၂၀၀၇ ခုနှစ် ဇန်န၀ါရီ မှာ ကျမတို့ မြန်မာပြည်ကနေ ဂျပန်ကို ထွက်လာခဲ့တယ်။ တစ်နှစ်တစ်ခါလောက် မြန်မာပြည်ပြန်လည်ချင်ပေမယ့် လေယာဉ်စရိတ် ဈေးကြီးတာရော၊ ရုံးက ခွင့်ယူဖို့ ဘာညာတွေ တွက်ချက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကမှ မြန်မာပြည်ပြန်လည်ဖြစ်ခဲ့တယ်။ ကြားထဲ မပြန်ဖြစ်တာ ၂ နှစ်ကျော်ပေါ့။ ဒီတစ်ခေါက်ပြန်ဖို့အတွက် ရုံးကခွင့်တွေကို တတ်နိုင်သလောက် ချွေတာ၊ ငွေလည်း တတ်နိုင်သလောက် စုဆောင်းပြီး မတ်လလောက်ကတည်းက ပြန်ဖို့ အစီအစဉ်တွေ စခဲ့ရတယ်။
*****
မြန်မာပြည်ပြန်မယ်ဆို ထုံးစံအတိုင်း မြန်မာသံရုံးကို အခွန်အခတွေ ပေးဆောင်ရပါတယ်။ ၁ လ ယန်း ၁ သောင်း အပြင် တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ Passport သက်တမ်းတိုးတာတွေ အတွက်ပါ ပိုက်ဆံအပို လေးတွေ ထပ်ဆောင်းပြီး ပေးခဲ့ရတာပေါ့။ ၂ နှစ်စာဆိုတော့ စိတ်ထဲကပဲ တွက်ကြည့် လိုက်ပါတော့နော်။ ကိန်းဂဏန်းတွေကို ရေးပြနေရင် ရင်ထဲ မချိလွန်းလို့ပါ။ မြန်မာပြည်သံရုံးကိစ္စ ပြီးပြန်တော့ ဂျပန်ဘက်မှာ ထပ်ပြီး visa သက်တမ်းတိုး၊ multiple entry ပြန်လျှောက်နဲ့ အလုပ်တစ်ခါ ထပ်ရှုတ်ရတယ်။ ဒီမှာ visa သက်တမ်းတိုးတာက ၁ ပတ်ကျော်ကျော်လောက်ပဲ ကြာတယ်။ visa သက်တမ်းတိုးခ အတွက် ယန်း ၄၀၀၀၊ multiple entry အတွက် ယန်း ၆၀၀၀ ပေးလိုက်ရတယ်။ ဒီဘက်မှာ ပေးရတာတော့ အဲဒီလောက်ပါပဲ။ အခွန်တွေက လစဉ်ဖြတ်တောက်ပြီးသားဆိုတော့ မြန်မာသံရုံးလို တစ်လုံးတည်း တခဲတည်း ပေးစရာမလိုဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး အဆင်သင့် ဖြစ်ပြီဆိုမှ လေယာဉ်လက်မှတ်ကို စ စီစဉ် ရတယ်။
လေယာဉ်လက်မှတ်က ၁ လ ခွဲလောက် ကြိုပြီး ၀ယ်တာတောင် ကိုယ်လိုချင်တဲ့ ရက်အတိုင်း အတိအကျ မရခဲ့ဘူး။ လက်မှတ်က တစ်ယောက်ကို ယန်း ၈ သောင်း ပေးရပြီး လေယာဉ်ဆီ၊ အခွန်တွေ ထပ်ပေါင်းလိုက်တော့ အသွားအပြန်ကို ယန်း ၁၀ သောင်းစွန်းစွန်း ပေးလိုက်ရတယ်ပေါ့။ ၂ ယောက်ဆိုတော့ လေယာဉ်လက်မှတ်တင် ဒေါ်လာ ၂၀၀၀ နီးပါး တခါတည်းပြုတ်ပါတယ်။ ခရီးသွား Agent ကနေ ၀ယ်တာမို့ သူတို့ကိုတော့ အကျိုးဆောင်ခ ယန်း ၃၀၀၀ အပိုဆောင်း ပေးလိုက်ရတယ်။ ကျမတို့ပြန်ချိန်က ဂျပန်ရဲ့ ပိတ်ရက်ရှည် (Golden Week) နားနီးနေတာကြောင့်လည်း လေယာဉ်လက်မှတ် ယန်း ၈ သောင်း ပေးရတာပါ။ ခရီးသွားနည်းတဲ့ အချိန်တွေ ဆိုရင်တော့ ဈေးပိုသက်သာပါတယ်။ ကျမတို့က သင်္ကြန်အပြီးလောက် ပြန်တာဆိုတော့ Osaka ကနေ Bangkok ကို လေယာဉ်လက်မှတ် သိပ်မခက်ပေမယ့် Bangkok ကနေ ရန်ကုန်ကို လက်မှတ်ရဖို့ ခက်တယ်။
လေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ၂ ဘက်ဆွေမျိုးတွေအတွက် လက်ဆောင် ၀ယ်ဖို့ပြင်ဆင်ရတယ်။ နောက်ပြီး ပြန်ဖို့ အထုတ်အပိုးပြင်ဆင်ရင်း အိမ်မှာလည်း သိမ်းစရာရှိတာ သိမ်းဆည်းခဲ့ရသေးတယ်။ အဲဒီလိုနဲ့ Osaka ကနေ ဧပြီလ ၂၂ ရက် ည သန်းခေါင် ၁၂ နာရီကျော် လေယာဉ် စထွက်ပြီး ဘန်ကောက်အထိကို ၅ နာရီ ခွဲလောက် စီးရတယ်။ လေယာဉ်ပေါ်မှာ Breakfast ဆိုပြီး မနက် ၂ နာရီလောက် အိပ်ယာက အတင်း နိုးကျွေးလို့ စိတ်တိုမိတာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ Bangkok ကို မနက် ၄ နာရီ လောက်ရောက်ပါတယ်။ ဘန်ကောက်အချိန် မနက် ၇ နာရီမှာ ရန်ကုန်ကိုပြန်မယ့် လေယာဉ် ဆက်စီးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်နေတဲ့ ဇောတွေကြောင့် ပင်ပန်းတယ်လို့တော့ မထင်မိဘူး။ သိပ်မကြာခင် ရန်ကုန်ရောက်တော့မှာဆိုပြီး ပျော်တာလည်း ပါတာပေါ့လေ။ ဧပြီ ၂၂ ရက် မနက် ၈း၄၅ မှာ ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။
*****
ကျမတို့ ရန်ကုန်က ထွက်လာတော့ လေဆိပ်အဆောက်အဦးအသစ်က ဆောက်လက်စ ကြီးပါ။ အခုပြန်ရောက်တော့ ဆောက်ပြီးသွားတဲ့ လေဆိပ်အသစ်ကြီးက ဆီးကြိုနေပါတယ်။ ရောက်ရောက်ချင်း အဆောက်အဦးအသစ်ကြီးကို မြင်ရတော့ စိတ်ထဲ အမြင်ဆန်းနေသလိုပဲ။ ဘယ်က ဘယ်လို သွားရမှန်းမသိလို့ သူများတွေ သွားတဲ့နောက် ရောယောင်ပြီး ခပ်သွက်သွက် လိုက်သွားလိုက်ရတယ်။ ပြီးတော့ immigration မှာ ၀င်တန်းစီရတာပေါ့။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ယူလာခဲ့ပေမယ့် immigration နဲ့ custom ကိုတော့ အပေးအကမ်းလေးတွေနဲ့ ထုံးစံအတိုင်း ကျော်ဖြတ်ခဲ့ရတယ်။ စနစ်တွေကတော့ အရင်အတိုင်းပါပဲ ဘာမှ မပြောင်းဘူး။ ၈း၄၅ မှာ ထိုင်းလေယာဉ်ဆိုက်ပြီး immigration မှာ ကျမတို့ စောင့်နေရတုန်းရှိသေးတယ် နောက်ထပ် ၉း၀၀ မှာ MAI စင်ကာပူလေယာဉ်ထပ်ဆိုက်တော့ လူတွေ တန်းစီနေတာ immigration ရော baggage claim လုပ်တဲ့နေရာမှာရော ကျိတ်ကျိတ်တိုးပဲ။ ၁ နာရီနီးပါး စောင့်လိုက်ရပြီးတော့မှ ကျမတို့ရဲ့ ပစ္စည်းထုပ်တွေ ထွက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အထုပ်ကိုယ်ဆွဲလို့ Taxi ငှားပြီး လေဆိပ်ကြီးထဲကနေ ခပ်သွက်သွက် ပဲ ထွက်လာခဲ့တော့တယ်။ မိသားစုက စောင့်နေမှာဆိုတော့ အိမ်အမြန် ပြန်ရောက်ချင်ပြီလေ။
စက်တင်ဘာ ၂၈၊ ၂၀၀၉
12 comments:
အိမ် တစ်ခါ တစ်ခါ ပြန်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော်..
