March 3, 2009

မက်မွန်ပွင့်ချိန်

ဂျပန်မှာတော့ ဒီနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နွေဦးရာသီ စ ပါတယ်။ နွေဦးရောက်ပြီဆိုတော့ Ume () ပန်း တွေ တစ်ခါ ပွင့်လာပြန်ပါပြီ။ Wiki မှာ ဖတ်ရတော့ Ume အပင်က Plum မျိုးနွယ်ထဲမှာ ပါပြီး Japanese Apricot လို့လည်း ခေါ်ကြတယ်။ ဒါနဲ့ မြန်မာ အင်္ဂလိပ် အဘိဓာန်မှာ Apricot စာလုံး ရှာကြည့်တာ “မက်မွန်” ဆိုပြီး ဘာသာပြန်ထားတယ်။ အဲဒီတော့ Ume ပန်းကို မက်မွန်ပန်းလို့ပဲ ခေါ်လိုက်တော့မယ်နော်။ မက်မွန်ပန်းက ပုံမှန်ဆို မတ်လဆန်းကနေ မတ်လလယ်လောက်မှ စ ပွင့်တတ်တာ။ ဒီနှစ်တော့ မနှစ်ကထက် စာရင် ပန်းပွင့်တာ စောတယ်လို့ ပြောရမယ်။ ဂျပန်ရဲ့ တချို့နေရာတွေမှာ ဖေဖော်ဝါရီ လလယ် လောက်ကတည်း က ပန်းတွေ စပြီး ပွင့်နေကြလို့ပါ။


မက်မွန်ပန်းတချို့ ပွင့်နေပြီလို့ သတင်းမှာတွေ့လိုက်မိ ကတည်းက ကျမ ပန်းပွင့်တာကို သွားကြည့်ချင်နေတာ။ Osaka ထဲမှာတော့ Osaka Castle နားမှာ မက်မွန်ပင်တွေ ချည်းပဲ စိုက်ထားတဲ့ ပန်းခြံရှိပါတယ်။ အခုတလော စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေ မှာလည်း မိုးရွာနေတာနဲ့ ပန်းခြံကို မသွားဖြစ်ခဲ့ပါဘူး။ ဒီတပတ် ပိတ်ရက်ကျမှပဲ ရာသီဥတု သာယာတာနဲ့ မက်မွန်ပန်းခြံကို ရောက်ဖြစ်ခဲ့တယ်။


*****


ဇန်န၀ါရီလ ကုန်ခါနီးမှာ Osaka Castle ကို ရောက်ဖြစ်တော့ Castle အပေါ်ကနေ ပန်းခြံကို လှမ်းကြည့်လိုက်သေးတယ်။ ပန်းတွေ မပွင့်သေးပဲ အဖူးလေးတွေပဲ ရှိနေသေးတာ။ နောက်ပြီး အဲဒီ မက်မွန်ပန်းခြံကလည်း ပန်းပွင့်ချိန်လေးပဲ လူရှိတာပါ။ ကျန်တဲ့အချိန်ဆို ပန်းခြံက ခြောက်ကပ်ကပ်နဲ့ လာတဲ့သူတောင် မရှိဘူး။


ကျမတို့ ပန်းခြံရောက်သွားတော့ ပန်းလာကြည့်တဲ့ သူတွေ အပြင် မုန့်ဈေးသည်တွေနဲ့ ပန်းခြံ တ၀ိုက်မှာတော့ လူကြိတ်ကြိတ်တိုးပဲ။ မက်မွန်ပန်းတွေက အပင်တိုင်း ပင်လုံးကျွတ် ပွင့်နေတာ အရမ်းလှတာပဲ။ ပန်းပွင့်တွေ ဝေဆာနေတဲ့ အပင်တွေ ကြည့်ရင်း စိတ်ထဲလည်း ကြည်နူးမိတယ်။ ပန်းပွင့် အနား ကပ်ပြီး မွှေးကြည့်လိုက်တော့ အနံ့သင်းသင်းလေးပဲ ရတယ်။ တချို့အပွင့်တွေဆို အနံ့မရှိဘူးတောင် ပြောလို့ရတယ်။


