :)

subuueain>> ညီမလေးလည်း မျက်မှန်တပ်ရတာပဲကိုး.. မျက်မှန်ဟောင်းနေပြီဆို အသစ်လဲတော့နော်.. နို့မို့ဆို မျက်လုံး ထိလာလိမ့်မယ်.. :)

တားမြစ် ထားသော... said...

အလည်ရောက်လာတယ်။
စာလည်းဖတ်သွားတယ်။

သုခမိန်(E-Journal)

မီယာ said...

မျက်မှန်ကို ရှုပ်တယ် အလှပျက်တယ် ဆိုပြီး မတတ်ဘဲ မနေပါနဲ့ နုစံရေ.. ကွန်ပြူတာ သမားတွေက ပိုလိုအပ်မယ်ထင်တယ်.. မျက်စိကြည်ကြည်လင်လင် နဲ့ စာတွေ ပိုရေးနိုင်ပါစေလို့...

ThuHninSee said...

တစ်နှစ်တစ်ခါ ခေါင်းကနေ ခြေဖျားထိ ဆေးစစ်ဖြစ်တယ်။
ဟိုကင်ဆာအတွက် လဲ စစ်ရတယ်။ ဆေးဖိုးတစ်ပြားမှ မကုန်ပေမယ့်..အင်း..အဟီး ဆေးစစ်ရတာ မစားသာ၊
နုစံ။

ပုံရိပ် / Pon Yate said...

ဟဲ ပိုပြီး ဘလောက်ဖတ်နိုင်ပြီပေါ့။

Anonymous said...

ဟီး...တော်တာပေါ့ အစ်မက ဘလော့ကို အဲ့လောက် သံယောဇဉ်ကြီးတာ ဂရုလည်းစိုက်အုံးနော့် အရမ်းကြီးဆိုးရင် ကွန်ပျူတာမကြည့်နဲ့ပေါ့ သူများကိုသာ ပြောတယ် ကျနော်လည်း လည်လိုက်တဲ့ ဘလော့ မျက်လုံးပါ ကိုက်တယ်း)

Anonymous said...

အစ်မ....
သမီးလဲ ခုမျက်မှန်တပ်နေရပြီ ... အရင် ဂိမ်းအသေဆော့တုန်းကတောင် မျက်မှန်မတပ်ရဘူး .. ခု မျက်လုံးတွေတအားကိုက်လို့ အစ်မ

May Moe said...

ဟိ မိသားစုထဲမှာ တယောက်သော မျက်မှန်လွတ်သူက သာမီးပါ ကိုနိလို ကြုံကြွား ခွိခွိ :P ဟင်းသီးဟင်းရွက်တွေ အသားကုန် စားတဲ့ အကျိုးလို့ထင်ပါတယ်

khin oo may said...

မမွန်ကို မေးကြည့်ပါ။ဘယ်လို မစားသာတာလဲလို့။

မြရွက်ဝေ said...

ညီမလည်း ပါဝါတက်နေပြီထင်တယ်။ ခေါင်းတွေ ကိုက်တာ ကြာပြီ။ ကွန်ပျူတာ ကြာကြာမကြည့်နိုင်တော့ဘူး။ သွားစစ်ကြည့်ရဦးမယ်။

ညီမ ဆေးစစ်တုန်းကလည်း သူလိုက်ပို့တာလေ။ အမျိုးသမီးဆေးခန်းဆိုတော့ ဧည့်ခန်းမှာ သူတစ်ယောက်ထဲ ယောက်ျားလေးရှိလို့ အနေခက်နေရှာတယ်။ ဒီနှစ်တော့ တယောက်ထဲ သွားရမလားဘဲ။ ညီမကို သွေးဖောက်တော့ တချက်ထဲနဲ့ရလို့ တော်သေးတယ်။ မြန်မာမှာ လေးဘက်နာစစ်တုန်း အမလို သွေးကြောထဲ အပ်မဝင်လို့ မွှေ့ရှာတာ အတော်ခံရဘူးတယ်။ နဂိုကတည်းက အပ်ကြောက်ပါတယ် ဆိုမှ။ ကြောက်ပေမယ့် သွေးစုပ်ထုပ်တာတော့ အံကြိတ်ပြီး ကြည့်တာနော်။ မကြည့်ဘဲနေရင် တွေးပြီး ပိုကြောက်လို့။

တန်ခူး said...

