November 8, 2009

Flower Arrangement - June 16, 2009


ပန်းအလှပြင်တဲ့ ပို့စ်တွေတောင် Blog မှာ မတင်ဖြစ်တာ ကြာပါပြီ။ စာမရေးဖြစ်တဲ့ အချိန်အတွင်း ရုံးမှာ ပန်းအလှပြင်တာ ၂ ကြိမ် လုပ်ဖြစ်ခဲ့တယ်။ ဇွန် လ မှာ တစ်ခါနဲ့ စက်တင်ဘာလမှာ တစ်ခါပါ။ အခုမှ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်ပြီး Blog မှာတင်ဖို့ သတိရမိတယ်။ ဒါကြောင့် ဇွန်လ ၁၆ ရက်တုန်းက လုပ်ခဲ့တဲ့ ပန်းအလှပြင်ထားတာ ကို အရင် တင်ပေးလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့တော့ အကြိမ် ၃၀ မြောက်ဖြစ်ပြီး ကျမအတွက်တော့ ၈ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာ က Summer Floral Arrangement (春のアレンジ) အနေနဲ့ ဆေးစိမ်ထားတဲ့ပန်းတွေ (Preserved Flowers) နဲ့ ပြင်ခဲ့ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ နှင်းဆီပန်း၊ သစ်ခွပန်း၊ Ajisai (Hydrangea) ပန်းခြောက် ၁ ခက်၊ သစ်ရွက်ခြောက် ၁ ခက်၊ ဖော့တုံး (Oasis Foam) ၁ တုံး၊ ဖန်ပန်းအိုး နဲ့ ပန်းအိုးဘေးမှာ အလှထည့်ဖို့ ကျောက်စရစ်သေးသေးလေး (Color Sand) တွေ ပါ။

ပုံ(၁) ပန်းပြင်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေပါ။

စစချင်း ဖော့တုံးကို စက္ကူနဲ့ ပတ်ပြီး ဖန်ပန်းအိုးထဲ ထည့်ပါတယ်။ ပြီးရင် ပန်းအိုးနဲ့ ဖော့တုံးရဲ့ လွတ်နေတဲ့ ဘေးပတ်လည် နေရာတွေမှာ Color Sand ကိုအစိမ်းတစ်ရစ်၊ အဖြူတစ်ရစ်ဖြစ်အောင် စိတ်ရှည်ရှည် နဲ့ ထည့်ယူရပါတယ်။ ပန်းပြင်တာ မကြာပေမယ့် Color Sand ကို ပန်းအိုးထဲ ဖြည့်တာ အချိန်အရမ်းကြာပါတယ်။ Color Sand ကို စက္ကူကန်တော့ထဲ အရင် ထည့်ပြီးမှ ပန်းအိုး ဘေးပတ်လည် နည်းနည်းချင်းစီ လိုက်ညှိပြီး ပြင်ရတာရော၊ ကျောက်တုံး သေးသေးလေးတွေ ဘေးကို လျှံထွက်ကုန်မှာ စိုးရိမ်တာရောနဲ့ အချိန်တော်တော်ပေးလိုက်ရတယ်။