အခုသွားခဲ့တဲ့ ပန်းခြံမှာ မက်မွန်ပန်း မျိုးကွဲပေါင်း ၉၅ မျိုးရှိပြီး အပင်ပေါင်း ၁၂၅၀ ပင် ရှိတယ်လို့ website တစ်ခုမှာ ဖတ်ဖူးပါတယ်။ မက်မွန်ပန်းက ပွင့်ချပ် ၅ ချပ်ရှိပြီး အဖြူရောင်၊ အ၀ါရောင်၊ အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင် အရင့်အဖျော့နဲ့ အရောင်စုံရှိတယ်။ နောက်ပြီး တပင်တည်းမှာကို အဖြူရောင်၊ ပန်းရောင် အဖျော့ နဲ့ အရင့် ကိုင်းဆက်ပြီး စိုက်ထားတာ လည်း တွေ့ခဲ့ရတယ်။ ပန်းပွင့်နေလို့သာ ကိုင်းဆက် စိုက်ထားမှန်း သိရတာပါ။ အပွင့်မရှိပဲ အပင်ချည်း ဆိုရင် ဘယ်လာ သိနိုင်ပါ့မလဲ။ ပန်းအမျိုးအစား နာမည်တွေ ပေးထားတာလည်း စုံနေတာပဲ။ ကျမကတော့ အပင်တွေ ကြည့်ရင်း အရောင် ဆင်တူနေတယ်ဆိုရင် အမျိုးတူတယ်ပဲ အောက်မေ့နေတာ။ တကယ်တော့ အရောင်တူပေမယ့် တချို့အပင်တွေက မိုးပေါ် ထိုးထိုးထောင်ထောင်ပွင့်တယ်။ တချို့လည်း မိုးမခပင်လို မြေကြီးကို ပြန်ပြီး ဦးညွှတ်ပြီး ပွင့်ကြတယ်။ ပုံစံအမျိုးမျိုးပဲ။


*****


လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ဒီလိုအချိန်မှာ အခုပန်းခြံကို သူငယ်ချင်းတွေနဲ့ အတူ လာခဲ့ဖူးသေးတယ်။ Osaka ကို ရောက်ခါစပေါ့။ အဲဒီတုန်းက ပန်းတွေ ပွင့်နေတာ သဘောကျပြီး ဟိုနားလည်း ဓာတ်ပုံရိုက်၊ ဒီနားလည်း ဓာတ်ပုံရိုက်နဲ့။ ဓာတ်ပုံ ရိုက်ဖို့လောက်ပဲ စိတ်အားသန်နေတာ။ အခုတစ်ခေါက်ကတော့ ကိုယ့်ပုံချည်းပဲ ကြည့်ရတာ ရိုးနေလို့ ပန်းပုံတွေပဲ များများ ရိုက်ယူခဲ့တယ်။ ပန်းလာကြည့်တဲ့သူ တချို့ လည်း ပဲအမျိုးမျိုး၊ စတိုင်အမျိုးမျိုး ထုတ်ပြီး ဓာတ်ပုံ ရိုက်နေတာလည်း မြင်ခဲ့ရတယ်။ စုံတွဲလာတဲ့ သူကျပြန်တော့ နှစ်ယောက်သား ကိုယ့်ဘာသာကိုယ် ကင်မရာ ပြန်ချိန်ပြီး ဓာတ်ပုံ ရိုက်ယူကြတယ်။ ကိုယ့်အုပ်စုနဲ့ ကိုယ် ပန်းပင်တွေအောက် ထိုင်ပြီး ပန်းကြည့်ရင်း( Hanami -花見) စားသောက်နေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် ချယ်ရီပန်း ကြည့်ပွဲလောက်တော့ ပန်းကြည့်ပွဲ လုပ်တဲ့သူ မများလှဘူး။


