*****
အမှန်တော့ ရေးလက်စနဲ့ ရေးထားပြီးသား အချောမသတ်ရသေးတဲ့ စာတွေ ကွန်ပျူတာထဲမှာ ရှိနေတယ်။ Blog ပေါ်ကို ပို့စ်အနေနဲ့သာ မရောက်လာတာ။ ရေးလက်စတွေ လက်စ မသပ်ပဲ နောက်မှ ဆက်ရေးမယ်ဆိုပြီး လက်ဖက်နှပ်သလို နှပ်ထားတာ။ လက်ဖက်ဆိုလို့ အခုတလော ဈေးကွက်မှာ ရောင်းနေတဲ့ လက်ဖက်တွေ ထဲမှာ ဆိုးဆေး တွေ့လို့ဆိုပြီး မစားဖို့ တားမြစ်ထားတဲ့စာတွေ သတင်းတွေ ဖတ်ရတယ်။ လောလောဆယ် ကျမဆီမှာ မစားရသေးပဲ ရှိနေတဲ့ လက်ဖက်ထုပ်တွေ ဘယ်လို လုပ်ပစ်ရမှန်းတောင် မသိတော့ဘူး။ ပစ်ရမှာလည်း အဆီတ၀င်းဝင်း စားရမှာလည်း သဲတလျှပ်လျှပ်ဆိုသလိုပဲ။ ဆိုးဆေးတွေ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်လက်ထဲ ရှိတဲ့ တံဆိပ်လေး မပါ ပါစေနဲ့ဆိုပြီး ဆုတောင်းရင်း ရင်တုန်တုန်နဲ့ စာရင်း ဖတ်ကြည့်မိတယ်။ မထူးပါဘူး။ တံဆိပ် အားလုံးလိုလို ပါတာပါပဲ။ ကိုယ်မသိတဲ့ တံဆိပ်တွေတောင် ပါနေသေးတယ်။ အဲဒါတွေကို အခုမှ သိပြီး သတင်းစာထဲ ထည့်ကြော်ငြာတာ အံ့သြလိုက်တာ။ ပြည်တွင်းထဲမှာရော နိုင်ငံခြားက မြန်မာ အများစုကပါ တံဆိပ်ပေါင်းစုံ လက်ဖက်ပေါင်းစုံ စားလာတာပဲ ကြာလှနေပြီ။ ကျန်းမာရေး ၀န်ကြီးဌာနကတော့ စဉ်ဆက်မပြတ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်နေတယ်ပြောတာပဲ။ တတ်နိုင်ဘူးလေ။ ကိုယ်တွေက သူတို့ပြောမှ သိရတာကိုး။ အခုလောက်ဆို လက်ဖက်ထဲမှာ ပါတဲ့ “Auramine O” ဆိုတဲ့ ဆိုးဆေးတွေ ကိုယ့် ကိုယ်ခန္ဓာထဲမှာ ဘယ်လောက်များပြီး အသည်း၊ ကျောက်ကပ်၊ ကင်ဆာ နဲ့ တခြားရောဂါတွေ ဘယ်အချိန် ထ ဖြစ်မလဲတော့ မသိဘူး။ ရှေ့လျှောက် မစားပဲနေရင်တော့ ရမယ်ထင်တာပဲ။ ရှိစေတော့.. ရှိစေတော့ ဗိုက်ထဲ ရောက်နှင့်ပြီးသား ဟာတွေကို ဘာမှ ပြန်လုပ်ယူလို့ မရတော့ဘူး။ Blog အကြောင်း ပြောနေရင်းက မဆီမဆိုင် လက်ဖက်အကြောင်းက ရောက်သွားလိုက်သေးတယ်။ ပြန်ဆက်ဦးမယ်..
