March 29, 2008

ချယ်ရီပန်းကြည့်ပွဲ



အခုဆိုရင် ဂျပန်မှာ အအေးချိန်လျော့လာတာနဲ့အမျှ လမ်းဘေးက ချယ်ရီပင်တွေမှာ ပန်းအဖူးလေးတွေကို စတွေ့နေရပါပြီ။ တချို့အပင်တွေကျတော့လည်း ဟိုတကွက် ဒီတကွက် စပွင့်နေကြပြီ။ နောက်လထဲရောက်ရင် အားလုံးပွင့်လောက်ပြီလို့ထင်ပါတယ်။ ဘာလိုလိုနဲ့ ချယ်ရီတွေတခါပြန်ပွင့်ပေဦးတော့မယ်....


******


မနှစ်တုန်းက အလုပ်မ၀င်ရသေးတော့ အပြင်သိပ်မထွက်ရတာနဲ့ ချယ်ရီပွင့်လို့ ပွင့်မှန်း မသိခဲ့ရဘူး။ ဒီနှစ်တော့ တပတ်မှာ ၅ ရက်က ရုံးတက်ရတာမို့ လမ်းမှာ ချယ်ရီပင်တွေကို တကူးတက သတိမထားကြည့်ပဲနဲ့တောင် တွေ့နေရတယ်လေ။ အဖူးလေးတွေ ၊ အပွင့်လေးတွေကိုမြင်ရတော့ ပျော်မိတာ အမှန်ပါပဲ။ ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ ကျမအတွက် ချယ်ရီပန်းကို စပြီး မြင်ဖူးတာ ဂျပန် ရောက်မှပါ။ ရန်ကုန်လို ပူပြင်းတဲ့နေရာမှာ ချယ်ရီပန်းက ဘယ်မှာပွင့်နိုင်မှာလဲ။ တောင်ကြီးလို အေးတဲ့နေရာမှာ ပွင့်တယ်ဆိုပေမယ့် အဲဒီလို နေရာမျိုးကလည်း ရန်ကုန်ကနေ တကူးတက သွားမှရောက်မှာမို့လား။ ဒါကြောင့် အရင်တုန်းက “ချယ်ရီပန်း” ဆိုတာ စာထဲမှာပဲ ဖတ်ဖူးခဲ့တယ်။ ရုပ်ရှင်ထဲလည်း ဖြတ်ခနဲလောက်ပဲ မြင်ဖူးခဲ့တယ်။ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီရောက်တော့ ချယ်ရီတွေအပြုံလိုက် အစုလိုက်လည်း ပွင့်တာမြင်ရရော ပျော်လည်းပျော်တယ်။ ပြီးတော့ ချယ်ရီပန်းကို အနီးကပ်ကြည့်ပြီး ရိုးရှင်းတဲ့ ပန်းပွင့်ပုံစံကိုလည်း သဘောကျတယ်။ ပန်းရောင်သမ်းတဲ့ ပန်းမျိုးရှိသလို အဖြူရောင်၊ ပန်းဆီရောင် အရောင်အမျိုးမျိုးနဲ့ တကယ်လှတဲ့ ချယ်ရီပန်းပါပဲ။ ပုံမှန်ချယ်ရီက ပွင့်ဖတ် ၅ ဖတ်ပဲပါတယ်။ အလယ်မှာမှ ၀တ်ဆံပေါ့။ တချို့အပင်တွေက ပွင့်ဖတ် အထပ်ထပ်လေးတွေလည်း ရှိတယ်။ နောက်ပြီး မိုးမခပင်လို အကိုင်းတွေ တွဲလောင်းကျနေတဲ့ ချယ်ရီပင်မျိုးလည်း ရှိသေးတယ်။ အကိုင်းအခက် အနက်ရောင်နဲ့အတူ ပွင့်လာတဲ့ ပန်းရောင်နုနု ချယ်ရီပန်းက ကြည့်လို့ ကောင်းလှတာတော့ အမှန်ပါပဲ။



အဖြူရောင်ချယ်ရီ..



ပန်းရောင်ချယ်ရီ၊ ဒီချယ်ရီမျိုးက မိုးမခပင်လိုပဲ၊ တွဲလောင်းကျနေပြီး ပွင့်ဖတ်တွေက အထပ်ထပ်လေးတွေလေ။ ဂျပန်တွေ စာရင်းပြုစုထားတဲ့ တခြားချယ်ရီမျိုးကွဲတွေလည်း ရှိနေသေးတယ်။


ဂျပန်မှာကလည်း ချယ်ရီပင်က နေရာတိုင်းမှာ ရှိတယ်။ ပန်းခြံတွေ၊ ရပ်ကွက် ကလေးကစားကွင်းလေးတွေ၊ ကျောင်းတွေ၊ နောက်ဆုံး အိမ်နောက်ဘက် ထွက်ကြည့်လိုက်ရင်တောင် တဖက်အိမ်မှာ စိုက်ထားတဲ့ ချယ်ရီပင်ကို လှမ်းမြင်နေရတယ်။ နှစ်တိုင်း ဧပြီလဆန်းလောက်ဆိုရင် ချယ်ရီတွေ ပင်လုံးကျွတ်ပွင့်ကြပြီ။ ပန်းအားလုံး ပွင့်ပြီဆိုတာနဲ့ ဂျပန်မှာ ချယ်ရီပန်း ကြည့်ပွဲ (Hanami) လုပ်ကြတယ်။ Hanami ဆိုတာ ပန်းပွင့်တာကို ကြည့်ရင်း ချယ်ရီပင် အောက်မှာ ကိုယ့်မိသားစု၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေစုပြီး သောက်လိုက် စားလိုက် သီချင်းဆိုလိုက်နဲ့ ပါတီစုလုပ်ကြတာပါပဲ။ တချို့လည်းနေ့ဘက်ပေါ့။ တချို့လည်း ညဘက်လုပ်လေ့ရှိတယ်။ ချယ်ရီပန်းချည်းပဲ ထိုင်ကြည့်ကြတာတော့လည်း မဟုတ်ဘူးပေါ့။


