November 18, 2007

မြန်မာ့ စာပို့စနစ်

“ဂျပန် စာပို့ စနစ်” ဆိုတဲ့ ပို့စ်ကိုရေးပြီး ကျမတို့ မြန်မာပြည်ရဲ့ စာပို့စနစ် ကိုရေးဖို့ အခွင့်ကြုံလာပါတယ်။ စိတ်ရင်းနဲ့ပြောရရင် ဒီပို့စ်ကို ကျမ ရေးချင်စိတ်မရှိပါဘူး။ ဘာလို့လည်းဆိုတာ ဒီပို့စ်လေး ဆုံးအောင် ဖတ်ပြီးရင် နားလည်ပါလိမ့်မယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့သူ တော်တော်များများဟာ လက်ရှိနေထိုင်ရတဲ့ နိုင်ငံရဲ့ အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေ ကြုံလာတိုင်းမှာ ကိုယ့်အမိနိုင်ငံနဲ့ ယှဉ်ပြီး သတိတရ တွေးမိ တတ်ကြပါတယ်။ ကောင်းတဲ့ စနစ်၊ ကောင်းတဲ့ အကျင့်လေးတွေ မြင်ရင် “ငါတို့ နိုင်ငံမှာလည်း အဲလိုဖြစ်ရင် ကောင်းမယ်” ဆိုပြီး စိတ်ကူးမိသလို၊ မကောင်းတဲ့ စနစ်၊ အကျင့်တွေ နဲ့ ကြုံလာရင်လည်း “ဟင်း.. ငါတို့ နိုင်ငံမှာဆိုရင် အဲလိုမဟုတ်ဘူး” ဆိုပြီး အမြဲတမ်း ယှဉ်တွဲ စဉ်းစားလေ့ရှိပါတယ်။ ဒါဟာလည်း ကျမအယူအဆ တစ်ခု သက်သက်ပါပဲ။ လူတိုင်းအတွက်တော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

၂၀၀၅ ခုနှစ်ကစပြီး ကျမ မြန်မာပြည်ရဲ့အပြင်ဘက်ကိုရောက်ခဲ့ရတယ်။ အိမ်ကို ကိုယ့်အတွက် အလုပ်ပိုမှာလည်း စိုးတယ်၊ ၀န်ပိမှာလည်း စိုးတဲ့အတွက် စာတိုက်ကနေ ဘာပစ္စည်း၊ ဘာစာမှ မပို့ခိုင်းခဲ့ပါဘူး။ ကျမနဲ့အတူနေ သူငယ်ချင်းတွေဆီကို သူတို့အိမ်က စားစရာ ပစ္စည်းဖြစ်ဖြစ်၊ စာဖြစ်ဖြစ် ရောက်လာတိုင်း ကျမ ၀မ်းနည်းခဲ့ရပါတယ်။ သူငယ်ချင်းတွေလိုမျိုး ကိုယ့်အိမ်က စာများရောက်လာမလား၊ အစားအစာများ ရောက်လာမလားဆိုပြီး မသိစိတ်က မျှော်လင့်မိတတ်ပေမယ့် တကယ်တမ်းမှာတော့ ကျမရဲ့ မိသားစုကို တစ်ခါမှ ပစ္စည်းပို့ပေးပါလို့ မမှာခဲ့ဖူးပါဘူး။ နေရမှာလည်း တစ်နှစ်တည်းမို့ စားချင်တာရှိရင်လည်း တိုကျိုကိုပဲ လှမ်းမှာပြီး အိမ်ကိုတော့ ဒုက္ခ မပိုစေခဲ့ပါဘူး။

