November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။

22 comments:

PAUK said...

ကျနော်လဲ တူတူပဲ..
planတွေဘာတွေ ချလေ့မရှိတော့..
ရှေ့ရေးကို သိပ်မတွေးမိဘူး..
မနုစံ...
ပျောက်နေတယ်လို့တော့ ထင်သားး..
ကိုယ်ဝန်နဲ့ ဆိုတော့ နားနားနေနေ နေတာပဲကောင်းပါတယ်လေ။။
ဝမ်းသာတယ်...
အရာရာ အဆင်ပြေပါစေ...

khin oo may said...

ဝမ်းသာတယ်ညီမ
အားလုံးအဆင်ပြေပါစေ။

Moe Cho Thinn said...

မင်္ဂလာသတင်းပါလား ညီမရေ..
နောင်လာမဲ့ အနှစ် ၂၀ မှာ ပန်းလေးတပွင့် လှလှပပ ပွင့်ဖို့၊ လောက ကို အလှဆင်ဖို့ ပြုစု ပျိုးထောင်ကြမဲ့ ဖေဖေ မေမေ အသစ်စက်စက်လေးတွေကို ကြိုဆိုပြီး အကောင်းဆုံး ဆုမွန်တွေ တောင်းပေးလိုက်ပါတယ်။
လိုရာဆန္ဒများ ပြည့်ပါစေ။

ThuHninSee said...

:)
သမီးလေးလား ၀မ်းသာလိုက်တာ။
ချယ်ရီနုစံလေးပေါ့။

သက်ဝေ said...

ညီမရေ...
ဝမ်းသာလိုက်တာ... အရမ်း ပျော်နေကြမှာပဲနော်...
ညနေကပဲ အမပိုစ့်အဟောင်းတွေက Comments တွေ ပြန်ဖတ်ရင်း ကလေးတွေနဲ့ ပတ်သက်တဲ့ ပိုစ့်တခုမှာ ညီမရေးထားတာလေးတခုတွေ့လို့ သတိရနေသေးတာ...

http://thet-wai-blog.blogspot.com/2008/11/blog-post_06.html ပိုစ့်မှာ ညီမရေးသွားတာလေးလေ...။

"မသက်ဝေ.. ကလေးတွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ကိုယ်တိုင်လည်း တချိန်မဟုတ် တချိန် ကြုံတွေ့ရမှာမို့ သေချာဖတ်နေတယ် အမ (မုန့်ဆီကြော်တော့ မရှိသေးဘူး... အဟီး.. )"

အခုတော့ မုန့်ဆီကြော်လေး ရှိသွားပြီပေါ့... :D

ချစ်ညီမ နုစံတို့ နှစ်ယောက်... ကျန်းမာပြည့်စုံပြီး လိမ်မာယဉ်ကျေးတဲ့ ချစ်စဖွယ် သမီးလေးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းတယ်နော်...

Anonymous said...

မသက်ဝေက သားရှင်လားမသိ။ ချက်ချင်း ရောက်လာပုံထောက်တော့ အဟိ
(စိတ်မဆိုးကြနဲ့နော်..စတာပါ)
mm

pandora said...

ဝမ်းသာစရာ သတင်းကောင်းပါပဲ မနုစံ
နောက်လာမယ့် အနှစ် ၂၀ မှာ ချစ်စရာရင်သွေးလေးနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ မိသားစုလေး ဘ၀ခရီးမှာ ဆက်လက်ပြီး အတူလျှောက်လှမ်းနေကြမှာကို မြင်ယောင်လိုက်ပါတယ်။

~ဏီလင်းညို~ said...

ဝမ်းသာပါတယ်ခင်ဗျာ...
တစ်ကယ်ပြောတာပါ....
စားစရာအကြောင်းတွေစောင့်နေပါတယ်...
ရေးပါဦးခင်ဗျ...

moemoestar said...

မင်္ဂလာသတင်းလေးပါ...
မနုနဲ့ ထပ်တူဝမ်းသာပါတယ်...
ပျော်ရွှင်ကြည်နူးစရာ၊ရင်ထိတ်စရာတွေနဲ့ 
ကိုယ့်ရဲ့ ကိုယ်ဝန်ဆောင်ကာလလေးကိုတောင်
ပြန်သတိရသွားတယ်...

Thet Nandar said...