ငွေကုန်..လူပင်ပန်း..စိတ်ပင်ပန်း..
မြန်မာကိုပြန်ရင် စိတ်ပေါ့ပါးစွာနဲ့ ပြန်နိုင်ဖို့
တောင့်တတယ်..
:)
မနေနိုင်မထိုင်နိုင်..တွက်ကြည့်မိပြီး ဆောင်ရတဲ့သူတော့ မသိ။ ဖတ်ရတဲ့သူမှာ အင့်ကနဲ ဖြစ်သွားတယ်။
mm
ဘဏ်ထဲမှာပြောင်တလင်းခါသွားတယ် ကိုယ့်ဘာသာကိုယ်ပြောတာပါ။
ဒီဂျီးဒေါ်ကတော့ မန့်မယ်ဆို ရှေ့ကနေ ကပ်ပြီးဦးဦးသွားတယ် .. ဘယ်လိုတုန်းမသိ... ညလည်းမအိပ်၊ နေ့လည်းမအိပ်.. ဟွင်း..
တီနုရေ.. ဆက်ပါဦး.. ငွေတွေကလည်းကုန်လှချည်လား.. ကိုယ့်ပြည်ကိုယ် တစ်ခါပြန်ဖို့တောင်မလွယ်..
လေယာဉ်ပေါ်မှာ အိပ်စုံမှုန်မွှားဒေါသထွက်နေတဲ့ အန်တီတစ်ယောက်ကို မြင်နေသေးတော့.. ခွိ..
အိမ်ပြန်ရောက်လို့ဂုဏ်ယူပါတယ်ခင်ဗျ။
လေးစားစွာဖြင့်
ဏီ(န်)ကင်း
http://blog.netvirus.net
2 လခစာ တစ်ခါတည်းပြုတ်တယ်။
တန်အောင်လို့ သယ်နိုင်သမျှ အကုန်သယ်ပြီးပြန်လာတယ်။
ရှောက်သီး၊အာဝါးသီး၊ငါးပိ၊ထန်းလျှက်.....
ပြန်တွေ့ရတာ ဝမ်းသာတယ် ညီမရေ...
ရန်ကုန်ခရီးစဉ် နောက်ဆက်တွဲလေးတွေ ဝေမျှပါအုံး...