အခု တစ်ခေါက် ဂျပန်ကို ပြန်ရောက်လာတော့ ကျမရဲ့ ယောင်းမနဲ့ မတ်က “အမ ဘာလိုချင်လဲ၊ ဘာပို့ပေးရမလဲ”လို့ စာရေးတိုင်း၊ ဖုန်းဆက်တိုင်းပြောလာတာနဲ့ မတ်တော်မောင်ကို ဖတ်စရာ စာအုပ်ပို့ပေးပါဆိုပြီး ကျမခင်ပွန်းကတဆင့် ပြောခိုင်းလိုက်တာ၊ သိပ်မကြာပါဘူး မဂ္ဂဇင်း နဲ့ စာအုပ် စုစုပေါင်း ၃ ထုပ် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါလေရော.. စိတ်ထဲမှာလည်း တွေးမိတာပေါ့.. “ကောင်းလိုက်တဲ့ စာပို့စနစ်။ မြန်မာပြည်လည်း မဆိုးပါဘူး။ တို့နိုင်ငံက စာတိုက်ကြီးလည်း လုပ်ပေးရှာသား။ ပိုက်ဆံပေးရတာတော့ ပေးရတာပေါ့။ ဒီလိုလေးတွေ မကြာခဏ ရောက်လာတာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ရပါတယ်..” လို့ စိတ်က ချီးကျူးမိပါသေးတယ်။ ပိုက်ဆံပေးရပေမယ့် မြန်မာပြည်က ပို့လိုက်တဲ့ ပစ္စည်းလေးတွေ မြင်ရတော့ ပျော်လည်းပျော်တယ်။ မြန်မာစာအုပ်၊ မဂ္ဂဇင်းတွေ မြင်ရတော့ မြန်မာပြည် ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရတာ မငြင်းပါဘူး။ အဲဒီ စာအုပ်ထုပ်တွေက ကျမကို ပျော်ရွှင်မှုတွေ ဖြစ်စေတာ ၂ ရက် ၃ ရက်လောက်အထိအောင်ပါပဲ။ စာအုပ်တွေ မဂ္ဂဇင်းတွေ တကိုင်ကိုင်နဲ့ မျောက်အုန်းသီး ရသလို လက်က ကို မချချင်တော့ဘူး။ ဒီကြားထဲ ယောင်းမကလည်း သူနိုင်သလောက် စားစရာ အထုပ်လေးတွေ၊ ဂျာနယ်ထုပ်တွေကို မကြာမကြာ ပို့ပေးတတ်တော့ ကျမလည်း ကျမရဲ့ မိဘ ၂ ပါးနဲ့ မောင်လေးကို ဒီအကြောင်းတွေ ပြောပြမိရင်းက ဇာတ်လမ်းစလာတော့တာပါပဲ..

ယောင်းမနဲ့ မတ်တော်မောင်ကို နမူနာထားပြီး ကျမ မောင်လေးကို စကားနာထိုးမိတာပေါ့။ “ညီညီ.. သူစိမ်းက ငါ့ကို ပစ္စည်းတွေ စားစရာတွေ ပို့ပေးတယ်၊ နင်ကတော့ ငါ့ဆီက မုန့်ဖိုးပဲ တောင်းနေတော့တာပဲ”လို့ ပြောမိတော့ မောင်လေးက “နင်ဘာလိုချင်လဲ၊ ငါပို့ပေးမယ်လေ.. နင်လိုချင်တဲ့ ပစ္စည်းစာရင်းတွေသာ ငါ့ဆီလှမ်းပို့လိုက်လို့” ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ရန်ကုန် စာတိုက်ကြီးရဲ့ ပစ္စည်းပို့ခ ဈေးနှုန်းကို အရင် စုံစမ်း တော့တာပေါ့။ ၁ ကီလိုဆိုရင် ၂၆ ဒေါ်လာ၊ ၂ ကီလိုဆိုရင် ၃၇ ဒေါ်လာ၊ ၃ ကီလိုဆိုရင် ၄၆ ဒေါ်လာ.... ၁၀ ကီလိုအထိ အများဆုံးပို့လို့ရပြီး ၁၀ ကီလိုဆိုရင် ဒေါ်လာ ၁၂၀ ကြပါတယ်လို့ပြောပါတယ်။ ( ဒေါ်လာဈေးက အတိအကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်.. ဈေးကတော့ အဲဒီဝန်းကျင်ပါပဲ.. မှားရင်လည်း ခွင့်လွှတ်ပါ.. ) ပစ္စည်းပို့ခ ဈေးနှုန်းကို ကြည့်ရတာ များများပို့ရင်တန်တဲ့သဘောရှိတယ်။ ကျမလည်း ရန်ကုန်ကို ပိုက်ဆံလွှဲတော့ ငွေပိုလွှဲရင်း မှာချင်တဲ့ ပစ္စည်းစာရင်းတွေပါ တခါတည်း ထည့်ပေးလိုက်တာပေါ့။