ချယ်ရီပန်းပွင့်ချိန်မှာ ကျမရောက်ဖူးတာက Osaka Castle မှာ ရှိတဲ့ ပန်းခြံကိုပါ။ ပုံမှန်ဆိုရင် အဲဒီပန်းခြံက ပိတ်ထားတယ်။ အခုလို ပန်းပွင့်ချိန်ရောက်မှ ဖွင့်ပေးပြီး ၀င်ကြေး ယန်း ၃၅၀ ပေးရပါတယ်။ ပန်းခြံက အတော်လေးကိုကျယ်ပြီး အလယ်မှာ ကစားကွင်းအကြီးကြီး ရှိပါတယ်။ ဘေးပတ်လည်ကမှ ချယ်ရီပင်တွေဝိုင်းပြီး စိုက်ထားတာမို့ ပန်းအားလုံးပွင့်မှပဲ လှတာ။ ကျမတို့ ရုံးက နှစ်တိုင်း ပန်းကြည့်ပွဲဆိုရင် Osaka Castle က ပန်းခြံကိုပဲ သွားလေ့ရှိတယ်။ အဲဒီရက်ဆိုရင် R&D က တချို့သူတွေက မနက်၆ နာရီလောက် ထပြီး နေရာသွားဦးထားကြတယ်။ သူများတွေလည်း ဒီလိုပဲ လာဦးကြတာပဲ။ တနေ့လုံး သောက်လိုက်၊ စားလိုက်၊ ကစားလိုက်၊ ဘောလုံးကန်လိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ ညနေ စောင်းမှပဲ အိမ်ပြန်ဖို့ ပြင်ကြတော့တယ်။ ညနေစောင်းရင် Castle က မီးထွန်း ထားတာမို့ ညဘက်မှာ မြင်ရတဲ့ Osaka Castle ရဲ့ ရှုခင်းကလည်း တကယ်ကြည့်လို့ကောင်းလှပါတယ်။




Osaka Castle က ချယ်ရီပန်းကြည့်ပွဲ (Hanami) တုန်းက ပုံတွေပါ။ တချို့ပုံတွေက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရိုက်ထားတဲ့ပုံတွေပေါ့။


ဒီနှစ်အတွက် Osaka Castle မှာ ပန်းကြည့်ပွဲက ဧပြီလ ၅ ရက်နေ့ပါ။ တခြားနေရာတွေကို သွားမယ်ဆိုရင်တော့ နေရာနဲ့ ပန်းအားလုံးပွင့်မယ့်အချိန်ကို Internet မှာရှာကြည့်လိုက်ယုံပါပဲ။ Hanami အတွက် Department Store တွေ ဈေးဆိုင်တွေမှာလည်း Beer ဘူးမျိုးစုံကို ကြော်ငြာပြီး ဈေးကွက်လုနေကြပါပြီ။ လမ်းမှာရှိတဲ့ ပန်းခြံသေးသေးလေးမှာတောင် မီးပုံးလေးတွေ စီတန်း ချိတ်ထားတာ မြင်နေရပြီ်။ ဒါတွေက ချယ်ရီပန်းကြည့်ဖို့ အားလုံး ကြိုတင်ပြင်ဆင်နေကြတာတွေပါပဲ။ ကျမအတွက်တော့ အမျိုးသား ခရီးထွက်နေတာနဲ့ Osaka Castle ကို သွားဖြစ်မယ် မထင်ပါဘူး။ သူပြန်လာမှပဲ တခြားနေရာကို သွားမယ်လို့ စဉ်းစားထားကြတယ်။ တစ်နှစ်မှာ တခါသာ ပွင့်တဲ့ ပန်းပွင့်ချိန်လေးကို နှစ်ယောက်အတူကြည့်ဖြစ်အောင်တော့ ကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘယ်နေရာဖြစ်မလဲတော့ မသိသေးဘူး။

******


ဂျပန်မှာ ချယ်ရီပင်တွေ ရှိနေသမျှ၊ ဂျပန်လူမျိုးတွေရဲ့ ချယ်ရီပန်းကြည့်ပွဲကတော့ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကပွင့်ခဲ့တဲ့ ချယ်ရီ၊ မနှစ်က ပွင့်တဲ့ချယ်ရီ၊ ဒီနှစ်ပွင့်မယ့်ချယ်ရီ၊ နောင်နှစ်ပွင့်မယ့်ချယ်ရီ.. အားလုံးဟာ အတူတူပါပဲ။ ဒီမှာနေရခိုက်မှာလည်း ချယ်ရီဟာ ပွင့်ချိန်တန်ရင် ပွင့်ရှာတယ်။ ဒီမှာမနေရတော့ရော ချယ်ရီက ပွင့်နေဦးမှာပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောင်းသွား ပြောင်းသွား ချယ်ရီပင်တွေကတော့ နှစ်စဉ် နှစ်တိုင်းပွင့်နေမှာဦးမှာပါ။


မတ် ၃၀၊ ၂၀၀၈။

March 27, 2008

မျှော်သာ မျှော်သည်...

ပြီးခဲ့တဲ့လက Singapore က ကျမသူငယ်ချင်း Osaka ကို အလုပ်ကိစ္စနဲ့ ၂ ပတ်လောက်နေဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါကြောင့် Singapore မှာရှိတဲ့ သူငယ်ချင်းတွေရော၊ အကိုနဲ့ ယောင်းမကရော ကျမ စားချင်တာတွေနဲ့ Osaka မှာ လုံးဝ ၀ယ်မရတာတွေကို သူနဲ့ လူကြုံထည့်ပေးလိုက်ပါတယ်။ တိုက်ဆိုင်ချင်တော့ သူလာတဲ့အချိန်ကလည်း ဂျပန်မှာ တရုတ်က တင်ပို့တဲ့ ရယ်ဒီမိတ် ဖက်ထုပ်နဲ့ပတ်သတ်ပြီး ပြဿနာတက်နေချိန်ပါ။ ဒါကြောင့် လေဆိပ်အ၀င်မှာ စစ်ဆေးရေးတွေ ပိုလုပ်လာတယ်လို့ တရုတ်ပြည်က ပြန်လာတဲ့ သူငယ်ချင်းဆီကလည်း သတင်းကြားထားသေးတယ်။ အဲဒါဆိုတော့ Singapore က ယူလာတဲ့ အစားအစာတွေကြောင့် Osaka အ၀င်မှာ သူ့အိတ်များဖွင့်စစ်နေမလား၊ ပစ္စည်းတွေ တခုချင်းများ ထုတ်ပြနေရမလား၊ သူတို့ သိမ်းများသွားမလား.. ဆိုပြီး သွားကြိုတုန်း အပြင်မှာ ဘုရားစာရွတ်ပြီး စောင့်နေခဲ့ရပါတယ်။ သူအပြင်ရောက်လာတော့မှ “Singapore ကလာတယ်ဆိုတာနဲ့ ဘာမှမပြောတော့ဘူး” လို့ ပြောမှပဲ ကျမလည်း သက်ပြင်းချ နိုင်တော့တယ်။ ဒီလိုနဲ့ ပစ္စည်းတွေဟာ ဘာအနှောင့်အယှက်မှ မရှိပဲ ကျမလက်ထဲကို A4 စက္ကူပုံးအပြည့် စားစရာတွေ ရောက်လာခဲ့တာပေါ့။