ပုံ(၂) ပန်းအိုးနဲ့ ဖော့တုံး ဘေးပတ်လည်ကို color sand ဖြည့်ထားပြီးသား ပန်းအိုးပါ။

ဒီတစ်ခါက ပန်းအခြောက်တွေနဲ့ ပြင်တာဆိုတော့ ပန်းတွေကို လိုသလို ဖြတ်၊ ဖော့တုံးမှာ စိုက်လို့ရအောင် နန်းကြိုးနဲ့ ပြန်တွယ်ရပါတယ်။ ပြီးမှ နန်းကြိုးမပေါ်အောင် နောက်ဆုံးမှာ စက္ကူတိပ်နဲ့ လိုက်ပတ်ရတယ်။ ပန်းအခြောက်တွေနဲ့ လုပ်တိုင်းမှာ အဲဒီအဆင့်က အမြဲတမ်းပါပါတယ်။ ဒါကြောင့် စစချင်း Ajisai ပန်းခြောက်တွေကို လိုသလောက် ဖြတ်ယူပြီးတော့ နန်းကြိုးမျှင်နဲ့ တွယ်၊ ပြီးတော့မှ အပေါ်က စက္ကူတိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းကတော့ အရိုးတံမာလို့ နန်းကြိုးနဲ့ တွယ်စရာ မလိုပေမယ့် သစ်ခွပန်းရဲ့ အရိုးတံက ပျော့တော့ နန်းကြိုးနဲ့ တွယ်ရပါတယ်။ အားလုံး လုပ်ပြီးသွားတော့ အခုလို ပုံလေး ရလာတာပါပဲ။
ပုံ(၃) Ajisai ပန်းနဲ့ သစ်ခွပန်းကို နန်းကြိုးနဲ့ တွယ်ပြီး စက္ကူကပ်ထားတာပါ။

ပန်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပန်းအိုးထဲမှာ နေရာချပြီး ထိုးစိုက်လိုက်တာပါ။ နှင်းဆီပန်း အစိမ်းရောင် အပွင့်ကြီး ၃ ပွင့်ကို အဓိက ထားပြီး ဘေးက အရောင်ဖျော့ဖျော့ နှင်းဆီနဲ့ သစ်ခွပန်းကို သင့်တော်သလို လိုက်ဖြည့်ထိုးလိုက်တာ။ နောက်ဆုံးမှ သစ်ရွက်အစိမ်းလေးတွေကို လိုသလို ညှပ်ယူပြီး ဘေးကနေ ရံထားလိုက်တာပါ။

ပုံ(၄) နှင်းဆီပန်းနဲ့ သစ်ခွပန်းတွေကို သင့်တော်သလို နေရာချပြီး ပန်းအိုးထဲ ထိုးစိုက်ပါတယ်။

ပုံ(၅) နောက်ဆုံးမှာ သစ်ရွက်ခြောက်အခက်တွေကို လိုသလို ဖြတ်ယူပြီး ဘေးက ရံထား လိုက်တာပါ။

ပန်းတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပြင်ယူကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း မတူဘူးပေါ့။ ဒီအောက်က ပန်းအိုးက ကျမ ပြင်ယူထားတာပါ။ သူများတွေ ပြင်ထားတဲ့ ပန်းအိုးတွေကိုလည်း နမူနာ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပုံ(၆) ဒီပုံက ကျမ ပြင်ထားတဲ့ ပန်းအိုးပါ။

ပုံ(၇-၁)

ပုံ(၇-၂)

ပုံ(၇-၃)

ပုံ(၇-၄) အပေါ်က ပန်းပုံတွေက ရုံးက သူငယ်ချင်းတွေ ပြင်ထားတဲ့ ပန်းအိုးပုံတွေပါ။ ပန်းပြင်ထားတဲ့ ပုံစံတွေ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပန်းပွင့်တွေကို သင့်တော်သလို ပြင်ဆင်ပြီး ပန်းအိုးမှာ ထိုးစိုက်တာက အရင် အခေါက်တွေတုန်းကလိုပါပဲ။ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အခုလို ပန်းတွေကို သင့်သလို အရောင်ရွေးတာ၊ ပန်းအိုးပေါ်မူတည်ပြီး ပန်းရွေးတာ၊ ပန်းအိုးပြင်မယ့် ဒီဇိုင်းက အစ ဆရာမပဲ စီစဉ်ပေးတာမို့ ကျမတို့က ပန်းထိုးစိုက်ဖို့ နေရာချတဲ့ idea လေးပဲ စဉ်းစားလိုက်ရတာ။ ကိုယ့်ဘာသာ ပန်းအိုး နဲ့ ပန်းဝယ်ပြီး ထိုးရမယ်ဆိုရင် ပန်းအိုးရွေးဖို့တို့၊ သင့်တော်မယ့် ပန်းအရောင်ရွေးဖို့က သိပ်မလွယ်ဘူးလို့ အောက်မေ့မိပါတော့တယ်။

နိုဝင်ဘာ ၈၊ ၂၀၀၉။

12 comments:

Thet Nandar said...

