November 22, 2009

Momiji Season - 2009


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

နိုဝင်ဘာလ ကုန်ခါနီးပြီဆိုတော့ ရာသီဥတုက အေးလာပါပြီ။ အခုရက်အတွင်း ပိုတောင် အေးလာသေးတယ်။ နိုဝင်ဘာ လဆန်းတုန်းက 20 C လောက် ရှိပေမယ့် အခုတလောတော့ 11, 12 C လောက်ပဲ ရှိတော့တယ်။ ရာသီဥတု အေးလာပြီဆိုရင် Momiji အရွက်တွေ အရောင်ပြောင်းတာမို့ ပိတ်ရက်မှာ သွားကြည့်မယ်ဆိုပြီး ရုံးက သူငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ တပတ်ကျော်ကျော်လောက်ကတည်းက တိုင်ပင်ထားခဲ့ကြတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့က Kyoto ၀န်းကျင်ကို သွားဖြစ်ခဲ့ပါတယ်။

*****

အရင်ပို့စ်တုန်းက ပြောခဲ့သလိုပါပဲ အရွက် အရောင်ပြောင်းချိန် (Momiji Season) ဆိုရင် ကျမတို့ ဘက်မှာတော့ Kyoto ၀န်းကျင်တ၀ိုက်က အလှဆုံးပါ။ ဒါကြောင့် ဒီလိုချိန်ဆို Kyoto ကို လာကြတဲ့သူတွေ မနည်းလှပါဘူး။ ရထားတွဲတိုင်း လူအပြည့်ပါသလို Kyoto က နေရာတော်တော်များများမှာလည်း လူတိုးမပေါက်အောင်ပါပဲ။ ကျမတို့ကတော့ အုဂျိ (Uji - 宇治) မှာ ရှိတဲ့ ဗျိုဒိုအင်း (Byodo-In Temple - 平等院) နဲ့ Kyoto မှာ ရှိတဲ့ တိုးဖုခုဂျိ (Toufukuji Temple -東福寺 ) ကို ရောက်ဖြစ်ခဲ့ပါတယ်။


Osaka ကနေ Kyoto ကို သွားမယ်ဆို သွားလို့ရတဲ့ ရထားလိုင်းတွေ အများကြီးပဲ။ ဒါပေမယ့် ကျမတို့ သွားမယ့် နေရာနဲ့ သင့်တော်တာက ကေးဟန်း (Keihan-京阪) ရထားလိုင်းပါ။ Keihan ရထားလိုင်းက တခြား ရထားလိုင်းတွေထက် စာရင် ဈေးလည်း သက်သာပါတယ်။ ဒီအချိန်က Momiji ရာသီ ဆိုတော့ ရထားလိုင်းတွေကလည်း နေရာအလိုက် 1 day ticket တွေ အပြိုင်အဆိုင် ရောင်းကြတယ်။ လက်မှတ်ဈေး ကတော့ နေရာပေါ်မူတည်ပြီး အမျိုးမျိုးပါပဲ။ အနည်းဆုံး ယန်း ၁ ထောင် ကျော်တော့ ပေးရပါတယ်။ 1 day ticket ၀ယ်ပြီး ရထားလိုင်းက သတ်မှတ်ပေးထားတဲ့ နေရာတော်တော်များများ သွားနိုင်မယ်ဆိုရင်တော့ သွားရတာ တကယ် တန် တယ်။ ကျမတို့ကတော့ ရိုးရိုးလက်မှတ်ပဲ ၀ယ်ပြီး သွားဖြစ်ခဲ့တယ်။


Byodo-in Temple

Osaka ကနေ Uji အထိ အမြန်ရထားစီးမယ်ဆို မိနစ် ၄၀ လောက်ကြာပြီး ကြားထဲမှာ ရထားတစ်ခါ ပြောင်းစီးရသေးတယ်။ ခရီးတစ်ခေါက်ကို ယန်း ၄၀၀ ပေးရပါတယ်။ Uji ရောက်ရောက်ချင်း နာမည်ကြီးတဲ့ Byodo-In Temple ကိုပဲ အရင်ဆုံး သွားဖြစ်ခဲ့တယ်။ ဘုရားကျောင်းက Uji ဘူတာကနေဆို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Uji ၀န်းကျင်မှာ Momiji ရွက်တွေ အရောင်ပြောင်းတာ အလှဆုံး အချိန်က နိုဝင်ဘာ လကုန်ခါနီးကနေ ဒီဇင်ဘာလဆန်းလို့ အင်တာနက် Website တချို့က ပြောထားပေမယ့် ကျမတို့ သွားတော့ အရွက်တွေ အရောင်ပြောင်းတာ အရမ်းနည်းပါသေးတယ်။ ဘုရားကျောင်းဝင်းထဲမှာတော့ အရွက်နီနေတဲ့ အပင်နည်းနည်းပဲ တွေ့ခဲ့ရတယ်။ နေ့လည် ၁ နာရီလောက်ကျတော့ ဘုရားကျောင်းနားမှာပဲ နေ့လည်စာ စားပြီး Toufukuji Temple ကို ခရီးဆက်ဖြစ်ခဲ့ပါတယ်။