ရေးထားတာတွေထဲကပဲ ဖြေးဖြေးချင်း တင်ပေါ့လို့ ပြောရင်လည်း ရတာပဲနော့။ ကျမမှာလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ Blog မှာ စာတင်ဖို့ဆို ကျမရဲ့ အယ်ဒီတာဆီ အရင် တင်ရတယ်။ သူ့ကို အရင် ဖတ်ခိုင်းရတယ်။ သူက မကြိုက်ဘူးဆိုရင် ပြန်ပြင်ခိုင်းတယ်။ ကိုယ်က ၃ မျက်နှာလောက် ရေးထားမှ Blog ပေါ်ကျရင် ၁ မျက်နှာလောက်ပဲ ပါလာတာ။ ကပ်ကြေးစာ မိရတဲ့ အကြောင်းတွေ ကတော့ အစုံပဲ။
“စာထဲမှာ ဒေါသသံတွေ များနေတယ်”
“ဒီစာပိုဒ်က ကိုယ်ရေး ကိုယ်တာ တွေပါနေတယ်”
“အကြောင်းအရာ တစ်ခုကို ရေးနေရင်းက ဘာလို့ နောက်အကြောင်းတစ်ခုကို ချက်ချင်းခုန်သွားရတာလဲ”
“စာက ဖတ်ရတာ မချောဘူး”
“ရေးနေတဲ့စာက အရှေ့နဲ့ အနောက် မညီဘူး၊ လက်ရှိရေးနေတဲ့ အကြောင်းအရာနဲ့ မဆိုင်တာတွေ ပါနေတယ်”
“ကိုယ်က သေသေချာချာ မသိရင် မရေးရဘူး”
“အတင်းပြောသလိုမျိုး သူများအကြောင်း မရေးရဘူး”
စသဖြင့် စသဖြင့်နဲ့ ကျမ ရေးထားတာတွေကို ကပ်ကြေးနဲ့ ကိုက်သလို တဖြည်းဖြည်းချင်း ဖြတ်ပစ်တတ်တယ်။ နောက်ပြီး ကျမ ရေးထားတာ စာမချောရင် အယ်ဒီတာက လုံးဝ မကြည့်ပေးဘူး။ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ပြီး စာချောအောင် ရေးပြီးမှ သူ့ကိုဖတ်ကြည့်ခိုင်းရတယ်။ သူစိတ်ရှည်လက်ရှည် ဖတ်ပြီး စိတ်တိုင်းကျ ကပ်ကြေးနဲ့ ကိုက်ပြီးမှ Blog ပေါ်တင်ရတာ။ ဒါကြောင့် သူလည်း စာဖတ်ပေးဖို့ အချိန်ရမှ၊ ကိုယ်လည်း စာရေးထားတာ အဆင်သင့်ဖြစ်ပြီဆိုမှ ပို့စ်တစ်ခု ဖြစ်လာတာပါ။
Blog မှာ ကိုယ်စိတ်ကြိုက် လုပ်လို့ရတာက Banner တစ်ခုပဲ ရှိတယ်။ ပုံကို ကိုယ့်စိတ်ကြိုက်ရွေးတယ်။ ပြီးရင် ကိုယ့်စိတ်ကြိုက် ဖြတ်ညှပ်ကပ်လုပ်ပြီး Banner အဖြစ်တင်တယ်။ အခုလည်း Banner ကို မက်မွန်ပန်းပုံကနေ ချယ်ရီပန်းပုံ ပြောင်းလိုက်တယ်။ ဒီလကုန်ခါနီးလောက်ဆို ချယ်ရီတွေ ပွင့်တော့မှာမို့ ပန်းပုံ ပြောင်းလိုက်တာ။ အခုတောင် အဖူးတွေ စပြီး မြင်နေရပြီ။ တချို့နေရာမှာလည်း နည်းနည်းချင်းစီ ပွင့်နေကြပြီ။ ပန်းတွေ ပွင့်တော့လည်း ချယ်ရီပန်းကြည့်ပွဲ လုပ်ရဦးတော့