ပန်းခြံထဲ လျှောက်ကြည့်ပြီးတော့ ပြန်ခါနီး မက်မွန်ပန်း ဘွန်ဆိုင်းအပင်တွေ ရောင်းတဲ့ဆိုင်မှာ သွားမော့ခဲ့လိုက်သေးတယ်။ အပင်တွေကလည်း ဈေးကြီးလိုက်တာ။ အပင်သေးသေး လက်တောက်လောက်ကလေးကို ဘွန်ဆိုင်းလုပ်ထားတာ ယန်း ၁၅၀၀၊ ၂၅၀၀၊ ၃၅၀၀၊ ၅၀၀၀ အစားစားပဲ။ အပင်ကြီးတွေဆိုရင်တော့ ယန်း သောင်းချီပြီး ပေးရမှာ။ ဈေးကြီးပေမယ့် ၀ယ်တဲ့သူတွေတော့ ၀ယ်နေကြတာပဲ။


*****


ဒီနှစ် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေရယ် အရင်နှစ်မှာ ရုံးက သူငယ်ချင်းတွေ သွားလို့ ရိုက်လာတဲ့ ပန်းပုံတွေရယ် စုပြီး အားလုံး ကြည့်လို့ရအောင် Virtual Tour လုပ်ပြီး ဝေမျှပေးလိုက်ပါတယ်။ အပေါ်က Banner မှာ တင်ထားတဲ့ ပုံကလည်း သူငယ်ချင်းဆီက တောင်းပြီး ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ မက်မွန်ပန်းပုံပါပဲ။




မတ်လ ၃၊ ၂၀၀၉။

22 comments:

Anonymous said...

အိုး ပန်းအရောင်လေးတွေ အစုံနဲ့ သိပ်လှတာပဲ အမနုစံ။ လူပုံလည်း မပါဘူးနော်။ အတွဲပုံလေးလည်းတွေ့တယ်။ ဘန်နာလေးကလည်း လှတယ်။ ညီမတော့ ပန်းခြံဖက်ကို မရောက်ပါဘူးဗျာ။ အဖော်မှ မချိတာ။ အိ အိ အိ။ ငိုသွားတယ်။ အလကားစတာ ပန်းပုံတွေကြောင့် စိတ်ကြည်နူးမိတာပါ။

Taungoo said...

မက်မွန်ပန်းပုံတွေက လှလိုက်တာဗျာ။
အပြင်မှာ မြင်ဖူးချင်လိုက်တာ။
ကြည်နူးစရာကောင်းမှာ သေချာတယ်။

ဇနိ said...

လှလိုက်တာ...

Anonymous said...

မနုရေ ပန်းတွေကလှလိုက်တာ အစ်မရယ် .... ပုံလေးတွေ ရှဲလို့ ကျေးဇူးပဲ နော် အစ်မ

JuneOne said...

တော်တော်လှတယ်။လာလည်ချင်လိုက်တာ ဂျပန်ကို။

JuneOne said...

save လုပ်မယ်နော်။

Anonymous said...

လှလိုက်တာ

Anonymous said...

ပန်းတွေက လှလိုက်တာ ရိုက်တဲ့ အစ်မကလည်းတော်တာကိုးး) ငှက်လေးပါတော့ ပိုပြည့်စုံသွားတယ် မြင်ယောင်ကြည့်မယ် ချစ်ချစ်ကို လက်ကလေးချိတ် ပြုံးပြုံးလေးနဲ့ ကျနော့်အစ်မ ဟီးဟီးး :P

May Moe said...

အခုမှပဲ သေချာမြင်ဖူးတော့တယ် ကျေးဇူးပါ မမနုစံရေ မမနိကတနားပါတယ် ငှဲငှဲ

Moe Cho Thinn said...