Toufukuji Temple ကလည်း Keihan ရထားလိုင်းပေါ်မှာပဲ ရှိပြီး Tofukuji ဘူတာမှာ ဆင်းရပါတယ်။ Uji ဘူတာကနေ စီးတာမို့ ရထားခက ယန်း ၃၀၀ ပေးရတယ်။ ဘူတာကနေ ဘုရားကျောင်း ရှိတဲ့နေရာကို ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Tofukuji ဘူတာရောက်တာနဲ့ များပြားလှတဲ့ လူအုပ်ကြီးကို အရင်ဆုံး စမြင်လိုက်တာပါပဲ။ အဲဒီလို လူအုပ်ကြီးမြင်လိုက်ရတော့ ဒီ Temple မှာ Momiji အရွက်တွေ အရောင်ပြောင်းတာပိုများဖို့က သေချာသလောက်ပါပဲ။ နောက်ပြီး ဘူတာကနေ ဘုရားကျောင်းကို ဘယ်လို သွားရမလဲဆိုတာ ဘယ်သူ့မှ မေးနေစရာ မလိုပါဘူး။ ရှေ့ကသွားနေတဲ့ လူအုပ်ကြီးနောက်ကနေ တဖြေးဖြေးချင်း လိုက်သွားလိုက်ယုံပါပဲ။ ဘုရားကျောင်း စ၀င်ကတည်း အရွက်နီနေတဲ့ Momiji အပင်တွေ ကို တွေ့လိုက်ရတယ်။ ဘုရားကျောင်းဝန်းထဲမှာ ရှိတဲ့ အပင်တိုင်းလိုလို အရောင်ပြောင်းနေတာမို့ မြင်ရတဲ့ ရှုခင်းက အရမ်းလှပါတယ်။ ဒါကြောင့် ရှုခင်းကောင်းတဲ့နေရာမှာဆိုရင် လူတိုင်းက ဓာတ်ပုံရိုက် နေကြတာ၊ ရှေ့ကို တော်တော်နဲ့ ခရီးဆက်လို့မရပါဘူး။ ကျမတို့လည်း နေ အလင်းရောင် ရှိတုန်း Momiji အပင်တွေ ရှိတဲ့ နေရာကိုပဲ အဓိကထား လျှောက်ကြည့်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဘုရားကျောင်းထဲတောင် နေရာစုံအောင် မရောက်ဖြစ်လိုက်တော့ပါဘူး။ ညနေ ၄ နာရီကျော်ကျော်လောက်ကျတော့ မှောင်စ ပြုလာတာနဲ့ ဘုရားကျောင်းကနေ ပြန်ထွက်ခဲ့ကြတော့တယ်။


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

ကျမလည်း အရွက်တွေ အရောင်ပြောင်းတာကို ကြည့်ချင်လို့ သွားသာ သွားရတယ် လူအရမ်းများတော့ စိတ်ညစ်ရသလို ဓာတ်ပုံရိုက်လို့လည်း မကောင်းဘူး။ နောက်ပြီး တိုးဝှေ့နေရတာနဲ့ ဟိုလူက တိုက်သွားလိုက် ဒီလူက တိုက်သွားလိုက်နဲ့ လူက ပိုပင်ပန်းသလို ခံစားရတယ်။ ရထားစီးရင်လည်း ထိုင်စရာ နေရာက အလွယ်တကူ မရပြန်ဘူးလေ။ အမြန်ရထားတွေဆို မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်၊ တွဲတိုင်း လူပြည့်သိပ်ကျပ်နေတာပဲ။ ဒါကြောင့် Osaka ပြန်တော့ လူသိပ်မကျပ်တဲ့ Local ရထားစီးပြီးပဲ ပြန်လာခဲ့လိုက်တော့တယ်။ ကျမ ကိုယ်တိုင်ကလည်း ကိုယ်ဝန်နဲ့ဆိုတော့ ထိုင်မစီးရရင် အဆင်မပြေဘူးလေ။ အဲဒါဆိုတော့ အမြန်ရထားနဲ့ မိနစ် ၄၀ လောက် စီးရမယ့် ခရီးကို Local ရထား နဲ့ ၁ နာရီ ခွဲ နီးပါး စီးလိုက်ရတာပေါ့။