ကျမသူငယ်ချင်းတွေနဲ့ အကိုလင်မယားထည့်ပေးလိုက်တာတွေကို စက္ကူပုံးထဲက ထုတ်ပြီး ရေခဲသေတ္တာထဲ မထည့်ခင်လေး သေချာစီပြီး ဓာတ်ပုံရိုက်ယူထားလိုက်ရသေးတယ်။ (အခုလို blog ပေါ်တင်နိုင်အောင်လို့... :P) အမှန်က မစားရတာကြာတဲ့ အစားအစာတွေကို ကုန်သွားရင် ဓာတ်ပုံ ထုတ်ကြည့်ပြီး သွားရည်ကျမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရိုက်ယူထားတာပါ။ ပစ္စည်းတွေကတော့ “ဘူးသီး၊ မရမ်းသီး၊ ဒန့်ဒလွန်သီး၊ ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ငရုတ်သီးစိမ်း၊ သရက်သီးစိမ်း၊ မုန့်ဟင်းခါးအခြောက်ထုပ်၊ ချဉ်ပေါင်ရွက်ကြော်၊ မုန့်ဟင်းခါးထဲထည့်စားတဲ့ပဲကြော်၊ လက်ဖက်၊ ဆားငံသီးဖျော်ရည်၊ ကျောက်ကျောမှုန့်၊ အုန်းသီးမှုန့်၊ သရက်သီးသနပ်၊ ဇီးထုပ်၊ စပါးလင်” တို့ပါပဲ။


ရှားရှားပါးပါး ဒီပစ္စည်းတွေကို သင့်တော်သလို နေရာချပြီး အသီးအရွက်တွေတော့ မပုပ်ခင် အမြန်ချက်စားပစ်ဖို့ စီစဉ်ရတော့တာပေါ့။ စစချင်း အမျိုးသားက ဘူးသီးကြက်သားစားချင်တယ်ဆိုလာပါတယ်။ ဒါနဲ့ ဘူးသီးတခြမ်းနဲ့ ကြက်သားရောပြီးချက်စားလိုက်တာ မစားရတာကြာလို့လားမသိဘူး စားလို့ကောင်းလိုက်တာမှ အရမ်းပဲ။ ဘူးသီးကတော့ ကြက်သားနဲ့ ၂ ခါချက်စားလိုက်ရတယ်။ ပဲသီးတွေနဲ့ မုန့်ဟင်းခါးထဲထည့်စားတဲ့အကြော်တွေ ပါလာတာမို့ သူငယ်ချင်းတွေနဲ့အတူ ပိတ်ရက်မှာ မုန့်ဟင်းခါးချက်စားပစ်လိုက်ရော။ မရမ်းသီးကတော့ ကျမဆီမှာ ငရုတ်ဆုံ ရှိတာနဲ့ မရမ်းသီး ငပိထောင်း ထောင်းစားလိုက်တယ်။ နောက်ပြီး ပဲသီးက တောင်ငူမုန့်ဟင်းခါးချက်စားရင် မပါမဖြစ်တဲ့ အရာဆိုတော့ ပဲသီးမြင်ပြီဆိုတာနဲ့ ကျမအမျိုးသားက တောင်ငူမုန့်ဟင်းခါး ချက်ကျွေးဖို့ပြောတော့တာပဲ။ သူ့အတွက်လည်း တောင်ငူမုန့်ဟင်းခါး ချက်ကျွေးဖြစ်လိုက်သေးတာပေါ့။


တကယ်တော့ ဘူးသီး၊ ဒန့်ဒလွန်သီး၊ မရမ်းသီး၊ ချဉ်ပေါင်ရွက် စတာတွေက Osaka မှာ ဘယ်လိုမှ ရှာမရပါဘူး။ ကိုယ် မသိတာလည်းဖြစ်မယ်။ တခါတလေတော့ ဂေါ်ရခါးသီး တွေ့ရတတ်တယ်။ အဲဒီအခါကျရင်တော့ ကျမက ၀ယ်ပြီး မုန့်နှစ်နဲ့ ဘူးသီးကြော် ကြော်သလိုမျိုး ကြော်စားလိုက်တာပဲ။ ပဲသီးလည်း နွေဘက်ဆိုရင်တွေ့တယ်။ ကန်စွန်းရွက်လည်းရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ အရမ်းဈေးကြီးပြီး လက်တစ်ဆုပ်စာ လောက်လေးကို ယန်း ၅၀၀ ၀န်းကျင်လောက် ပေးရတော့ စားချင်ပေမယ့် မတန်တာနဲ့ မစားဖြစ်တော့ဘူး။ နွေဘက်ဆိုရင်တော့ အဲဒီလောက်ကိုပဲ ယန်း ၁၀၀ ကျော်လောက်နဲ့ရတတ်တာကိုး။ နွေကျမှပဲ ကန်စွန်းရွက်က မျိုးစုံလုပ်စားရတော့တယ်။


စားနေကျ အသီးအရွက် တချို့တလေများ Osaka မှာ ၀ယ်လို့ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဂျပန်ဆရာတွေ အိမ်ကိုစာလာသင်တော့ ရိုက်ထားတဲ့ ဓာတ်ပုံပြပြီး မေးကြည့်တာပေါ့။ သူတို့တွေ ကျမ ပြတဲ့ ဓာတ်ပုံကို ကြည့်ပြီး သိဖို့နေနေသာသာ၊ ဒန့်ဒလွန်သီးလည်း မမြင်ဘူးကြဘူး။ ချဉ်ပေါင်ရွက်လည်း တခါမှ မမြင်ဖူးဘူး။ ဘူးသီးကိုလည်း ရှင်းပြလိုက်ရတာ နောက်ဆုံး အင်္ဂလိပ်လို dictionary မှာရိုက်ပြတော့မှပဲ အော်.. အဲဒါ လားဆိုပြီး ပြောပါလေရော။ ဆရာက “ဂျပန်လူမျိုးတွေက ဘူးသီးကို စားလေ့မရှိဘူး။ ဘူးသီးခြောက်လုပ်ပြီး ကျောင်းသားအရွယ်တုန်းက ဆော့ကြတာ။ အဲဒီ ဘူးသီးခြောက်ထဲကို ရေတို့ အရက်တို့ ထည့်သောက်တာ”ဆိုပြီး ရှင်းပြပါတယ်။ “လိုချင်ရင်တော့ Botanical Garden မှာရှိလိမ့်မယ်ထင်တယ်” လို့လည်းပြောတယ်။ ဘူးသီးတခါ စားရဖို့ Osaka မှာ Botanical Garden အရင်လိုက်ရှာရဦးမယ်။ တော်ပါပြီ။ Osaka မှာ ဘူးသီးရှာမယ့် စိတ်ကူးကိုလည်း လက်လျော့လိုက်ပါပြီ။