ရေးချင်တာတွေ လျှောက်ရေးနေတာနဲ့ စာက အစီအစဉ်လည်း မကျသလို စာလာဖတ်သူလည်း မျက်လုံးညောင်းနေရောပေါ့။ စာမရေးဖြစ်တာ ကြာလို့ စိတ်ကူးထဲ ပေါ်လာတာတွေ ချရေးမိတာပါ။ ဒီပို့စ်ရေးပြီး ခေါင်းစဉ် ဘာပေးရမှန်းမသိတာနဲ့ မမွန် ရဲ့ Blog က Label စာသားကို ဖတ်မိပြီး သဘောကျလို့ ယူသုံးလိုက်ပါတယ်။
မတ်လ ၁၄၊ ၂၀၀၉။
17 comments:
ရောက်တတ်ရာရာလေးတွေကို ပထမဆုံးလာဖတ်သွားပါတယ် :)
အယ်ဒီတာ့ အာဘော်က မိုက်တယ်း)
ဒါကြောင့် အစ်မစာတွေက ပို့စ်ကျဲပေမယ့် ဖတ်လို့ကောင်းတာဖြစ်မယ် ကပ်ကြေးနဲ့ ညှပ်တယ်တဲ့ ဟိဟိ ဒါလည်းကောင်းတာပဲ အနာဆာကင်းတဲ့ ပစ္စည်းကောင်းလေးရတာပေါ့ဗျ ။ အဆင်ပြေပါစေ အစ်မရေ့ ။
အာ ဘာလို့ပေးဖတ်ရတာလဲ.. သူတို့အကြောင်းတွေ ပါမှာစိုးလို့ဖြစ်မယ်..
တိတ်တိတ်လေးတင်လေ... ဟိ
အမကတော့ ဘယ်တော့မှပေးမဖတ်ဘူး ..
တင်ပြီးမှ လာဖတ်ပဲ.. နို့မို့ အဲလိုပဲ ဟိုဟာမကောင်းဘူး ဒီစာ မထည့်နဲ့ လုပ်မှာ..
မနုစံရေ..
အတူတူပဲ ၀ါဝါလဲ တစ်ခါတစ်လေ စိတ်မပျော်တတ်ဘူး။
ဒီလိုပါပဲလေ..ဖြစ်တတ်ပါတယ်..
ဝါ၀ါလဲ အခုတင်တဲ့ပို့စ်ကို အယ်ဒီတာကြီးဆီ အရင်တင်
ပြရတာပဲ... သူ့အကြောင်းတွေရေးထားလို့လေ..အဟေး
အဆင်ပြေပါစေရှင်။
ဒီတခါတော့ မဇနိမှာလည်း အယ်ဒီတာရှိတယ် ဘာရမလဲ အမနုစံရယ်။ ဘန်နာတော့ အမစိတ်ကြိုက်ပေါ့။ ဒါကြောင့် ပန်းလေးတွေဖြစ်နေတာနေမယ်။ ရောက်တတ်ရာရာလေးတွေလည်း အားတဲ့အခါ ရေးပါအမရယ်။ ချယ်ရီတွေကြည့်ဖြစ်ရင်လည်း အိုဆာကာချယ်ရီပန်းတွေ တင်အုံးနော် အမ။
မနုရေ ...
ဆရာက အယ်ဒီတာလဲလုပ်သလား ... ဟီး ... ထင်ရဘူးနော် ... ဆရာက၀ါသနာပါသားပဲ ...
အမလဲ သမီးလဲ အဲ့လိုပဲ ခုတလောစိတ်တွေကမကြည်ဘူး အစ်မရယ် ... ပို့စ်တွေရေးလိုက်တန်းလန်းဖြစ်လိုက် ... ပြီးရင် ဆက်ရေးဖို့ဖီလင်မလာလိုက်နဲ့ .... လုံးချာလည်လိုက်နေတယ် .... ဘာပဲဖြစ်ဖြစ် ရောက်တတ်ရာရာလေးတွေကလဲ ဖတ်လို့ကောင်းသားပဲ အစ်မ .....
နုရေ..
မမနဲ့ ကျနော်ရေးသလိုသာဆို..
ရီစရာကြီးတွေဖြစ်နေတော့မှာပေါ့..
အခုတလော..စိတ်တွေရှုပ်နေတာတော့ အမှန်ပဲ..