*****

ဘာပဲဖြစ်ဖြစ် တစ်နှစ်မှ တစ်ခါ အပင်တွေ အရောင်ပြောင်းတာ ကြည့်ရတာမို့ သွားရတာ တန်ပါတယ် လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ပြန်လာပြီးကတည်းက အနားယူနေရတာ အခုချိန်ထိပဲဆိုပါတော့။ ဒီနေ့လည်း အစိုးရ ရုံးပိတ်ရက်မို့ တော်ပါသေးတယ်။






Tofukuji Temple မှာ ရိုက်ယူလာတဲ့ ပုံတချို့ပါ။ ကင်မရာက သိပ်မကောင်းတာမို့ ဓာတ်ပုံတွေက အလင်းရောင် မကောင်းလှဘူး။

နိုဝင်ဘာ ၂၃၊ ၂၀၀၉။

12 comments:

သက်ဝေ said...

အရွက်တွေ အရောင်ပြောင်းတာကို လာကြည့်သွားတယ် ညီမရေ...
သိပ်၇ှတာပဲနော်...
ညီမရော.. နေကောင်းတယ်မဟုတ်လား....
ကျန်းမာရေး ဂရုစိုက်ပါနော်...
အချိန်နီးရင်လဲ ပြောပါအုံး... ဆုတောင်းပေးနေမယ်...။

လုလု said...

နုစံရေ
အရွက်တွေ အရောင်ပြောင်းတဲ့အချိန်ကို မလုလည်း သိပ်ကြိုက်တာပဲ။
အဲ့ဒီအချိန်မှာ အေးတဲ့ ရာသီဥတုနဲ့ အရွက်တွေရဲ့ အရောင်နဲ့ သိပ်လိုက်ဖက်တယ်လို့ ထင်မိတယ်။
နုစံလည်း ကိုယ်ဝန်နဲ့ဆိုတာ အခုမှ သိရတယ်။ Omedetoo gozaimasu!!!
အစစအရာရာ ဂရုစိုက်ပါနော်။
ချစ်တဲ့
မမလု

Shinlay said...

နုစံ ရေ ဒီမှာလည့်း အရွက်တွေပြောင်းချိန်ဆိုရင်သိပ်လှ
တာပဲ။ ဒါပေမဲ့ မကြာပါဘူး ကြွေကုန်ရော...
နုစံတို့ ဆီကပိုလှတယ်။
ဂရုစိုက်နော်။

PAUK said...

ဒီမှာလဲ အဲ့အရွက်နီတွေရှိတဲ့နေရာကို သွားချင်နေတာ..
အဆင်မပြေဘူး။။
ဒီနေ့တော့ အသိတစ်ယောက် အလုပ်နားပြီး သွားတယ်..။။
ပတ်ရက်မဟုတ်တဲ့နေ့ကိုရွေးသွားတာလေ.။။
မနုစံလဲ ဂရုစိုက်ပါနော့။။

မီယာ said...

တို့လည်း သစ်ရွက်တွေ အရောင်စုံနေတာ ငေးပြီး လမ်းလျှောက်ရတာ ကြိုက်တယ်။ တချို့ အရောင်တွေများ သိပ်လှတာပဲ... ပန်းချီကား တချပ်လို စိတ်ကူးယဉ်လို့ ကောင်းမှ ကောင်း :)

JuneOne said...

လှလိုက်တာ။အလည်လာပြီး ကြည့်ချင်တယ်။

ချစ်ကြည်အေး said...

ညီမ နုစံရေ...မနေ့ကတည်းက လာဖတ်ပြီး ခုမှလာမန့်ရတယ်...အဲဒီအပင်တွေကိုပုံထဲမှာပဲ မြင်ဖူးရတာ...အပြင်မှာကြည့်ချင်လိုက်တာ...နုစံက ကိုဝင်းကြည်နဲ့ပေါ့..(ဟုတ်ပေါင်) ကိုယ်ဝန်ကြီးနဲ့ပေါ့၊ ဂရုစိုက်အုံးနော်...ဘာလေးလဲ သိရပြီလား ???

nu-san said...