ပန်းလေးတွေက လှလိုက်တာ နုရေ။ အရောင်စုံပါပဲလား။ တမျိုးစီလှတာပါပဲ။ အဖြူရောင်မှာ ပန်းရောင် အရိုးအခံလေးနဲ့ အပွင့်တွေတော့ ပိုလှတယ် ထင်မိတယ်။
နှစ်ယောက်တွဲပုံလေးလဲ တင်ပါအုံးလေ။ ဒါမှ ပြည့်စုံတော့မပေါ့။ မက်မုံပန်းလေးတွေကို အိုးဝေမှာတခါ၊ ဒီမှာတခါ ကြည့်ရတာ သိပ်ကြည်နူးတယ်။

မီယာ said...

လှလိုက်တာ... ကံကောင်းလိုက်တာ နုစံရယ် ပန်းတွေ တ၀ကြီး တွေ့ရတာ.. နောက်တခါ နိနိကို ခေါ်သွားလိုက်ပါနော်။

ပုံရိပ် / Pon Yate said...

ပန်းတွေက လှလိုက်တာ။ ပန်းချီဆွဲတဲ့လူလည်း ရှိတယ်နော်။ အဖြူလေးတွေကို ကြိုက်တယ်။

သက်ဝေ said...

ပန်းလေးတွေ အရမ်းလှတယ်နော်...
ဘွန်ဆိုင်းလေးနှစ်ပင် ယူသွားတယ် နှရေ...
ချစ်လို့..

Anonymous said...

မက်မွန်တွေကို မက်မှန်သစ်သစ်နဲ့ တဝကြည့်ပစ်လိုက်တယ်။
အစ်မက ဗဟုသုတကြွယ်ဝတော့ ဖတ်ရတာ
စိတ်ဝင်စားစရာ ကြည်နူးစရာ အပြည့်ပါ...

Anonymous said...

မက်မွန်ပန်းတွေကို
နှစ်သက်တဲ့သူတယောက်ပါ။
ဂျပန်ကို စွဲလန်းတာ
ချယ်ရီရယ်၊ မက်မွန်ရယ်ကြောင့်ပါ။
ဂျပန်ကို ခေတ္တခေါ်ဆောင်သွားတဲ့အတွက်
ကျေးဇူး။

Anonymous said...

အမနုစံရေ မက်မွန်ပန်းတွေအကြောင်းမျှဝေပေးတာ ဗဟုသုတရလို့ ကျေးဇူးပါ၊ ပုံတွေလည်း ရှယ်ဘဲ ။ အယူအဆနဲ့ ရိုက်ချက်တွေက ကောင်းတယ်။

တန်ခူး said...

နုရေ… အဲဒီပန်းလေးတွေကို ဓာတ်ပုံထဲမှာ မြင်ဖူးပေမယ့် မက်မွန်မှန်းမသိဘူး…
အမမျက်စိထဲ တပွင့်ချင်းကြည့်ရင် ချယ်ရီထက်တောင် လှသလိုပဲ…
အဝေးက ကြည့်ရင်တော့ ချယ်ရီက ပိုလှတယ်နော်…
မက်မွန်ဆိုတော့ ပြီးရင် အသီးလေးတွေ သီးမှာပေါ့နော်…
ရှမ်းပြည်က မက်မွန်လို စားလို့ ရလားမသိဘူးနော်…
ဂျပန်မှာ နေရတာ ပန်းလေးတွေရှိနေတာကိုက အတော် စိတ်ချမ်းသာစရာကောင်းနေပြီနော်…
ဘွန်ဆိုင်းလေးတွေ သွားရည်ကျသွားတယ်…

khin oo may said...

လှတယ်။ သိတ်လျတယ်။

Layma said...