ခုတလော ခေါင်းတွေက ကိုက် မျက်ကပ်မှန်က အဆင်မပြေနဲ့ အတော်စိတ်ရှ ပ်နေတာ နုရေ..
နုရဲ့မျက်မှန်အသစ်ဖွင့်ပွဲလေးက ဘာမှလဲကျွေးဘူး

Anonymous said...

စာကောင်းကောင်းလုပ်နော်။
ကျနော်လဲ မျက်လုံးမကောင်းချက် စာကြည့်လိုက်တာနဲ့ မကြည့်နိုင်ပဲ အိပ်ပျော်သွားတတ်တယ်။
မျက်မှန်လိုချင်တယ်။မျက်မှန် ဈေးချိုတဲ့ ဆိုင်ကို
လိပ်စာပြောပေးပါဦး မမနုရေ..

Anonymous said...

အစ်မ.. အလကား ဆေးစစ်ရတာ မိုက်တာပေါ့..။ ဟို အပိုဆောင်းပေးပြီး စစ်တာကလည်း စစ်ကိုစစ်သင့်တာ..။ မျက်စိပဲ ကျတာဆိုတော့ ၀မ်းသာစရာပေါ့.. မျက်မှန်သစ်တောင်ရသေး..။

Anonymous said...

အမနုစံရေ ကျနော်တို့လည်းဒီမှာ တစ်နှစ်နှစ်ကြိမ်ဆေးစစ်ရတယ်၊ အဆုတ်မကောင်းလို့ ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းနေပေမယ့် မဖြတ်နိုင်ဘူးဖြစ်နေတယ်။ မျက်ရိုးကကိုက်ကိုက်နေလို့ မျက်မှန်လုပ်ထားပေမယ့် အိမ်မှာဘဲတပ်ဖြစ်တယ်၊ အပြင်ထွက်တပ်ရမှာရှက်လို့၊ အဟီး...။

nu-san said...

တားမြစ်ထားသော>> စာတွေ လာဖတ်တာ ကျေးဇူးပါ.. :)

မီယာ>> အမက မျက်မှန်တပ်လိုက် မတပ်လိုက်ဆိုတော့ ပိုဆိုးတယ်။ အခုတော့ တတ်နိုင်သလောက် အမြဲတပ်ထားဖြစ်တယ်.. မျက်စိကြည်လင်ပေမယ့် စာများများ မရေးနိုင်သေးဘူး မီယာရေ.. :)

သုနှင်းဆီ>> မွန်ရေ.. မစားသာတာတော့ အမှန်ပဲ..အဟီး.. :D

ပုံရိပ်>> ပုံရိပ်ရေ.. Blog ကိုတော့ အားတဲ့အချိန် အားသလို ကြိုးစားပြီး ဖတ်ဖြစ်တယ်။ စာသာ မကြိုးစားပဲနေတာ.. :D

မောင်မျိုး>> မောင်မျိုးရေ.. ဂရုစိုက်ပါတယ်။ တခါတလေဆိုလည်း ရှုတ်တယ်လို့ ခံစားရတယ်။ မောင်မျိုးလည်း Blog ကို ဖတ်တော့ ဖတ်ပေါ့။ မျက်လုံးကိုက်အောင်တော့ မလုပ်နဲ့နော်။ နောက်ဆို တဖြည်းဖြည်းထိလာလိမ့်မယ်... :)

ကြယ်ပြာ>> ညီမလေးလည်း မျက်မှန်တပ်ရပြီလား။ ကွန်ပျူတာ သမားတွေက အနည်းအများ မျက်လုံးထိလာတာပဲနော်.. သတိထား ညီမလေးရေ.. :)