*****


တကယ်တော့လည်း ကျမသူငယ်ချင်းတွေ၊ အကိုနဲ့ယောင်းမ ကျေးဇူးကြောင့်သာ အခုလို စားရတာပါ။ ဒါကြောင့် သူတို့ကိုလည်း ကျေးဇူးတင်မဆုံးတော့ပါဘူး။ လက်ဆောင်ထည့်ပေးလိုက်တဲ့သူတွေရော၊ တကူးတက သယ်လာပေးတဲ့ သူငယ်ချင်းရောပေါ့။ အခုဆိုရင် သူငယ်ချင်း ပြန်သွားတာလည်း တစ်လနီးပါးရှိနေပါပြီ။ စားစရာတွေလည်း တဖြည်းဖြည်း ချက်စားလာလိုက်တာ အခြောက်အခြမ်းတွေလောက်ပဲ ကျန်တော့တယ် ဆိုတော့.. နောက်ထပ် စားချင်ပေးမယ့်လည်း ဒီမှာက ၀ယ်လို့မရတော့ မစားရဘူးမို့လား။ ဒါကြောင့် ကျမလည်း Osaka ကို နောက်ထပ် လာလည်မယ့် သူငယ်ချင်း မိတ်ဆွေတွေကိုပဲ စောင့်မျှော်နေရတော့တာပေါ့....




စင်ကာပူကနေ ရောက်လာတဲ့ မြန်မာအစားအစာတွေပေါ့။




ဒါက ဘူးသီး၊ ကြက်သားချက်။ ဘေးနားက ပုဇွန်ခြောက်၊ စိမ်းစားငါးပိနည်းနည်း၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ရောထောင်းပြီး စားခါနီးမှ သံပုရာရည်ညစ်ထားတဲ့ ငပိထောင်း။ မရမ်းသီးငပိထောင်းကို နောက်မှ သတ်သတ်ကြွားဦးမယ်.. :P


(ဒီပို့စ်ကိုရေးပြီး ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်း စဉ်းစားလို့မရတာနဲ့ မြန်မာပြည်သိန်းတန် ဆိုထားခဲ့ဖူးတဲ့ သီချင်းစာသားလေးကို ယူသုံးလိုက်ရပါတယ်..)

မတ်လ ၂၇၊ ၂၀၀၈။

March 21, 2008

ရွှေအမြုတေ website

ဒီနေ့ရုံးမှာ အလုပ်ပါးတုန်း အင်တာနက်ထဲလျှောက်သွားရင်းက ရွှေအမြုတေ ရဲ့ website ကို တွေ့လိုက်ရပါတယ်။ website လုပ်ထားတာလည်း သိပ်ကြာသေးပုံမရပါဘူး။ မြန်မာပြည်မှာတုန်းကတော့ foreverspace မှာ အလကားတင်ပေးတဲ့ မဂ္ဂဇင်းတွေကို download လုပ်ထားပြီး အချိန်အားမှ စုဖတ်ရတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း ၂၀၀၄၊ ၂၀၀၅ ခုနှစ်လောက်က စာအုပ်တွေပေါ့။ ဂျပန်ရောက်တော့ foreverspace က online ရောင်းတဲ့ စာအုပ်ကို ၀ယ်ဖတ်ချင်တာနဲ့ ရန်ကုန်က မောင်လေးကို ငွေသွားသွင်းခိုင်းတော့ online အရောင်းပိတ်ထားတယ်ဆိုပြီး ၀ယ်မရခဲ့ဘူး။ အဲဒါနဲ့ မဂ္ဂဇင်းအဟောင်းတွေဆိုရင် ရန်ကုန်ကနေ တကူးတက ပို့ပေးမှပဲ ဖတ်ရတော့တယ်။

အခုလို website တွေ ပေါ်လာတော့ မြန်မာပြည် ပြင်ပရောက်နေသူတွေ အလွယ်တကူ ဖတ်လို့ရတာပေါ့။ နောက်ပြီး ရန်ကုန် စာတိုက်ကြီးက တဆင့် စာအုပ်ပို့ပေးမယ့်သူတွေ အလုပ်မရှုတ်တော့ဘူး။ မြန်မာမဂ္ဂဇင်းတွေနဲ့ ဝေးနေချိန်မှာ online ကနေ လစဉ်ထုတ် မဂ္ဂဇင်းတွေ ဖတ်ရမယ်ဆိုတော့ မပျော်ပဲ ဘယ်သူရှိပါ့မလဲနော်။ ရွှေအမြုတေ website ရဲ့ Homepage မှာရေးထားတဲ့ စာသားက


“ရွှေအမြုတေ မဂ္ဂဇင်း၊ Teen Magazine နှင့် အလင်းတန်းဂျာနယ်များကို ဂျာနယ်ထွက်ထွက်ချင်း၊ မဂ္ဂဇင်းထွက်ထွက်ချင်း နိုင်ငံတကာမှ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ www.shweamyutay.com website ဖြင့် လွှင့်တင်ထားခြင်းဖြစ်ပါသည်။”


ဒီ website ကို လစဉ် update လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီး ကောင်းမယ်လို့လည်း တွေးမိတယ်။ တချို့သူတွေလည်း ဒီ website link ကိုသိပြီးသားဖြစ်ပါလိမ့်မယ်။ မသိသေးတဲ့ သူငယ်ချင်းတို့လည်း အားရင် သွားလည်ကြည့်ကြပါနော်...


မတ် ၂၁၊ ၂၀၀၈။

March 13, 2008

အဖြူရောင်နေ့

အားလုံးသိကြတဲ့အတိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က Valentine's Day ပါ။ ရန်ကုန်မှာတုန်းက Valentine's Day ဆိုရင် ချစ်သူစုံတွဲတွေအတွက် သီးသန့်လိုဖြစ်ပြီး တစ်ယောက်တည်းသမား အဖို့ကတော့ ဗယ်လင်တိုင်းချင်လည်း မတိုင်းရ။ ဘယ်သူများ ချောကလက်ပေးမလဲ၊ ပန်းပေးမလဲဆိုပြီး မျှော်ရနဲ့။ အဲဒီအချိန်မှာ ရည်းစားရှိတဲ့သူတွေက မြောက်ကြွားကြွားနဲ့ပေါ့လေ။ အမှန်တော့လည်း ခေတ်ရဲ့ပြောင်းလဲမှုကြောင့်သာ လူငယ်တွေ အကြားမှာ ရေပန်းစားလာတဲ့နေ့တစ်နေ့ပါပဲ။ မြန်မာပြည်ကို ဘယ်အချိန်ကစပြီး ကူးစက်လာတာလည်း ဆိုတာ သတိမထားမိခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ စပြီး သတိထားခဲ့မိတာ။ ဒါကလည်း Valentine's Day အတွက် ပထမဆုံးစီးရီး “တို့ရဲ့ချစ်သူများနေ့” သီချင်းခွေကြောင့်လည်း ပါပါတယ်။ စီးပွားရေးဈေးကွက်ကလည်း ခေတ်နဲ့အညီပြောင်းလဲနေတာဆိုတော့ Valentine's Day နားရောက်လာပြီဆိုရင် သီချင်းခွေထွက်ရတာနဲ့၊ Store ဆိုင်ကြီးတွေမှာလည်း Valentine Special ဆိုပြီး ရောင်းရတာနဲ့။ မှတ်မှတ်ရရ Giordano ကလည်း ကိုယ်က ၀ယ်ပြီး လက်ဆောင်ပေးမယ့်သူရဲ့ လိပ်စာပေးရင် အိမ်အရောက်ပို့ပေးတယ်ဆိုတာလည်း ကြားဖူးလိုက်သေးတယ်။