မှာလိုက်တဲ့ ပစ္စည်းတွေကလည်း များ၊ အိမ်ကလည်း စေတနာတွေပိုပြီး ထည့်ပေးလိုက်တာ တကယ်တမ်း စာတိုက်မှာ ချိန်ကြည့်တော့ ၉ ကီလို နီးပါးရှိတာနဲ့ ၁၁၁ ဒေါ်လာ ပေးလိုက်ရတဲ့အပြင် စာတိုက်ကြီးက ၀န်ထမ်းကိုလည်း မြန်မာငွေ ၆၀၀၀ ကျော်လောက် ရှင်းလိုက်ရတယ်လို့ မောင်လေးက ဖုန်းဆက်တော့ ပြောလာပါတယ်။ ကျမလည်း ဒေါ်လာ ၁၁၁ ဆိုတော့ မျက်လုံး ပြူးသွားပေမယ့် “အို.. ဘယ်တတ်နိုင်ပါ့မလဲ၊ အိုဆာကာကနေ တိုကျိုမှာရင်လည်း အဲလောက်ပေးရမှာပဲ၊ ဒီမှာဆိုရင် ပစ္စည်းတွေက သေချာရွေးတတ်မှ ရမှာ၊ နို့မို့ဆိုရင် ဒိတ်အောက်တာတွေ ပါလာရင်ဒုက္ခ”လို့ ကိုယ့်ကိုယ် ကိုယ်ဖြည့်တွေးရင်း အိမ်က ရောက်လာမဲ့ ပစ္စည်းတွေကို မျှော်တာပေါ့။ မျှော်ယုံတင် မျှော်ရင်တော့ အကြောင်းမဟုတ်ပါဘူး။ ကျမကိုယ်တိုင်က ရန်ကုန်က ပို့လိုက်တဲ့ ပစ္စည်းတွေ ရောက်လာရင် အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ဆို တအားများနေမယ်ဆိုပြီး လက်ထဲရှိတဲ့ ဇီးထုပ်တွေ၊ စားစရာ လက်ကျန်တွေကို အပြတ်ရှင်းထားလိုက်တာပေါ့.. ဘယ်ရမလဲ.. ပစ္စည်းတွေက နောက်တစ်ပတ် ထပ်ရောက်လာတော့မှာလေ.. ဟုတ်ဘူးလား။

ပစ္စည်းတွေ ရောက်တာတော့ စာပို့သမားက ထုံးစံအတိုင်း ည ၇ နာရီခွဲလောက်မှာ စက္ကူပုံးကြီးကိုင်ပြီး ၀င်လာပါတယ်။ ကျမ မျက်စိထဲမှာဖြင့် သူသယ်လာတာ စက္ကူပုံးလို့ မမြင်ဘူး။ ရွှေအိုးသယ်လာတယ်လို့ ပဲ မြင်တယ်။ ကျမကို ပိုတယ်လို့ပဲ ဆိုကြပါတော့။ ဟုတ်တယ်လေ.. ကျမ စားချင်တာတွေ မှာထားတာတွေ၊ အမေရဲ့ သားသမီး အပေါ်မှာရှိတဲ့ စေတနာ၊ မေတ္တာတွေဟာ အဲဒီပုံး ထဲမှာရှိနေတာကိုး။ ဒီမှာပိုက်ဆံရှိရင်တောင် ၀ယ်လို့မရနိုင်တဲ့ အရာတွေပေါ့။ ကျမအတွက်တော့ “ရွှေ” ထက်ကို အဖိုးတန်တယ်။ အမေ ကိုယ်တိုင်ကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်၊ ပုဇွန်ခြောက်ကြော်၊ ကျမ ကြိုက်တတ်မှန်းသိလို့ ၀ယ်ထည့်ပေးလိုက်တဲ့ အချဉ်ထုပ် မျိုးစုံ၊ လက်ဖက်၊ ဆေးပေါင်ဒါ.... ဒါတွေကို ကျမအခု ရတော့မယ်။ ဘယ်လိုစားပစ်လိုက်မယ်၊ ဘာလုပ်ပစ်လိုက်မယ်ဆိုပြီး စိတ်ကူးလည်း ယဉ်လိုက်ရသေးတယ်။