မေမိုး>> သာမီးက မျက်မှန်မတပ်ရတော့ ကောင်းတာပေါ့။ ဒါကြောင့် လှတာ..(စင်ကာပူလာလည်ရင် မုန့်ဝယ်ကျွေးနော်.. အခုတော့ အကြွေးမှတ်ထားမယ်..) :D

မမခင်ဦးမေ>> အဟဲ.. အဲဒါကတော့ မမ ညီမကို မမ ကိုယ်တိုင်ပဲ မေးပေတော့.. ပြီးရင် ကျနော့်ကိုလည်း ပြန်ပြောပြ.. :D

မြရွက်ဝေ>> ညီမလေးရေ.. မျက်မှန်သွားစစ်ကြည့်တာ မမှားပါဘူး။ အမလည်း မစစ်တာ ကြာလှပြီ။ ဒါကြောင့်မျက်လုံးက တခါထက် တခါ ပိုဆိုးလာသလိုပဲ.. မှုန်လာတယ်.. သွေးဖောက်တာက တစ်ချက်ထဲ ဖောက်ပြီး စုပ်တာကို မကြောက်ဘူး.. သူက အပ်သွင်းပြီး မွှေ့နေတာဆိုတော့ ကြည့်ရင်း အသည်းယားပြီး ကြောက်လာတာ.. :D

မတန်ခူး>> အမက မျက်ကပ်မှန်တပ်တာလား၊ ကျနော်က မျက်ကပ်မှန်ကို တပ်ရမှာ ခက်သလား ဆိုပြီး မတပ်ဖြစ်တာ။ နောက်ပြီး ရုံးက ဂျပန်မလေးတွေလေ မျက်ကပ်မှန်တပ်ထားရင်း မျက်လုံးထဲ ဖုန်ဝင်ရင် မျက်ရည်အရမ်းကျတာ မြင်ဖူးလို့ ခံရခက်တယ် ထင်တယ်ဆိုပြီး မတပ်ရဲတော့ဘူး.. မျက်မှန်ဖွင့်ပွဲက ကိုယ့်ဘာသာကိုယ်တော့ မုန့်ဝယ်ကျွေးဖြစ်တယ် အမ၊ မျက်မှန်လုပ်ပြီးတော့ အဲဒီနားက ဆိုင်မှာပဲ ညစာစားဖြစ်တာ.. အဟီး. :D

မေအောင်>> ညီမလေးရေ.. စာလည်း စာမေးပွဲနီးရင် ကောင်းကောင်းလုပ်ဖြစ်ပါတယ်။ ပုံမှန်ဆို အမလည်း စာအုပ်ကိုင်တာနဲ့ တခါတည်း အိပ်ချင်လာရော.. အိပ်ဆေးကျွေးလိုက်သလား အောက်မေ့ရတယ်.. :D

လေးမ>> ညီမလေးရေ.. အမျိုးသမီးအတွက်ကတော့ ပိုက်ဆံ ယန်း ၁၀၅၀ ကိုယ်က ပေးရတယ်။ ဆေးစစ်တာတော့ အမလည်း တစ်နှစ်တစ်ခါ စစ်သင့်တယ် ထင်တာပဲ။ ရန်ကုန်မှာတော့ တစ်ခါလားပဲ စစ်ဖူးတာ။

ကမာနီလာ>> ကို ကမာတို့က တစ်နှစ် နှစ်ကြိမ်လား၊ အမတို့ဆီက တစ်နှစ် တစ်ကြိမ်။ အမက အဆုတ်မှာ အနာဖြစ်ဖူးတော့ ဆေးလိပ်ငွေ့ရှုမိရင် အသက်ရှုကျပ်လာရော.. အနံ့မခံနိုင်ဘူး။ အဆုတ်မကောင်းရင် ဆေးလိပ်ဖြတ်တာ အကောင်းဆုံးပဲ။ မျက်မှန်တပ်တာ ရှက်ရင် မျက်ကပ်မှန်တပ်ပါလား.. စတိုင်ပေါ့.. :)