မြန်မာပြည်မှာတုန်းက ကျမနားလည်တဲ့ Valentine's Day ဆိုတာ ယောင်္ကျားလေးက ကိုယ်ချစ်တဲ့ မိန်းကလေးကို အမှတ်တရ လက်ဆောင်ပေးတာပါ။ မိန်းကလေးကရော ယောင်္ကျားလေးကို ပြန်ပေးလေ့ရှိသလားဆိုတာ ကျမ သေချာမသိခဲ့ပါဘူး။ ဒါပေမယ့် ဂျပန်လည်းရောက်ရော မကြားဖူးတာတွေ ကြားရတော့တာပါပဲ။ ဒီမှာတော့ Valentine's Day ဆိုရင် မိန်းကလေးကပဲ ယောင်္ကျားလေးကို ချောကလက်၊ မုန့် အစရှိတာတွေ လက်ဆောင်ပေးလေ့ရှိပါတယ်။ ချစ်သူစုံတွဲတွေပဲ ချောကလက် ပေးကြတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေ၊ အလုပ်ထဲက ခင်တဲ့သူတွေ အပြင်၊ ကိုယ့်အထက်လူကြီးတွေကိုလည်း လက်ဆောင် ပေးတတ်ကြပါတယ်။ Valentine လက်ဆောင်ရထားတဲ့ ယောင်္ကျားလေးတွေက ဘယ်သူ့ဆီက ချောကလက်ရခဲ့သလဲဆိုတာ မှတ်ထားဖို့ လိုလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ Valentine's Day ပြီးလို့ နောက်တလအကြာ မတ်လ ၁၄ ရက်မှာ White Day ရှိလို့ပါပဲ။

White Day ကတော့ ယောင်္ကျားလေးက Valentine လက်ဆောင်ပေးခဲ့တဲ့ မိန်းကလေးကို ပြန်ပေးရတာပါ။ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်ဝမ်တွေမှာ White Day လုပ်လေ့ရှိပြီး ၁၉၈၀ ခုနှစ်လောက်ကတည်းက ဂျပန်က စထွင် လိုက်တယ်လို့ wiki မှာတော့ ဖတ်ရပါတယ်။ White Day အတွက် လက်ဆောင်တွေကတော့ ချောကလက်မှ မဟုတ်ပါဘူး။ မိန်းကလေးတွေကို ပြန်ပေးလို့ရတဲ့ လက်ဆောင်တွေက ရွေးချယ်စရာများလှပါတယ်။ အရုပ်၊ လက်ကိုင်ပုဝါ၊ ပိုက်ဆံအိတ်၊ ကွတ်ကီးစ်၊ ချောကလက် စတဲ့ တန်ဖိုးနည်း လက်ဆောင်က အစ ဈေးကြီး နာမည်ကြီး Branded ပိုက်ဆံအိတ်၊ စိန်၊ လက်ဝတ်ရတနာ စတာတွေ ပြန်ပေးလို့ရတာပေါ့။ ဂျပန်မလေးတွေကတော့ ဈေးကြီးတာကို မက်မောတတ်ကြသလို Brand ကိုလည်း အရမ်း ဂရုစိုက်တယ်။ အလှအပ ကြိုက်တယ်။ အကောင်းကြိုက်တတ်တယ်။ နောက်ပြီး ထုံးစံကလည်း မိန်းကလေး ပေးခဲ့ဖူးတဲ့ လက်ဆောင်ရဲ့ တန်ဖိုး ၂ ဆ ၃ ဆ ကို ယောင်္ကျားလေးက ပြန်ပေးရတာတဲ့လေ။ ရုံးက လူကြီးပိုင်းတွေကတော့ အလုပ်ထဲက မိန်းကလေးတွေ သူတို့ကို Valentine လက်ဆောင် လာပေးရင် မမေ့အောင် စာရင်းတို့ထားရတယ်တဲ့။ ပြီးရင် အဲဒီစာရင်းအတိုင်း မိန်းကလေးတွေကို ပြန်ပေးရတာမို့ တန်ဖိုးအားဖြင့်လည်း နည်းလို့မရသလို မပေးလို့ကလည်း မရဆိုတော့ Valentine လက်ဆောင် မရရင် ပိုကောင်းတယ် ဆိုပြီး အချင်းချင်း ပြောနေကြလေရဲ့။


ပြီးခဲ့တဲ့ လတုန်းက ကိုရီးယားမလေး တစ်ယောက် Osaka ကို အလုပ်ကိစ္စနဲ့လာခဲ့တယ်။ ။ သူပြောပြတော့မှပဲ နောက်ထပ် ရက်တစ်ရက် အကြောင်းကို ထပ်သိလိုက်ရပါတော့တယ်။ အဲဒီရက်က Black Day တဲ့။ တစ်ခါမှ မကြားဖူးပေမယ့် ကိုရီးယားမှာတော့ အတော်ခေတ်စားတယ်လို့ဆိုပါတယ်။ Black Day က ဧပြီ ၁၄ ရက်နေ့ပါ။ အဲဒီရက်က တစ်ကိုယ်တည်းသမား လူပျို၊ အပျိုတွေအတွက် ရည်ရွယ်တာပါ။ Valentine's Day တုန်းကလည်း လက်ဆောင်မပေးရ၊ White Day မှာလည်း လက်ဆောင် မရကြတဲ့သူတွေဟာ အဲဒီရက်ဆိုရင် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ခင်တဲ့သူတွေပဲဖြစ်ဖြစ် ဘ၀တူသမားတွေ စုပြီး ပဲရည်ခေါက်ဆွဲ သွားစားတတ်ကြတယ်တဲ့။ သူတို့ရဲ့ အထီးကျန်ဘ၀ကို စိတ်ပျက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဆိုပဲ။ ပဲရည်ခေါက်ဆွဲဆိုတာ ခေါက်ဆွဲအဖြူကို ပဲရည်အမည်းနဲ့ တွဲစားတာလို့ wiki မှာ ဖတ်ရပါတယ်။