စက္ကူပုံးကြီးကို မပြီး ကျမ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေတာကို အမျိုးသားက “ကဲ.. ကဲ.. ပစ္စည်းရလာပြီ။ မင်းလိုချင်တာတွေ ပါလာပြီးလားဆိုတာ ကြည့်ပေတော့” ဆိုပြီး စက္ကူပုံးကို ဖွင့်ဖောက်ပေးပါတယ်။ ကျမလည်း ပစ္စည်းတွေ တခုချင်း ထုတ်ကြည့်ရင်းက “အမေက ကျမ မမှာတာတွေရော ထည့်ပေးလိုက်တာကိုး။ ဟင်.. ကျမ မှာထားတဲ့ ချဉ်ပေါင်ကြော်လည်း မပါပါလား၊ အို... ဇီးထုပ်တွေလည်း မပါဘူးတော့.. အင်း.. အမေ ပစ္စည်းတွေ များလို့ မထည့်ပေးလိုက်နိုင်ဘူးနဲ့တူတယ်။ ငါးခြောက်တွေ ပုဇွန်ခြောက်တွေကတော့ အများကြီးပဲ။ ပရုပ်လုံး အထုပ်လေးတောင် ပါလိုက်သေး။ အမေကတော့ အဲလိုကို သေချာတာ။ ဒီမှာကြည့်တွေ့လား.. ”ဆိုပြီး ခင်ပွန်းဖြစ်သူကိုလည်း လှမ်းကြွားရင်းပေါ့လေ.. ။

ကျမက Allergic ရှိတော့ အေးလာရင် အသားက ယားတတ်တဲ့အပြင် ကျောကုန်းမှာ အဖုသေးသေးလေးတွေရှိလို့ လူးရအောင် အမေက တရုတ်ဆေးနီမှုန့်လေးတွေ ထည့်ပေးလိုက်တယ်ပြောတယ်။ ဆေးနီမှုန့်ရှာအုံးမှပဲဆိုပြီး စက္ကူပုံးကို တစ်ခါပြန်ဖွင့် ပစ္စည်းတွေကို နောက်တစ်ခါပြန်ကြည့်တော့ “ဆေးနီမှုန့်လည်း မပါပါလား” ဆိုပြီး သတိထားမိပေမယ့် “တော်ပြီ။ ညဥ့်နက်နေပြီ။ နောက်နေ့မှ အိမ်ကို ဖုန်းဆက်ပြီး မေးကြည့်အုံးမယ်။ ပစ္စည်းတွေလည်း သေချာပြန်စစ်ကြည့်ရမယ်”လို့ တွေးပြီး အဲဒီညက ကျမ ပျော်ရွှင်စွာပဲ အိပ်ပျော်သွားခဲ့တယ်။