မမသက်ဝေ>> နေကောင်းပါတယ် မရေ.. ဟုတ်.. ကျန်းမာရေးလည်း ဂရုစိုက်တယ်... ဒီမှာတော့ အရွက်အရောင်ပြောင်းချိန်ဆို ရှုခင်းတွေက အရမ်းလှတယ် အမ.. :)

လုလု>> မလုပြောသလိုပဲ ဆောင်းဝင်ခါစ မှာ ရာသီဥတု အေးအေးလေးနဲ့ အရွက်တွေ အရောင်ပြောင်းတာ အရမ်းလိုက်ဖက်တယ်နော်.. မလုရေ.. arigatougozaimasu!! ဟုတ် အမ.. ဂရုစိုက်ပါတယ်။ မွေးပြီးမှ အမဆီကို ဓာတ်ပုံပို့ပေးမယ်နော်.. :)

မရှင်လေး>> အမရေ.. ဒီမှာလည်း အရွက်နီတဲ့ အချိန်လေးပဲ လှတာ.. တပတ် နှစ်ပတ်လောက်ပါပဲ... နောက်တော့လည်း ကြွေကုန်တာပဲနော်.. ဂျပန်ကတော့ တကူးတက အလှကြည့်ဖို့ စိုက်ထားသလားတောင် ထင်ရတယ် အမ.. :)

ပေါက်>> ပေါက်တို့ဆီမှာလည်း အရွက်နီနေပြီပေါ့နော်.. လူအရမ်းများရင် သွားလို့ မကောင်းဘူး၊ ဓာတ်ပုံရိုက်လို့လည်း မကောင်းဘူး.. နောက်ပြီး အရွက်ကြည့်ရတာ အေးအေးဆေးဆေး မကြည့်ရသလိုပဲ.. ရုံးဖွင့်ရက် သွားတာ ကောင်းတယ်.. ပေါက်သွားဖြစ်ရင် ဓာတ်ပုံတွေ ပြဦးနော်.. :)

မမီယာ>> ဟုတ်တယ် မရေ... အရွက်နီနေတဲ့ နေရာတွေမှာ တချို့ ဘိုးဘိုးဖွားဖွားတွေဆို အုပ်စုလိုက် ရှုခင်း ပန်းချီဆွဲကြတယ်.. သူတို့တွေ အုပ်စုလိုက်ထိုင်ပြီး ပန်းချီဆွဲနေတာကိုက နောက်ထပ် ပန်းချီကားတချပ်လိုပဲ.. ကြည့်လို့ကောင်းတယ်.. :)

JuneOne>> နောက်နှစ် ဒီလိုအချိန်ဖြစ်ဖြစ်၊ ဧပြီလ ချယ်ရီပွင့်ချိန်ဖြစ်ဖြစ် လာပါလား ကျော့.. အမ တကယ်ဖိတ်တယ်.. သားသားလေးရော နောက်ထပ် junior လေးရော ခေါ်ခဲ့.. :)

ချစ်ကြည်အေး>> အမရေ.. စင်ကာပူကနေ ဒီကို လာလည်ပါ့လား အမ.. နှစ်စဉ် နိုဝင်ဘာ နောက်ဆုံးပတ်နဲ့ ဒီဇင်ဘာ ပထမ ပတ်တွေဆို အရွက်နီတာ ပိုများတယ်.. ရှုခင်းအရမ်းလှတဲ့အချိန်ပေါ့.. ဟုတ်ပါ့ အမရေ.. ကိုဝင်းကြည်နဲ့.. အဟိ... မိန်းကလေး အမ.. :D

Moe Cho Thinn said...

နုရေ
သိပ်လှတဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး အမ သိပ်ကြိုက်တဲ့ Autum in New York ဆိုတဲ့ကားကို သတိရနေမိတယ်။ LA မှာ မေပယ်လ် သိပ်မရှိလို့ ရွက်ကြွေတာ အတော်နည်းတယ်။
နေကောင်းအောင် နေပါ ညီမလေးရေ.. ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်နေပါလေ။ အမေရော ကလေးပါ ကျန်းမာဖို့ ဆုတောင်းပါတယ်။

subuueain said...

နေကောင်းလားမမ ။ အလုပ်ရှုတ်နေလို့ခုမှ ရောက်ဖြစ်တယ် မမရေ။

Unknown said...

I like this blogspot.I want to be your sister.
I want to contact with you with email.
I reached Japan in 2nd Dec,2009.

lonetone said...

ဂျပန်ဆိုင်ရာ ဗဟုသုတရဖွယ်များရေးထားတာကြောင့် စိတ်ဝင်စားလို့ လင့်ခ်ခွင့်ပြုပါ။ အရင်ကလည်း ဖတ်ဖြစ်ပါတယ်။ နောက်လည်း လာလည်ပါမယ်ဗျ။