မနက်ဖြန်ကလည်း မတ်လ ၁၄ ရက်နေ့ဆိုတော့ ဒီနေ့ကတည်းက မုန့်ဆိုင်၊ ချောကလက် အရောင်းဆိုင်၊ အလှအပ ပစ္စည်းဆိုင်တွေမှာ အမျိုးသားတွေ အလုအယက် ၀ယ်နေကြလေရဲ့။ လူငယ်ပိုင်းကစပြီး လူကြီးပိုင်းတွေအထိပဲ။ အိမ်အပြန် ရထားပေါ်မှာလည်း မိန်းကလေးတွေက စက္ကူအိတ်လေးတွေ တကိုင်ကိုင်နဲ့ပေါ့။ သူတို့ပုံစံလေးတွေ ကြည့်ရတာ White Day လက်ဆောင် ရလာတယ် ဆိုပြီး ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံလေးတွေနဲ့။ မိန်းကလေးတွေအနေနဲ့လည်း အကောင်းစား တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုး မဟုတ်ရင်တောင် White Day လက်ဆောင်အနေနဲ့ ချောကလက်ဘူးလေး လောက်တော့ မျှော်လင့်တတ်ကြတာပဲ။ ဒါကြောင့် ဂျပန်ရဲ့ Valentine's Day နဲ့ White Day ဟာ ချောကလက် အရောင်းရဆုံး နေ့တွေပဲဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီလိုရက်တွေဆိုရင် ဈေးဆိုင်တွေမှာ လူစည်ကားနေတတ်သလို Seven Eleven၊ Lawson လို chain store လေးတွေမှာတောင် အမှတ်တရ ပစ္စည်းလေးတွေနဲ့အတူ ချောကလက်မျိုးစုံကို လှလှပပ ထုတ်ပိုးပြီး ရောင်းချတတ်ကြတယ်။


သူငယ်ချင်းတို့ရော ဖေဖော်ဝါရီ ၁၄ တုန်းက Valentine လက်ဆောင်တွေ ရလို့ ပျော်ခဲ့ကြလား။ ဒါမှမဟုတ်လည်း အခု မတ်လ ၁၄ ရက်နေ့မှာ White Day လက်ဆောင် အပေး အယူလုပ်မလား။ အင်း.. နောက်ဆုံးအနေနဲ့ ဧပြီ ၁၄ ရက်နေ့ကျမှ Black Day အထိမ်းအမှတ်လုပ်မလား ဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့နော်... :)


White Day လက်ဆောင်လေးတွေ..


ဒါလေးက လက်ကိုင်ပုဝါလေး။ ရုံးက သူငယ်ချင်း ကျမကို White Day လက်ဆောင် ပေးတာပါ။ Pack လုပ်ထားတာ လှလို့ ဓာတ်ပုံရိုက်ယူထားတာ။


ဒါက မနက်ဖြန်ကျရင် သူများကို ပေးဖို့ ချောကလက် လက်ဆောင်။






ဒါက ကိတ်မုန့်။ မနေ့က ဂျပန်စာသင်ပေးတဲ့ ဆရာက ပေးခဲ့တာ။ အခုတော့ မရှိတော့ဘူး။ စားလို့ကုန်သွားပြီ။ :)



ဒီကိတ်မုန့်လေး ၂ ခုက ကိုယ့်စိတ်တိုင်းကျ ၀ယ်ခိုင်းတဲ့ ကိတ်မုန့်။ White Day လက်ဆောင်ပေါ့။ အမျိုးသားဆီက ရတာ။


မတ်လ ၁၄၊ ၂၀၀၈။

March 11, 2008

Sapporo Snow Festival - Day 1



မတ်လထဲ ရောက်လာပြီဆိုတော့ ဂျပန်ရဲ့ ရာသီဥတုက အရင်လတွေကလောက် မအေးတော့ဘူးလို့ ဆိုရမှာပါပဲ။ ဒီနေ့ဆိုရင် 17 degree C လောက်အထိ ဖြစ်လာပြီ။ အရင် ၂ လလောက်တုန်းကတော့ သုည၊ အနှုတ် ၁ ၊ ၂ အဲဒီနားတင်ပတ်ချာလည်နေတာ။ ဒါကြောင့် အရမ်းအေးပြီး ဘယ်မှလည်း မသွားချင်၊ အပြင်လည်း အထွက်ချင်ခဲ့ဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင် ၀တ်လိုက်ရတဲ့ အနွေးထည်တွေ၊ ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်၊ မာဖလာ တွေဝတ်ပြီးမှ ထွက်လို့ရတာ မဟုတ်လား။ အိမ်ပြန်ရောက်ရင်ပဲဖြစ်ဖြစ်၊ ရုံးရောက်ရင်ပဲဖြစ်ဖြစ် အပေါ်က ထပ်ထားတဲ့ အင်္ကျီအထူတွေကို ပြန်ချွတ်ရပြန်တာနဲ့ အတော်လေး စိတ်ရှုတ်၊ အလုပ်ရှုတ်တာပါပဲ။ နောက်ပြီး ကျမက အအေး ကြောက်တတ်သေးတယ်။ အဲဒါကြောင့် သူများက အေးပြီဆိုရင် ကျမက အတော်အေးနေပြီလို့ ခံစားရတတ်တယ်။ အဲဒီလို အအေးကြောက်တတ်လို့ပဲ ပြီးခဲ့တဲ့ လတုန်းက သွားခဲ့ရတဲ့ နေရာက အနှုတ် ၈ လောက်ရှိပြီး ညဘက်ဆိုရင် အနှုတ် ၁၅ လောက်အထိကို အေးတဲ့ Sapporo ကို သွားခဲ့ကြတာ။ ၃ ရက်နေခဲ့ရပြီး အပြင်တခါထွက်ခါနီးရင် ကျမမှာ အင်္ကျီ ၇ ထပ် ဘောင်းဘီ ၄ ထပ်လောက် ထပ်ထားမှ လူက နေသာ ထိုင်သာရှိတော့တယ်။ ဓာတ်ပုံအရိုက်ခံရင်လည်း အကျီင်္တွေ ထပ်ထားတာ များလို့ ဖောင်းကားပြီး ကြည့်လို့ မကောင်းပါဘူး။ ဒါကြောင့် ရှုခင်းအသားပေးပုံတွေပဲ များများရိုက်ခဲ့တယ်။