နောက်နေ့ မနက် အိမ်ကို ဖုန်းဆက်မေးတော့ အိမ်ကလည်း “ဆေးနီမှုန့် သေချာထည့်ပေးလိုက်တယ်။ ကိုယ့်ဟာကိုယ် သေချာ ပြန်ရှာကြည့်”လို့ ပြောတာနဲ့ ရုံးကပြန်ရောက်တော့မှ စက္ကူပုံးမှာ ကပ်ထားတဲ့ပစ္စည်းစာရင်းနဲ့ ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို တစ်ခုချင်းဆီ ပြန်တိုက်ကြည့်မိတော့မှ မနေ့က ပျော်ထားတဲ့ အပျော်တွေ အကုန်ပျောက်ကုန်ပြီး လူတစ်ကိုယ်လုံး ဒေါသထွက်လွန်းလို့ တုန်နေတာပဲ။ ဖြစ်ချင်တော့ အဲဒီရက်အတွင်းက ဂျပန်ကနေ ရန်ကုန်ကို ဖုန်းခေါ်တာလည်း ဘယ်လိုမှ ဖုန်းခေါ်မရဘူး။ ကြံရာမရတဲ့အဆုံး စင်ကာပူက အကိုဆီ ဖုန်းဆက်ပြီး “အိမ်ကို ပြောပေးပါ ပစ္စည်းတွေက ထည့်ပေးလိုက်တဲ့ စာရင်းနဲ့ မကိုက်ဘူး၊ ဘာတွေ ထည့်ပေးလိုက်လဲ” ဆိုပြီး ရန်ကုန်ကို တဆင့် ပြောခိုင်းရတယ်။

အိမ်ကလည်း “နင်လိုချင်တာတွေ အကုန်ထည့်ပေးလိုက်တယ်”လို့ပဲ သိရတယ်။ ကျမလည်း မရတဲ့ ပစ္စည်းတွေကို ပြန်တွက်ကြည့်လိုက်တော့ မပါတဲ့ပစ္စည်းက သိပ်မများလှပါဘူး ၊ လက်ဖက် ၄ ထုပ်ထည့်ပေးလိုက်ရင် ကျမဆီမှာ ၁ ထုပ်ပဲပါတယ်၊ ဆတ်သားခြောက် ၂ ထုပ်ဆိုရင် ၁ ထုပ်ပဲ ပါလာတယ်၊ နှစ်ပြန်ကြော်တဲ့.. စာရင်းထဲပဲရှိတယ် ပစ္စည်းက လေထဲပျောက်သွားတယ်ထင်တယ် ပါမလာဘူး၊ ငါးပိထောင်းတဲ့ ဘယ်လိုပုံစံရှိမှန်းတောင် မသိရဘူး။ ချဉ်ပေါင်ကြော် ၂ ဗူးဟာ တစ်ဗူးမှ မပါ လာပါဘူး။ ဇီးထုပ် ၁၀ ထုပ်ကလည်း တစ်ထုပ်မှ မပါလာဘူး (ကျမ ချောင်းဆိုးမှာစိုးလို့ စာတိုက်ဝန်ထမ်းတွေက အဲလောက် စေတနာ ထားတာ အခုမှ သိရတယ်။) အဆိုးဆုံးက ဆေးပေါင်ဒါပါပဲ။ ကျမ အတွက် အရေးအကြီးဆုံးပစ္စည်းကိုမှ သူတို့ သဘောနဲ့ သူတို့ ချန်ထားခဲ့တာ စိတ်အဆိုးဆုံးပါပဲ။ ၂ ရက်လောက် ကျမ ဒေါသတွေ နဲ့ ပူလောင်ရင်း “သူတို့ မဆန့်လို့ ၂ ထုပ်ခွဲပို့တာ ဖြစ်နိုင်တယ်၊ ပိုက်ဆံလည်း ပေးထားတာပဲ သူတို့ မလုပ်လောက်ပါဘူး။ နောက်ပစ္စည်းတစ်ထုပ်များ ထပ်ရောက်လာမလား” ဆိုပြီး စာတိုက်ပုံးကို အရင်ကထက် ပိုချောင်းဖြစ်ပေမယ့် တစ်ပတ်ကျော်လာတဲ့အထိ ရောက်မလာတော့တဲ့အဆုံး ကျမ စိတ်ကို ဒုံးဒုံးချရင်း ပစ္စည်းက နှစ်ထုပ်ခွဲပို့တာ မဖြစ်နိုင်ဘူးဆိုပြီး အမှန်ကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတယ်။