ပေါက်
နုစံရဲ့ ရောက်တတ်ရာရာလေးတွေဖတ်သွားပြီ။ တို့ လည်း လက်ရေနဲ့ ချရေထားပြီး ကွန်ပြူတာရိုက်ရမှာပျင်းနေလို့ ခေါက်သိမ်းထားတဲ့စာမူတွေ(စာရေးဆရာမလေသံနဲ့ ၊အဟိ) တစ်ထပ်ကြီးပဲလေ။ အိမ်က အယ်ဒီတာကမဖတ်မိပဲ အမေဖတ်မိမှာ ဆိုးလို့ ဟိုသိမ်းဒီသိမ်းပဲ။
ပုံရိပ်စာတချို့လည်း အယ်ဒီတာ ကပ်ကြေးစာ မိတယ်။ တခါတလေလည်း ကိုယ်က သဘောမတူရင် ပြန်ငြင်း။ အဲလိုပဲ။ :D
တို့မှာ အယ်ဒီတာမရှိ။တစ်ယောက်ထဲထင်တိုင်းကျဲနေတာ။ဟိ....
အယ်ဒီတာကတ်ကြေးကိုက်တွေပါတွေနဲ့ပါလား အမနုစံရေ။ လက်ဖက်ဆိုလို့ ကျနော်က လက်ဖက်နဲ့ လက်ဖက်ရည်ကြမ်းကိုစွဲစွဲလမ်းလမ်း နှစ်သက်စွာ စားသုံးသူဖြစ်လို့ ဆိုးဆေးတွေဘယ်လောက်တောင်ဝင်သွာြး့ပီလည်းမသိ၊ အင်း..အဲဒါမှ ဒုက္ခ။
သြော်… နုမှာလဲ မမသီတာလို အယ်ဒီတာရှိတာကိုး…
တို့ တွေကတော့ ဖတ်စေချင်တာတောင် အတင်းတွန်းပြီး ဖတ်ခိုင်းရတာ… စိတ်ကို မ၀င်စားတာ… တခါတလေ တကြောင်းလောက် တာဝန်ကျေဖတ်ပြီး ပြီးပြီလို့  ပြောတတ်တာမျိုး.. ကောင်းပါတယ်နုရေ… ကိုယ်ဖန်တီးတဲ့ အနုပညာလေးကို စိတ်ဝင်တစားရှိတာ ကောင်းတာပေါ့… အမ သတိထားမိတာတော့ ရည်မွန်ရိုးရိုးလဘက် စာရင်းထဲမှာ မပါဘူးသိလား… နုတွေးသလို အမလဲတွေးမိတယ်… ဘယ်တုန်းထဲကများ ဒီဆိုးဆေးတွေပါနေတာလဲလို့ လေ… လဘက်က ရိုးရာအစားအစာဖြစ်နေတော့ စိုးရိမ်စရာပေါ့ညီမရယ်… ရောက်တတ်ရာရာလေးကလဲ ဖတ်ကောင်းပါတယ်… ချယ်ရီတွေလှလိုက်တာ…
အယ်ဒီတာရှိတာကောင်းပါတယ်။
ကံကောင်းလိုက်တာ နုစံ.. အမကတော့ ဝေဖန်ရေးနဲ့ပဲ တိုးနေလို့... စိတ်ဓါတ်တောင်ကျတယ်။
နုရေ...