မက်မွန်ပန်းရဲ့ ၀တ်ဆံလေးတွေက အသည်းယားစရာကောင်းတ.ယ်..။ အ၀ါရောင် နဲ့  အစိမ်းရောင် အကောင်းက ကြက်တူရွေးတွေလား...အစ်မ..။

Anonymous said...

မနုရေ
အမတင်ထားတဲ့ ပန်းလေးတွေသိပ်လှပြီး
အရမ်းချစ်ဖို့ကောင်းတယ်။

nu-san said...

ကိုဇနိ၊ မဇနိ>> မယ်နိလေး လူပုံပါရင် လန့်သွားမှာစိုးလို့ တမင်မထည့်ထားတာ ညီမလေးရဲ့။ ကိုဇနိ ရေ... နိနိငိုနေပြီ.. :)

Taungoo>> ကိုတောင်ငူရေ.. အမလည်း အခုမှ အပြင်မှာ မြင်ဖူးတာပါ။ အရင်တုန်းကတော့ တရုတ်ကားတွေထဲမှာ မြင်ဖူးတာပဲ။ အင်း.. မိန်းကလေးဆိုတော့လည်း ပန်းပွင့်တာမြင်တော့ ကြည်နူးမိတာပေါ့.. :)

ကြယ်ပြာ>> ညီမလေးရေ.. ပန်းပုံတွေက ကို PZ တို့ ကိုHHW တို့ ရိုက်ထားတာတွေပါ ပါတယ်.. :)

JuneOne>> ကျော့ရေ.. ကြိုက်တဲ့ပုံ ယူသွားနော်.. သားလေး နည်းနည်း ကြီးရင် လာလည်ပါလား.. :)

Subuueain>> ညီမလေးရေ.. လှတယ်ဆိုလို့ ကျေးဇူးပါ။

မောင်မျိုး>> မောင်မျိုးရေ.. ပန်းတွေက အမ ရိုက်တာ မဟုတ်ဘူး.. အမျိုးသားနဲ့ တခြား သူငယ်ချင်းတွေ ရိုက်တဲ့ပုံတွေထဲက လှတဲ့ပုံလေးတွေ ရွေးပြီး တင်လိုက်တာ။ မောင်လေးရေ... မြင်အောင်ကြည့်ရင် လန့်သွားလိမ့်မယ်.. :D

May Moe >> သာမီးရေ.. မမနိကို မနောက်ရဘူးနော်.. :D

မမိုးချိုသင်း>> ၂ ယောက်တွဲပုံတင်ရင် အမ လန့်ပြီး ပန်းတွေကြည့်ရင်း ကြည်နူးနေတဲ့စိတ်တွေ ပျောက်သွားမှာစိုးလို့ မတင်တော့တာပါ အမရေ.. :D

မီယာ>> ဟုတ်တယ် မီယာရေ.. ဒီမှာက ပန်းပင်တွေကို အရမ်းဂရုစိုက်ကြတယ်၊ ပန်းတွေပွင့်ပြီဆိုရင် အများကြီးပဲ... မြင်သမျှ ပန်းပွင့်နေတာဆိုတော့ ပျော်တယ်.. စိတ်ချ.. နောက်တစ်ခါ နိနိ Osaka လာရင် ခေါ်သွားမယ်.. :)

ပုံရိပ်>> ပန်းချီဆွဲတဲ့သူတွေက များသောအားဖြင့် ဘိုးဘိုး ဘွားဘွားတွေ များတယ် ပုံရိပ်ရေ..၊ တချို့လည်း ဓာတ်ပုံရိုက်ကြတယ်။ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း ဘ၀ကို ကုန်ဆုံးနေကြတာ တခါတလေ သူတို့ကိုကြည့်ရင်း အားကျမိတယ်.. :)