ဖုန်းလိုင်းပြန်ကောင်းလို့ မောင်လေးကို မေးကြည့်တော့ သူ့ရှေ့မှာပဲ စက္ကူပုံးထဲ ပစ္စည်းတွေ ထည့်ချိန်ပြီး ပုံးကို ပိတ်ပြီးမှ ပစ္စည်းပို့ခ ပိုက်ဆံ ၁၁၁ ဒေါ်လာ ရယ် ပုံးရယ်ကို မပြီး စာတိုက် ၀န်ထမ်းက အထဲယူသွားတာတဲ့။ အထဲရောက်မှ ကိုယ်ရွှေဝန်ထမ်းက သူ့ဘာသာသူ လိုတိုးပိုလျော့လုပ်ရင်း သူလိုမယ်ထင်တာ သူ့စိတ်ကူးနဲ့သူထည့်ပြီး သူ မလိုဘူးလို့ ထင်ထားတာတွေကို ဖယ်ထုတ်ပစ်လိုက်တာ သူမလိုဘူးထင်တဲ့အရာတွေက ကျမ အသုံးလိုနေတာတွေပါပဲ။ ကျမဆီရောက်လာတဲ့ စက္ကူပုံးဟာ ဘယ်လိုမှ ၉ ကီလို အပြည့်ရှိမနေတော့ပါဘူး။ ဒါကြောင့် စာတိုက်ဝန်ထမ်းဟာလည်း ပစ္စည်းပို့ခ ပိုက်ဆံရှင်းရင် ၉ ကီလိုဖိုး ရှင်းစရာမလိုတဲ့အတွက် ဒေါ်လာ ၂၀ ကျော် ၃၀ လောက်တော့ ရသွားမှာပါ။ သူတို့ ဘာကြောင့် ဒီလိုမျိုး လုပ်ရတာလဲ.. အဖြေက ရှင်းရှင်းလေးပဲ.. “သူတို့ ပိုက်ဆံလိုချင်လို့ပေါ့.. သူတို့ မိသားစု စားဝတ်နေရေး မပြေလည်ကြလို့ပေါ့..သူတို့ လစာနဲ့သူတို့ မလုံလောက်လို့ပေါ့...”ဆိုတဲ့ အတွေးတွေ ကျမခေါင်းထဲကို တန်းစီပြီး ၀င်ရောက်လာပါတယ်။

အဲဒီနောက်တော့ ကျမလည်း အလှူပေးတယ်လို့ သဘောထားလိုက်ပြီး ဘယ်လိုမှ ပြန်မရတော့မဲ့ ပစ္စည်းတွေအပေါ် စိတ်ကိုဖြတ်ချလိုက်ရင်း.. သူတို့အတွက် စေတနာနဲ့ လှူလိုက်တယ်လို့ သဘောထားလိုက်ရပါတယ်။ အဲဒါဆိုရင် ၀န်ထမ်းလည်း အကုသိုလ်မဖြစ်တော့သလို ကျမလည်း ကုသိုလ်ရတာပေါ့။ ကျမတို့အတွက် ဒီလောက်ပိုက်ဆံက ဘာမှ မဟုတ်ပေမယ့် တကယ် လိုအပ်တဲ့ သူ့ ဆီ အဲဒီပိုက်ဆံရောက်သွားပြီး အသုံးကျရင် ၀မ်းသာရမှာပါ။ စာတိုက်ဝန်ထမ်းဟာ သူ့နာမည်၊ သူ့လိပ်စာ၊ သူ့မှတ်ပုံတင် အမှန်နဲ့ တောင် အခုလို အဖြစ်မျိုးကို ကျူးလွန်ရဲတာတော့ သတ္တိကောင်းတယ်လို့ပဲ ပြောပါရစေတော့။ ငယ်ငယ်တုန်းက ရွတ်နေသလို “မိုး.. မိုး ဘာလို့ရွာ၊ ဖားအော်လို့ရွာ...”ဆိုပြီး အပြစ်ပုံချရရင်မယ်ဆိုရင် ပထမဆုံး အပြစ်ရှိသူက ကျမပါပဲ။ ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား.. ဒါတွေကတော့ အထူးပြောပြနေဖို့ မလိုတော့ပါဘူးနော်။ “ဘယ်သူမပြု မိမိမှု” လို့လည်း ဆိုစကားရှိတယ်မဟုတ်လား။