အယ်ဒီတာရှိတာ တမျိုးတော့ ကောင်းပါတယ်။
အမကတော့ တမျိုး.. ကိုယ်ရေးထားတာကို ဟိုပြော ဒီပြောလာပြောရင် မကြိုက်ချင်ဘူး။ ဒီတော့ အမကလဲ သူ့ကို သေသေချာချာဖတ်ဖို့ မပြောမိဘူး။ သူကလဲ တခါမှ တခုတ်တရ တောင်းဖတ်တယ်ဆိုတာ မရှိဘူးလေ...။ အားလုံး ဖာသိဖာသာပဲ...။ ကောင်းဘူးနော်...။
ညီမရေ... အမတွေ့သလောက်တော့ လဘက်စာရင်းထဲမှာ ယုဇန မပါဘူး၊ ရွှေပုဇွန်က ထုတ်တဲ့ ရွှေပုဇွန်ခြောက် ဆိုတဲ့ လဘက်မပါဘူး။
ဘာပဲဖြစ်ဖြစ် တန်ဆေး လွန်ဘေးပေါ့ ညီမရယ်.. ဟုတ်ဖူးလား...။
Subuueain>> ပထမဆုံး လာဖတ်သွားလို့ ကျေးဇူး ညီမရေ.. :)
မောင်မျိုး>> မောင်မျိုးရေ.. တစ်ခါတလေ ညှပ်လွန်းတော့လည်း ဘာမှ မကျန်တော့ဘူး.. :D
မခင်မင်းဇော်>> မရတော့ဘူး အမရေ.. Blog စပြီး ရေးခါစက ဖတ်မယ့်သူ မရှိလို့ သူ့ပဲ အတင်းဖတ်ခိုင်းပြီး လိုတာ ပြင်ခိုင်းရတာ.. အခုနောက်ပိုင်းတော့ အကျင့်ဖြစ်သွားတာ.. အဟီး.. အမက စာရေးကောင်းတော့ အမ PA က အယ်ဒီတာ လုပ်လို့ရဘူးပေါ့.. :)
မ၀ါဝါခိုင်မင်း>> ဟုတ်တယ် မ၀ါရေ.. စိတ်ထဲမှာ မပျော်ရင် စာလည်း မရေးချင်ဘူး... ဘာမှ လည်း မလုပ်ချင်ပဲ အိပ်ယာထဲပဲ ခွေချင်နေတာ.. ဆရာလည်း အယ်ဒီတာ လုပ်တာပဲလား... :D
မဇနိ>> ဒီတစ်ခါတော့ နိနိ ငိုတော့ဘူးပေါ့.. စာများများရေးပြီး ကိုဇနိကို များများ ဖတ်ခိုင်းနော်.. Osaka မှာတော့ ဒီလကုန်ခါနီးလောက် ပန်းကြည့်ပွဲ လုပ်မယ် ပြောတာပဲ ညီမလေးရေ.. သွားကြည့်ဖြစ်ရင် တင်ပေးမယ်နော်.. :)
ကြယ်ပြာ>> ညီမလေးရေ.. ဆရာ့ကို အတင်းဖတ်ခိုင်းတာပါ..(အဟိ.. သူ့အတင်းတုပ်နေတာ.. comment တော့ မဖတ်လောက်ဘူး ထင်ရတာပဲ...) စာရေးချင်တဲ့ စိတ်ပေါ်လာရင် ရေးရတာ ခဏလေးပဲနော်.. စိတ်မ၀င်စားဘူးဆိုရင် ဖြစ်ညစ်ပြီးရေးလည်း စိတ်တိုင်းမကျဘူး.. :)
ပေါက်>> ပေါက်ရေးတာတွေက ရီစရာ မဟုတ်ပါဘူး ပေါက်ရဲ့.. :)
မယုဝရီ>> မမက လက်ရေးနဲ့တောင် ချရေးထားတာနော်.. ကောင်းလိုက်တာ.. ဒါမှ ကိုယ်ပြန်ဖတ်ချင်ရင် အလွယ်တကူ ပြန်ဖတ်လို့ရတာပေါ့.. အမရေ.. Blog ပေါ်မှာ လာသိမ်းပါလား.. ဒါမှ ကျနော်တို့ အမစာတွေ များများဖတ်ရမှာ.. :)
ပုံရိပ်>> ပုံရိပ်ရေ.. ဘ၀တူတွေပေါ့.. အမလည်း ငြင်းလိုက်၊ မဖျက်ချင် ဖျက်ချင်နဲ့ ဖျက်ပေးရလိုက်နဲ့ စုံနေတာပါပဲ.. တစ်ခါတလေလည်း အဲဒီအပိုဒ်လေး ထည့်ချင်လွန်းလို့ ထည့်ပါရစေဆိုပြီး ပြောရသေးတယ်.. :D