*****


ပထမဆုံး Sapporo ကို လေယာဉ်ဆိုက်တော့ နေ့လည် ၁၁ နာရီကျော်ကျော်ပါ။ ၂ လပိုင်းလောက်အထိက Osaka မှာ နှင်းလုံးဝ မကျသေးတာမို့ Sapporo လည်းရောက်ရော မြင်သမျှ မြင်ကွင်းတွေထဲမှာ အရာအားလုံးဟာ ဖြူဖွေးနေပြီး နှင်းတွေနဲ့ ဖုံးအုပ်ထားတာ မြင်မြင်ချင်းတော့ ထူးဆန်းနေသလိုပဲ။ လေဆိပ်ကနေ Sapporo မြို့ထဲအထိကို ရထားစီးတာက ၄၅ မိနစ်လောက် ကြာပါတယ်။ ကျမတို့ Sapporo မြို့ကို ရောက်တော့ နေ့လည် ၁၂ နာရီကျော်ကျော်လောက်ပဲရှိသေးတာမို့ ဘူတာရုံ coin locker ထဲမှာ ပစ္စည်းတွေ သိမ်းပြီး ကလေးတွေအတွက် သီးသန့် စီစဉ်ပေးထားတဲ့ ကလေး ကစားကွင်းကို အရင်သွားခဲ့ကြပါတယ်။ လမ်းတလျှောက်မှာလည်း လမ်းပေါ်က နှင်းတွေကို ကော်ပြီး လမ်းဘေး တဖက်စီမှာ ပုံထားတာ နှင်းခဲထုက ခါးတစ်ဝက်လောက်အထိရှိတဲ့ နေရာတွေလည်း တွေ့ခဲ့ရပါတယ်။ ရောက်ရောက်ချင်းနေ့ကတော့ နှင်းကျလိုက် ရပ်လိုက်နဲ့ပါပဲ။


ကစားကွင်းကို မြို့တွင်းဘတ်စ်ကား မိနစ် ၃၀ လောက်စီးပြီးမှ ရောက်ပါတယ်။ အစတုန်းကတော့ ဘယ်လိုနေရာမှန်းမသိပဲ ရောက်တုန်း နာမည်ကြီးတဲ့နေရာ ရောက်ဖူးတယ်ရှိအောင် သွားခဲ့ကြတာပါ။ တကယ်ရောက်သွားတော့မှပဲ ကလေးတွေအတွက် သီးသန့်လုပ်ပေးထားတာမှန်း သိရပါတော့တယ်။ အများအားဖြင့် ကစားကွင်းလာကြတာ ကလေးမိဘတွေနဲ့ ကလေးတွေ အရွယ်စုံပါပဲ။ ကျမတို့လည်း ကားပေါ်က ဆင်းဆင်းချင်း နှင်းတောထဲ ခုန်ပေါက်ပြေးလွှားရင်း နှင်းတွေကို လက်နဲ့ဆုပ်ပြီး အချင်းချင်း ပစ်ပေါက် ဆော့ကစားရတာ ပျော်စရာပါ။ နောက်ပိုင်း အရမ်းအေးလာတော့ မဆော့ချင်တော့ဘူး။ ကစားကွင်းထဲမှာ နှင်းရုပ်တုတွေ လျှောက်ကြည့်လိုက်၊ ရေခဲတုံးနဲ့ လုပ်ထားတဲ့ ၀င်္ကဘာထဲကို ၀င်လျှောက်လိုက်၊ နှင်းတောထဲ speed boat လိုမျိုး စီးလိုက်နဲ့ ရောက်တုန်းလေးမှာ တန်အောင်တော့ ဆော့ခဲ့ကြတာပေါ့။


ကျမတို့အတွက် ထူးခြားတာက အဲဒီမှာ နှင်းရုပ်ကို ကိုယ်တိုင်လုပ်ဖို့ ဇလုံအကြီးအသေး ၂ စုံရယ် (ဇလုံအကြီးက အရုပ်ဗိုက်လုပ်ဖို့နဲ့ အသေးက အရုပ်ခေါင်းလုပ်ဖို့ပါ။ )၊ အရုပ်အတွက် မျက်လုံး၊ မျက်ခုံးလုပ်ဖို့ အ၀ါရောင်၊ အနီရောင်၊ အနက်ရောင်လေးတွေ ချယ်ထားတဲ့ သစ်သားတုံးလေးတွေရယ်၊ အရုပ်လုပ်ပြီးရင် စာရေးပြီး ချိတ်ဆွဲဖို့ ကဒ်ရယ်၊ ကြိုးရယ်၊ ပေးပါတယ်။ အဲဒီအရုပ်ကို ဂျပန်လို yuki daruma တဲ့။ အမှန်တော့ ဗိုက်ပူပူနဲ့ ပစ်တိုင်းထောင်ရုပ်လိုမျိုးပါပဲ။ နှင်းနဲ့လုပ်လို့ yuki လို့ ထပ်ဖြည့်ခေါ်လိုက်တာ။ ကျမတို့ ၂ ယောက်လည်း ကလေးတွေနဲ့အပြိုင် daruma အရုပ်လုပ်ခဲ့ကြပါတယ်။ ပြီးသွားတော့ အရုပ် တပိုက်ပိုက်နဲ့ ဓာတ်ပုံ တ၀ကြီးရိုက်ပြီးမှ အရုပ်ထားဖို့ သတ်မှတ်ထား တဲ့နေရာမှာ ထားခဲ့ရတာပါ။ သူများတွေလည်း အရုပ်လုပ်ပြီး ထားခဲ့ကြတာမို့ အဲဒီ နေရာမှာ အရုပ်တွေ တော်တော်များများ စုမိနေပါပြီ။ တချိန်ချိန်မှာတော့ ဒီအရုပ်တွေအားလုံးဟာ အရည်ပျော်သွားကြမှာပါပဲ။ ကျမအတွက်ကတော့ မရောက်ဖူးသေးတဲ့နေရာကို ရောက်ခဲ့တာမို့ ပျော်ခဲ့ရပါတယ်။ ညနေ ၃ နာရီလောက်မှာ နှင်းအရမ်းကျလာပြီး မခံနိုင်တဲ့အဆုံး တည်းမယ့်ဟိုတယ်ကို ပြန်ခဲ့ကြတာပါ။ ဒါကတော့ ပထမရက် ခရီးစဉ်ပေါ့လေ။ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူငယ်ချင်းတို့လည်း ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။