အခုဆိုရင် ဇီးထုပ်လေး စားချင်လိုက်တာလို့ ရေရွတ်မိရင်တော့ ကျမ အမျိုးသားရဲ့ မျက်စောင်းက “မင်းဘာသာမင်း လက်ကျန် ဇီးထုပ်တွေ အကုန်စားပစ်လိုက်ပြီးတော့ ခုကျမှ ရေရွတ်မနေနဲ့။ ဘာမှ မတတ်နိုင်ဘူး”လို့ ရည်ရွယ်ပြီး ပြောနေသလိုပါပဲ။ တတ်နိုင်ဘူးလေ.. တကယ်လည်း စားချင်တာကိုး။ အမေကတော့ ကျမ စားချင်တာတွေ မစားရလို့ “ကြည့်နေ.. ထပ်ယူချင် ယူကြအုံး.. ငါကတော့ ထပ်ပို့ပေးအုံးမယ်”လို့ ကြိမ်းဝါးနေတုန်းပါပဲ။ တစ်ခါ မဟုတ် တစ်ခါတော့ ကျမ လိုချင်တဲ့ ပစ္စည်းတွေ ပါလာမှာပါလို့ တွေးရင်း “
မြန်မာပြည် ပြင်ပကို ရောက်နေတဲ့သူများ ကျမလို အဖြစ်မျိုးမှ အမြန်ဆုံး ကင်းဝေနိုင်ပါစေ.....” လို့ ဆုတောင်းလိုက်ရပါတယ်။

နိုဝင်ဘာ ၁၉၊ ၂၀၀၇။

11 comments:

မျှားပြာ said...

အဲလိုကြီးကတော့ မကောင်းဘူးနော် အစ်မ တော်တော်ဆိုးတာပဲ
စိတ်လျှော့ပါ အစ်မရယ် .. အဆင်ပြေပါစေဗျာ.။

စိုးထက် - Soe Htet ! said...

ဒီလိုပါပဲဗျာ ... မှတ်ချက် လာရေးပေးသွားတာ ကျေးဇူး ... :D

မြရွက်ဝေ said...

ခံရပြီလားအမ။ ကျွန်မတော့ အဲလိုဖြစ်လွန်းလို့ အိမ်ကို တော်ရုံနဲ့ ပစ္စည်းမမှာတော့ဘူး။ အိမ်ကလည်း စိတ်မကောင်းဖြစ် ကျွန်မလည်းစိတ်တိုရနဲ့။ တန်ရာတန်ကြေးပေးပြီးတဲ့အပြင် အမျိုးမျိုးရစ်ပြီး ငွေညှစ်တယ်။ စာတိုက်ကြီးတခါသွားပြီး တခါအသက်တိုသလိုဘဲ။ ပြောရရင် ဆုံးတော့မှာမဟုတ်ဘူး အမရေ။

ကလိုစေးထူး said...

ကျနော်တို့ဆီက လူတွေလည်း အဲဒါတွေ ကြုံရတာများလို့ ထင်ပါရဲ့။ ပုဂ္ဂလိက ၀န်ဆောင်ပေးနေတဲ့ လူတွေနဲ့ တဆင့်ပဲ ပစ္စည်းမှာတာမျိုးတွေ လုပ်ကြတော့တယ်။ ပစ္စည်းပျောက်ရင်လဲ တပေါင်ကို ဆယ်ဒေါ်လာ ပြန်လျော်ပေးတယ်။ တကယ်လို့သာ အစိုးရပိုင် စာတိုက်က လူတွေက အခု မနုစံကြုံရသလို ပိုးစိုးပက်စက် ခိုးဝှက် မစားဘူးဆိုရင်တော့ ဘယ်သူက ပုဂ္ဂလိကလို မှောင်ခိုဆန်ဆန် ပို့/သယ်ချင်ပါ့မလဲ။ ဗဟုသုတ တခုကို ရင်မောစွာ ဖတ်ရှုသွားပါတယ်ဗျာ။

Anonymous said...