JuneOne>> ကျော့ပဲကောင်းတယ်.. :D
ကမာနီလာ>> ကိုကမာရေ.. အယ်ဒီတာ ကက်ကြေးကိုက်တာတော့ ပြောမနေနဲ့တော့.. :D လက်ဖက်ရည် လက်ဖက်ဆိုတာ မြန်မာ့ရိုးရာ အစားအစာပါ.. အခုမှ ဆိုးဆေးပါတယ်ဆိုတော့ ဘယ်လို လုပ်ပစ်ရမလဲနော်... လူတိုင်း စားနေကြတာဆိုတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဆိုးဆေးနည်းတာနဲ့ များတာပဲ ကွာမယ်ထင်တယ်.. အားလုံး အတူတူပဲနေမှာ.. :)
မတန်ခူး>> အမရေ.. သူလည်း စိတ်ဝင်စားလွန်းလို့ မဟုတ်ဘူး အမ။ ကျနော်က Blog မှ မရေးရင်ဒီမှာ မိန်းကလေး အဖော်မှ မရှိတာ။ ဒါကြောင့် သူလည်း ဂိမ်းကစားပြီးချိန် ကျနော်လည်း စာရေးပြီးချိန်ဆို ခဏတဖြုတ်နားရင်း စာဖတ်ပေး ၀ိုင်းပြင်ပေးတာ.. သူ ဂိမ်းဆော့တဲ့ အချိန်ဆိုရင်တော့ No ပဲ.. အဲဒါပဲ အမရေ.. မိန်းကလေးနဲ့ ယောင်္ကျားလေး သဘာဝ ကွာခြားတာတွေပေါ့.. အမပြောတဲ့ လက်ဖက်တံဆိပ် မှတ်ထားဦးမယ်.. ကျနော်က ပင်ပျိုရွက်နုနဲ့ ရွှေတုတ်တံဆိပ်ကို အစားများတာ.. :)
မမခင်ဦးမေ>>မမလည်း ကိုKMSL ကို ဖတ်ခိုင်းပါလား.. :)
မီယာ>> မီယာရေ.. သူက ဝေဖန်ပေးတယ်ဆိုရင် မဆိုးဘူးပေါ့.. ကိုယ်ပြင်ပေးမှ ဖြစ်တာမဟုတ်လား.. အဟိ.. :D
မမသက်ဝေ>> အမရေ.. ကျနော်လည်း သူက ဖျက်ခိုင်းရင် သိပ်မကြိုက်ဘူး။ အဲဒါဆိုရင်တော့ သူနဲ့ ငြင်းခုန်ရတယ်.. ပြီးတော့ တစ်ခါတစ်လေ ကျနော်က စိတ်တိုတဲ့ စိတ်နဲ့ စာရေးမိရင် လာဖတ်တဲ့သူကို အနှောက်အယှက်ဖြစ်မှာစိုးလို့ သူ့ကို တမင်ဖတ်ခိုင်းတာ အမ.. ဒေါသများပါနေမလား။ ကိုယ်ရဲ့ အတွေးကို တခြားသူကရော ဘယ်လို တွေးမလဲ အစရှိသဖြင့်ပေါ့ အမရေ.. (စာကြီးပေကြီးရေးနေတာဆိုတော့လေ.. :P)
ဟုတ်တယ်.. အမပြောမှ သတိထားမိတယ်.. ယုဇန မပါဘူးနော်.. ရွှေပုဇွန်ခြောက်ဆိုတာတော့ မကြားဖူးဘူး အမ... ဟုတ် အမရေ.. တန်ဆေး လွန်ဘေးဆိုတာတော့ အမှန်ပါပဲ.. သတိထား ဆင်ခြင်ရမယ်.. :)
အခုလို ပြင်ပေး ထောက်ပြပေးတဲ့သူရှိတော့ တမျိုး ကောင်းတာပါပဲ နုရယ်။ အမဆိုရင် အဲဒီလို ပြင်ပေးစေချင်လို့ ပို့စ်မတင်ခင် အရင် ဖတ်ခိုင်းလဲ သူက အမြဲ ကောင်းပါတယ် ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေဖန်ရင် မရေးတော့မှာ စိုးရိမ်လို့ တဲ့။ အဲဒီတော့ အမှန် မသိရဘူးပေါ့။
Post a Comment