အမ မပြန်ဖြစ်တာ ၄ နှစ်ကျော်သွားပြီ... :(
ပြန်တိုင်း စိတ်ညစ်ရလို့ ပြန်ရမှာ တကယ် ကြောက်နေတယ် နုစံရယ်။
တို့ လည်းနိုဝင်ဘာမှာတစ်ခေါက်ပြန်ဦးမယ်။ အခုကတည်းက သံရုံးအခွန်ဆောင်လိုက်လို့ ပိုက်ပိုက်တွေစကုန်နေပြီနော်။
တောင်းတိုင်းသာပေးရရင် သူတောင်းစားတွေ အကုန် သူဌေးဖြစ်ကုန်ရောပေါ့
ဆက်ပါအုံး ညီမ။ အခုမှ အင်ထရို ရှိသေးတာ။ လက်ပေါ် မေးထောက်လို့ နားထောင်ဖို့ အသင့်ဖြစ်နေပြီ။ :)
ပေါက်>> ဟုတ်တယ် ပေါက်ရေ.. တခါတခါ ပြန်ဖို့အရေးတွေးရတာ တကယ် စိတ်မောတယ်။ သူများတွေကတော့ “ပန်း”ခင်းသောလမ်းပေါ့။ တို့တွေအတွက်ကတော့ “ယန်း”ခင်းသောလမ်းလို့ပဲ ဆိုလိုက်ချင်တော့တယ်.. :)
mm>> ပေးလိုက်ရတာတွေ တွက်ကြည့်မိရင် သွေးတိုးလာသလိုပဲ.. တတ်နိုင်သလောက် မေ့ချင်ယောင် ဆောင်နေရတယ်.. :D
မမခင်ဦးမေ>> ကျနော့် ဘဏ်လည်း ပြောသလင်းခါတယ် အမ.. အတူတူပဲ.. :)
Craton>> မလွယ်တာတော့ တကယ်မလွယ်တာ Craton ရေ.. အခုရေးပြထားတဲ့အထဲမယ် ဆွေမျိုးသားချင်းတွေအတွက် လက်ဆောင်ဝယ်ထားတာ မပါသေးဘူး ... :(
ဏီ(န်)ကင်း >> လာလည်သွားတဲ့အတွက် ကျေးဇူးပါနော်.. :)
JuneOne>> ကျော့ရေ.. အမလည်း တန်အောင် အကုန်သယ်တာ.. ဒါတောင် လိုချင်တာတွေက များတော့ ဒီကို သိပ်မပါလာဘူး.. လေဆိပ်မှာ ပေါင်ပိုပေးရမယ်ဆိုလို့ တချို့တ၀က် ကျောပိုးအိတ်ထဲ ခွဲသယ်ခဲ့ရသေးတယ်.. အခုတော့လည်း အားလုံးနီးပါး စားလို့ကုန်ပါပြီ ကျော့ရယ်.. :D
မမသက်ဝေ>> ဟယ်.. အမ မပြန်ဖြစ်တာ ၄ နှစ်ရှိပြီလား။ ရန်ကုန် ခရီးစဉ်နောက်ဆက်တွဲရယ်လို့ မဟုတ်ပေမယ့် စိတ်ကူးထဲရှိတာလေးတွေတော့ ဆက်ရေးပေးမယ်နော်.. အမ.. :)
မီယာ>> ဟုတ်တယ် မမီယာရေ.. မပြန်ရတော့လည်း ပြန်ချင်တယ်။ ပြန်ရပြန်တော့လည်း စိတ်ညစ်ရတယ်.. ဒီပြန်ရောက်လာပြန်တော့လည်း တခါ ထပ်ပြန်ချင်ပြန်ရော.. အဲဒါနဲ့ပဲ လုံးလည်လိုက်နေတာနော်.. :)
Home Sweet Home >> နိုဝင်ဘာမှာ ပြန်မှာဆိုတော့ သိပ်မလိုတော့ဘူးနော်.. နောက်လပဲ.. ပျော်စရာကြီး.. စနိုးလေးတော့ ပျော်နေမှာပဲ.. :)
Anonymous>> သူတောင်းစားတွေ သူဌေးဖြစ်မဖြစ်တော့ မသိဘူးရယ်.. တောင်းတိုင်းလည်း ဖြစ်နိုင်ရင် ကိုယ့်ချွေးနည်းစာ လုပ်အားခမို့ မပေးပဲနေလို့ရရင် မပေးချင်ပါဘူး.. မတတ်သာလို့ ပေးနေရတာပါ။ မပေးမချင်း စိတ်ညစ်အောင် အချိန်မကြာကြာအောင် ရစ်တာမျိုးနဲ့ ကြုံ ကြုံနေရလို့....
မမိုးချိုသင်း>> လက်ပေါ်မေးထောက်ပြီး နားထောင်နေမယ့် အမပုံကို မျက်လုံးထဲ မြင်ယောင်လာမိတယ်.. ဟော.. နာ့ အမ အိပ်ငိုက်နေပါလား.. :D
Post a Comment