လှသည်။ ပန်းအိုးတွေ အကုန်လုံး လှသည်။
ပုံတွေ အားလုံးကို ပုံကြီး ချဲ့ပီး သေချာ ကြည့်သွားသည်။
အုန်းနို့ ကျောက်ကျော လုပ်သလို color sand နဲ့ တစ်လွှာချင်း လုပ်ထားပုံကိုလည်း ထူးထူးခြားခြားမို့ ဦးဦးဖျားဖျား လာလေ့လာသွားပါသည်။
သမီးလေး မေမေ နေကောင်းပါစေ :)

fall leaf said...

အမြင်အေးတယ် မနုစံ..
ပန်းမကြိုက်တတ်တဲ့ ကျနော်တောင် သဘောကျလာပြီ။။
Xထုံ ဆိုတာ မသိရင် မမ ကိုမေးပါ။။

moemoestar said...

ပန်းအိုးလေးတွေက အကုန်လှတယ်နော်...

မြရွက်ဝေ said...

ဒီနေ့နေ့လည်က တီဗီအစီအစဉ်မှာ စာပွဲပေါ်တင်ထားတဲ့ ပန်းအိုးလေးက အမရဲ့ ပန်းတွေနဲ့ အရောင်တူတယ်။ အစိမ်းနုရယ် အဝါနုရယ် ရောပြီးထိုးထားတာ။ ဒီတခါ Preserved Flowersတွေနဲ့ဆိုတော့ အကြာကြီးခံမှာပေါ့။ အိုဆာကာရောက်ရင် ဝင်မ,သွားမှထင်တယ်။:P

ချစ်ကြည်အေး said...

ပို့စ်လေးတွေ လာပြန်ဖတ်သွားတယ်နော်...
အမလဲ ပန်းအလှပြင်တာ ဝါသနာပါတယ်...ပြင်ပြီးရင် ကိုယ့် ဘာသာ တကြည့်ကြည့်နဲ့ လေ..:D

လုလု said...

ပန်းအလှပြင်တာကို အရမ်းနှစ်သက်မိပေမယ့် တစ်ခါမှတော့ စနစ်တကျ မသင်ဖူးဘူးရယ်။ နုစံရဲ့ ပန်းအလှပြင်ပို့စ်လေးတွေဖတ်ပြီး သိပ်အားကျမိခဲ့တာ။ မလုလည်း ပန်းအိုးလေးတွေ ထိုးပေမယ့် သိပ်မလှဘူးလို့ ထင်မိတယ်။ နောက်ဆိုရင် နုစံနားမှာ တပည့်ခံရမယ်။ သင်ပေးနော်။

တန်ခူး said...

ပန်းခြောက်လေးတွေပေမယ့် အစိုလေးတွေ အတိုင်းပဲနော် နု… နှင်းဆီအစိမ်းလေးရယ် သဲအစိမ်းရောင်လေးရယ်က ဟာမိုနီဖြစ်နေတယ်… မျက်စိထဲမှာစိုနေတာပဲ..

Shinlay said...

ပန်းအရောင်စပ်ထားတာ ကျမကြိုက်တဲ့အရောင်လေးပါ။
လှတယ်နော်။
စကားမစပ် ရွှေချည်ထိုးနည်း http://evy-foodlover.blogspot.com/ မှာ တွေ့ ထားပါ
သေးတယ်။

nu-san said...