ဂုဏ်ယူပါတယ် နု-စံ .....
သမီးလေးရော မေမေပါ ကျန်းမာပါစေ။
အောင်မြင်ချောမောစွာ မွေးဖွားနိုင်ပါစေ။
နောက်အနှစ် နှစ်ဆယ်အတွင်းမှာလည်း ထူးချွန် ထက်မြက်တဲ့ နု-စံ သမီးလိမ္မာလေး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ပုံရိပ် / Pon Yate said...

မနုစံရေ ၀မ်းသာစရာကြီး။ မိန်းကလေးပေါ့။ မကြာခင် သမီးလေးရောက်လာတော့မှာပဲ။

Anonymous said...

Nu,

I am also happy to hear for baby.


thamudaya

JuneOne said...

ဝမ်းသာလိုက်တာ။သူများ လည်းသမီးလေးလိုချင်တာ။
ကျန်းမာရေးကို ဂရုစိုက်ပါနော်။တို့မှာလည်းအခု နောက်တစ်ယောက်။ဟိဟိ။

subuueain said...

မင်္ဂလာပါမမ။ အစစအဆင်ပြေပါစေနော် :-)

မြရွက်ဝေ said...

အမသမီးလေးအတွက် နာမည်ကူစဉ်းစားပေးမယ်နော်။ မနေ့ကတောင် စာဖတ်နေရင်း စိတ်ကူးပေါက်ပြီး စာရွက်နဲ့ လျှောက်ရေးကြည့်နေသေးတယ်။ :D

မီယာ said...

နုစံရေ ၀မ်းသာလိုက်တာ... သမီးလေးဆိုလို့ ပျော်နေမှာပဲနော်... မမွေးဖွားသေးတဲ့ သမီးလေး အတွက် မေတ္တာ အပြည့်နဲ့ ပြင်ဆင်နေတဲ့ နုစံတို့ နှစ်ယောက်ကို မြင်ယောင်ပြီး ကြည်နူးနေမိတယ်

့်Home Sweet Home said...

ဝမ်းသာပါတယ်အမ nu-san ရေ။ အင်္ဂုလိမာလသုတ်ကိုကျက်ထားနော် တိုတိုလေးဘဲ ဘာမှမခက်ဘူး။မေတ္တာသုတ်ကိုတော့နေ့ တိုင်းရွတ်နော်အနက်ကိုပါစိတ်ကရည်မှန်းပေါ့ ။ ကျွန်တော့် တုန်းကတော့ မထူးပါဘူးဆိုပြီးတော့ မင်္ဂလသုတ်၊မေတ္တာသုတ်၊ ရတနာသုတ် ကောတစ်ခါတည်းကြည့် ပြီးရွတ်လိုက်တယ်စာမျက်နှာချင်းကဆက်နေတယ်ဆိုပြီးတော့ ။

Anonymous said...

Nu-san,

Very glad to hear the good news. Wishing you all the best!!!

Thyda

တန်ခူး said...

တက်ဂ်ထားသူက နောက်ကျမှ ရောက်လာပေါ့ နု ရေ…
ဒီဝမ်းသာစရာသတင်းလေးကို စသိရကတည်းက စိတ်ထားငြိမ်းချမ်းအေးမြတဲ့ ညီမလေးအတွက် ၀မ်းသာမိနေတာ…
ကျန်းမာရေးဂရုစိုက်… စိတ်ချမ်းသာစရာလေးတွေတွေး… တရားထိုင်… နားနားနေနေနေ ညီမရေ…
မကြာခင်ရောက်လာတော့မယ် ရတနာလေးအတွက် တို့ တွေကလည်း အဝေးကနေ ရင်တွေခုန်လို့ … ဓာတ်ပုံလေးမပြရင်တော့ စိတ်ဆိုးမှာပဲ ခမည်းခမက်(အဲ…ဟုတ်ပါဘူး…) မီးမီးလေးမေမေရေ….

khin oo may said...

တို့မှာလဲ တူနစ်ယောက် အလိမ်မာလေးတွေရှိပါတယ်။ (ဝင်တန်းစီသွာားသည်)

Anonymous said...

Hi Ma,

Congratulation!

I am very glad to hear for your news.

Take Care.

I also got one and only nephew, now 3 years aleady, just nice for junior ma nusan. :D

chitlaypyay

nyeinsoeoo said...

ခလေးကို ဖွားပြီးပြီထင်ပါတယ်။မိဘများနှင့်အတူကျန်းမာကြပါစေ။နောင်အနှစ် နှစ်ဆယ်မှာ ... ဘာပဲဖြစ်ဖြစ်ပါ ... မိမိရဲ့စောင့်ရှောက်မှုကိုကျေနပ်ရင် ... ဒါပါပဲ။