မရေ...........ငါ့ဝမ်းပူဆာမနေသာလို့ ယူ....လို့ပဲပြောရတော့မှာပေါ့နော်.......။ ဘာပဲဖြစ်ဖြစ်...အင်းး....ဘာပြောရမှန်းတောင်သိတော့ဘူး...။ မ..ပြောသလိုပဲ ချောင်းမဆိုးအောင်ပေါ့နော်......။

thamudayanwe said...

ဘာရေးရမှန်းသိတော့ဘူး..
အမှန်တွေမို့လို့

pandora said...

နေရာတကာမှာ ခက်နေတာပဲနော်.. ဒီကိုတော့ လူကြုံနဲ့ပဲ ထည့်ပေးဖူးတယ်။ စာတိုက်ကထည့်မပေးကြ။

Anonymous said...

အမရေ

သမီး အချိန်မရလို့ မဖတ်လိုက်ရသေးဘူး။
သိမ်းသွားလိုက်တယ်နော်။

မိုးချစ်သူ

nu-san said...

မျှားပြာ >> စိတ်လျော့ပါတယ် မျှားပြာရယ်..

ကိုစိုးထက်>> ကျမကလည်း လာလည်တဲ့အတွက် ကျေးဇူးပြန်တင်ပါတယ် အကိုစိုးထက်.. :)

မြရွက်ဝေ>> အင်း.. ဟုတ်တယ် ညီမလေးရေ.. ခံလိုက်ရပြီ။ ခံရတာမှ အချီကြီး ခံရတာ.. ဟား..ဟား..

ကိုကလိုစေးထူး>> ဟုတ်တယ် အကိုစေးထူးရယ်.. အဲဒီမှာလို ပုဂ္ဂလိက ၀န်ဆောင်မှုရှိရင် အဲဒါမျိုးနဲ့ လုပ်ချင်ပါတယ်။ ဒီမှာက အဲလို ၀န်ဆောင်မှုမျိုးမရှိဘူးလို့ ထင်တယ်.. မစုံစမ်းကြည့်မိသေးဘူး။ လာလည်ပြီး မှတ်ချက်ရေးပေးတာ ကျေးဇူးပါ ကိုစေးထူးရေ.. :)

လေးမ>> အမလည်း အလှူလုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါတယ် လေးမရယ်.. :)

မမသမုဒယ>> ဟုတ်ကဲ့မရေ.. မှန်လွန်းလို့ကို မရေးချင်တာ.. :)

ပန်ဒိုရာ>> မပန်ရယ် အဲဒီမှာ လူကြုံရှိတာ ကောင်းတာပေါ့.. ဒီပတ်ဝန်းကျင်မှာ မြန်မာလူကြုံက ရှားမှရှားပဲ..

မိုးချစ်သူ >> မိုးချစ်သူလေး အချိန်မရတဲ့ကြားက အမဆီလာလည်တာ ကျေးဇူးနော်.. :)

Winkabar said...

သမီးတော့အဲလိုမျိုးမကြုံဖူးဘူး။ တော်တော်ဆိုးတယ်နော်။
ပစ္စည်းမျှော်ရတာ တော်တော်မောတာနော်။ အော် ရောက်လာနိုး ရောက်လာနိုးနဲ့ ရောက်လာတော့လည်းဒီလို
ဆိုတော့ဒုက္ခပါပဲ။ လူကြုံနဲ့ထည့်ကြည့်ပါလားအစ်မ။ ပိုက်ဆံပေးထည့်ရတဲ့လူကြုံတွေလေ။ သမီးတို့တော့အဲလိုမျိုးထည့်တယ်။ သူတို့ကတော့စိတ်ချရတယ်။

Anonymous said...

အားလုံးအဆင်ပြေသွားမည့် အင်တာနက်ပေါ်က မြန်မာစာအုပ်ဆိုင်ကို ကျွန်တော်တွေ့ထားတယ်။ ရောက်တာမြန်တယ်။ စိတ်ချရတယ်။ စာအုပ်စုံတယ်။ လိပ်စာက
www.MyanmarBookShop.com