မမသက်ဝေ>> မမရေ.. ယူသာသွား အမ၊ အဲဒါ ပန်းခြံက စိုက်ပြီး အလှပြထားတဲ့ ၂ ပင်ပေါ့.. :D

မေအောင်>>မျက်မှန်အသစ်ဖြစ်သွားပြီလား.. ဗဟုသုတ ကြွယ်တာ မဟုတ်ပါဘူး ညီမလေးရေ.. ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ်ရင်း တွေ့မိတာလေးတွေ စုထားတဲ့သဘောပါ.. :)

အပြုံးပန်း>> လာလည်တာ ကျေးဇူးပါနော်။ ဂျပန်မှာ မက်မွန်ပန်းနဲ့ ချယ်ရီပန်းပွင့်ရင် အရမ်းလှတာတော့ အမှန်ပါ.. :)

ကမာနီလာ>> ကိုကမာရေ.. ဓာတ်ပုံတွေကလေ သူငယ်ချင်းတွေ ရိုက်ထားတာလည်းပါတယ်။ အမရိုက်ထားတာတော့ တစ်ပုံမှ မပါဘူး.. :P

မတန်ခူး>> မရေ.. အတူတူပဲ။ ကျနော်လည်း သူတို့အခေါ် ume ပန်းလို့ပဲသိတာ။ မက်မွန်ဆိုတာ dictionary မှာ ရှာရင်းတွေ့လို့ ။ ကျနော်ရောက်ခါစက ချယ်ရီရယ် မက်မွန်ရယ် နောက်တစ်မျိုးရှိသေးတယ် မက်မုံလား မသိ ဒီမှာတော့ မိုမို လို့ခေါ်ကြတယ်။ အဲဒီ ပန်း ၃ မျိုးကို လုံးဝ ခွဲလို့ မရဘူး။ မက်မွန်ရော မက်မုံရော အသီး သီးတယ်။ မက်မွန်က ရန်ကုန်က ဆားငန်သီးလိုပဲ စားကောင်းတယ်။ နောက်မှ အဲဒီအကြောင်းရေးပေးဦးမယ် အမ.. ဆားချက်ချင်နေတာနဲ့ အတော်ပဲ.. :D

မမခင်ဦးမေ>> ဟုတ် အမ..ပန်းတွေ လှတယ်နော်.. :D

လေးမ>> ညီမလေးရေ.. အဲဒီငှက်ကလေးတွေက ဦးလေးကြီးတစ်ယောက်က လက်ထဲထည့်ယူလာပြီး သစ်ကိုင်းပေါ် ချပေးလိုက်တာပဲ။ ငှက်ကလေးတွေကို ဓာတ်ပုံ တဖျတ်ဖျတ် ၀ိုင်းပြီး ရိုက်နေတာ သူတို့က နည်းနည်းလေးတောင် မကြောက်တတ်ဘူး.. အကောင်နည်းနည်းကြီးတာက ကြက်တူရွေးနဲ့ ဆင်တူတယ်နော်။ အဲဒါ မနှစ်က သူငယ်ချင်း ရိုက်ထားတဲ့ပုံ၊ အကောင်သေးတာက ဒီနှစ်မှ ရိုက်ထားတာ။ နှစ်ကောင်စလုံး ကြက်တူရွေး မဟုတ်လောက်ဘူး ထင်ရတာပဲ။ အမလည်း သေချာမသိဘူးရယ်.. အဟီး.. :D

NyiMuYar's Thet Htar >> ညီမလေးရေ.. ပန်းတွေ လှတယ်ဆိုလို့ ကျေးဇူးပါ။ တင်ရကျိုးနပ်သွားတာပေါ့.. လာလည်တာ ကျေးဇူးနော်.. :)

ခွန်မြလှိုင် said...

မက်မွန်ပန်း ကြည့်ချင်လို့ ရှာရင်း အလည်ရောက်ပါတယ် ပန်းအလှပြင်တာ ချစ်တာချင်း တူနေပြန်ရော နောက်လဲ လာလည်ပါမယ်