Thet Nandar's Family>> မမပြောမှ သတိထားမိတယ်..ဟုတ်တယ်နော်.. color sand က အုန်းနို့ကျောက်ကျော လို အလွှာလိုက်ဖြစ်နေတာပဲ... ဆုတောင်းပေးတာ ကျေးဇူးပါ အမ.. :)

ပေါက်>> X ထုံဆိုတာ ဘာကို ဆိုလိုမှန်း အတိအကျတော့ မသိဘူး ပေါက်ရဲ့.. နည်းနည်းတော့ သိသလိုလို ရှိတယ်.. နောက်မှ မမကို မေးရမယ်.. :D

moemoestar>> ဟုတ် မမိုး.. အကုန်လှတယ်.. :D

မြရွက်ဝေ>> ဟုတ်တယ် ညီမလေး.. Preserved flower နဲ့ ထိုးထားတဲ့ ပန်းတွေက အကြာကြီးခံတယ်... ဒါပေမယ့် အရမ်းကြာလာရင်တော့ အရောင်တွေ လွင့်ကုန်တယ်.. အိုဆာကာ ကိုသာ လာလည်ပါလေ.. အလကားပေးလိုက်မှာပေါ့.. :D

ချစ်ကြည်အေး>> မမလည်း ပန်းအလှပြင်တာ ၀ါသနာ ပါတယ်လား.. ၀ါသနာတူတယ်ဆိုတော့ ကောင်းတာပေါ့ အမရဲ့... ဟုတ်တယ်..အမ ပြင်ပြီးရင်လေ ပန်းအိုးကို တသသ နဲ့ ကြည့်မ၀ ရှုမ၀ ဖြစ်နေတာ.. :)

လုလု>> မလုရေ.. ရန်ကုန်မှာ အရင်တုန်းကတော့ ပြည်သူ့ဥယျာဉ်မှာ တပတ်လား မသိဘူး... သင်တန်းရှိတာ ကြားဖူးတယ်.. အခုရှိသေးရဲ့လားတောင် မသိတော့ဘူး.. ကျနော်လည်း စနစ်တကျ မသင်ဖူးဘူး.. အခုတောင်လေ ရုံးက လုပ်ဖြစ်လို့ လိုက်လုပ်ကြည့်ဖြစ်တာ.. မလု သင်ချင်တယ်ဆို သင်ပေးမှာပေါ့.. မလုက ဟင်းတွေ ချက်ကျွေး၊ ကျနော်က ပန်းအလှပြင်တာ သင်ပေးမယ်လေ.. ကောင်းဘူးလား.. :D

မမတန်ခူး>> ဟုတ်တယ် အမ.. ဒီပန်းအိုးအတွက် အရောင်စပ်ထားတာ မျက်စိအေးတယ်နော်.. ပန်းအလှပြင်တာလည်း ပညာပါသလို ပန်းအရောင်ရွေးတာလည်း ပညာပါတယ်.. ကျနော်ဆို အဲဒီလို လိုက်ဖက်အောင် အရောင်မရွေးတတ်သေးဘူး... :)

မရှင်လေး>> မမရေ.. လှတယ်ဆိုတော့ ကျေးဇူးတင်ရတဲ့အပြင် နည်းနည်းတောင် မြှောက်ချင်လာတယ်.. ရွှေကြည်ထိုးနည်းအတွက်လည်း ကျေးဇူးပါ အမ.. ကြိုးစားကြည့်လိုက်ဦးမယ်.. :)

Crystal said...

တနေ့ကျရင် ပန်းအလှပြင်တဲ့ လုပ်ငန်းလုပ်ဖို့ ရည်ရွယ်ထားတယ် အစ်မရေ။

ကျော်နှင်းဆီလွင် said...

မရေ
လည်လည်လာရင်း ပန်းအိုးကလေးသိပ်ကိုmodernizeဖြစ်ပြီးယဉ်တာမို့အလွန်သဘောကျသွားကြောင်းပါ။
これからも宜しくお願いしますね。

Anonymous said...

မြန်မာမှာတော့ ပန်းအလှပြုပြင်ရေးကအားနည်းနေသေးတာမို့များများလေး
ရေးပေးစေချင်ပါသည်။
ငြိမ်းစိုးဦး