မတ် ၁၁၊ ၂၀၀၈။

March 5, 2008

Flower Arrangement - Feb 28, 2008

ဖေဖေါ်ဝါရီ လလယ်လောက်ကစပြီး အလုပ် မအားတာနဲ့ ပို့စ် အသစ်မတင်ဖြစ်တာတောင် တော်တော် ကြာနေပါပြီ။ နောက်ဆုံးပို့စ်ရဲ့ ရက်စွဲကို ပြန်ကြည့်တော့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တင်ခဲ့တာ။ အဲဒီနောက်ပိုင်း ဘာစာမှ မရေးနိုင်လောက်အောင် လူမှုရေးကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာတောင် အလုပ်ဆင်းပေးလိုက်ရသေးတယ်။ ဒီနေ့မှပဲ အချိန်နည်းနည်း ရတာနဲ့ ကိုယ့် Blog လေးကို ဖုန်ခါပြီး လာလည်သွားတဲ့ သူငယ်ချင်းတွေရဲ့comment တွေ အေးအေးဆေးဆေး ဖတ်ကြည့်မိတယ်။ ဒီရက်အတွင်း အသစ်တင်မလားဆိုပြီး လာလည်တဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မအားတဲ့ရက်မှာ ကိုယ့် blog လည်း မကြည့်နိုင်သလို သူငယ်ချင်းတွေရဲ့ blog တွေကိုလည်း အလည်မရောက်ဖြစ်ခဲ့ပါဘူး။ ဒီလအတွက် ပို့စ်အသစ်အနေနဲ့ ပြီးခဲ့တဲ့ လကုန်ခါနီးတုန်းက ရုံးမှာ ပန်းအလှဆင်တဲ့ အကြောင်းလေးကိုပဲ ရေးလိုက်ပါရစေ...

*****


ဒီတစ်ခါ ပန်းအလှပြင်တာက ကျမအတွက်တော့ ၃ ကြိမ်မြောက်ဖြစ်ပြီး ရုံးက Flower Arrangement Club အနေနဲ့ကတော့ ၂၅ ကြိမ်မြောက်ပါ။ ဒါကြောင့် ပန်းအလှပြင်တာကို ထူးထူးခြားခြားဖြစ်အောင် Box Arrange လို့ခေါ်တဲ့ စက္ကူဘူးထဲမှာ ပန်းတွေနဲ့ အလှဆင်ကြတာပါ။ ပွဲမစခင်ကတည်းက စီစဉ်သူက အဖွဲ့ဝင်အားလုံးဆီကို မေးလ်ပို့ပြီး ယန်း ၄၀၀၀ လောက် ကုန်ကျမှာဖြစ်ကြောင်း၊ ပန်းကလည်း ဆေးစိမ်ထားတဲ့ပန်းနဲ့ ဘူးထဲမှာ အလှဆင်မှာဖြစ်ကြောင်း၊ ပန်းအလှပြင်တာနဲ့ ပတ်သက်တဲ့လင့်ကိုပါ ပေးထားခဲ့ပါတယ်။ အဲဒီရက်က အလုပ်အတော်ရှုတ်နေပေမယ့် ကျမကတော့ ပန်းအလှပြင်ရတာ ၀ါသနာပါလို့ အချိန်မရတဲ့ကြားက မရ ရအောင် သွားဖြစ်ခဲ့တာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ စက္ကူဘူး၊ ဖော့တုံး၊ နှင်းဆီပန်း ပန်းရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး အဖြူရောင် ၃ ပွင့်၊ နှင်းဆီပန်း အရောင်ရင့်ရင့် ၃ ပွင့်၊ နှင်းပန်းလို ပန်းအဖြူ ၃ ပွင့် (အဲဒီပန်း နာမည်တော့ မသိပါဘူး)၊ ဘေးက အလှဆင်တဲ့ ပစ္စည်းတွေကတော့ ပန်းအခြောက် လက်တစ်ဆုပ် (မိတ်ကပ်ရောင်ခေါ်မလားပဲ)၊ ပန်းခြောက်အခက် ၁ ခက် (အစိမ်းရောင်)၊ အလုံးလေးတွေက ၆ ခု၊ ပန်းခက် မွှားမွှားလေးတွေက ၆ ခု သူလည်း မိတ်ကပ်ရောင်လေးပဲ၊ ပန်းရောင် ဖဲကြိုးအပါး ၁ ခု၊ အထူစားက ၁ ခု၊ ဘူးက အညိုရောင်ကို သုံးထားတော့ ပန်းတွေနဲ့ အလှဆင်ပစ္စည်းတွေက ပန်းရောင် မိတ်ကပ်ရောင်အစရှိသဖြင့် အရောင်နုတွေ သုံးထားတာ ပိုများပါတယ်။ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။



ပုံ (၁) ပန်းအလှဆင်ဖို့အတွက် ပါဝင်တဲ့ ပစ္စည်းတွေပါ။ စက္ကူဘူးနဲ့ ဖော့တုံးက နောက်မှ ရောက်လာတာမို့ ဓာတ်ပုံထဲမှာတောင် မပါလာရရှာပါဘူး။

စစချင်း ပန်းခြောက်လေးတွေကို ကြည့်ကောင်းအောင် ဖြတ်ပြီး နန်းကြိုးနဲ့ ချည်ရပါတယ်။ ပြီးတော့ ဖဲကြိုးအပါးစလေးကိုလည်း လိုသလို ပုံဖော်ပြီး နန်းကြိုးနဲ့ ချည်ထားရပါသေးတယ်။ အခုတစ်ခါက နှင်းဆီပန်း ဘေးကထိုးဖို့ အလှဆင်တဲ့ ပန်းခြောက်တွေ ပိုများတာကြောင့် နန်းကြိုးနဲ့ချည်ပြီး အပေါ်က ကော်စက္ကူနဲ့ ပတ်နေရတာ အချိန်ပိုကြာလှပါတယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးရင် စက္ကူဘူးထဲမှာ ဖော့တုံးထည့်ပြီး အောက်ခြေကို မလှုပ်အောင် ကော်ကပ်ထားရပါတယ်။ ပြီးမှ နှင်းဆီပန်း အပွင့်ကြီး၊ အပွင့်သေးတွေကို ကြည့်ကောင်းအောင် နေရာချပါတယ်။ အဲဒီနောက် ဘေးကနေ အလှဆင်ပန်းခြောက်လေးတွေကို လိုက်ဖြည့်ရတာပါ။ နောက်ပြီး ပေးထားတဲ့ ပစ္စည်းတွေကို အားလုံး မသုံးလည်း ရပါတယ်။ ကိုယ်နှစ်သက်သလို သင့်သလို ကြည့်ကောင်းသလို လုပ်ကြတာပါပဲ။ ကျမကတော့ ပေးထားတဲ့ပစ္စည်းတွေကို မသုံးပဲထားခဲ့ရမှာ နှမြောပါတယ်။ ဒါကြောင့် အကုန်ပါအောင် ထည့်သုံးတာမို့ အမြင် ရှင်းရှင်းပဲ ကြိုက်တတ်တဲ့သူအတွက်တော့ ကျမရဲ့ ပန်းဘူးလေးက မျက်စိနောက်စရာပါ။ ဒါတောင် ပန်းရောင်အရင့် ဖဲကြိုးကို ဘယ်နားသုံးရမှန်းမသိလို့ ပြန်ပေးခဲ့လိုက်ရပါသေးတယ်။ ဆရာမကတော့ ဘူးအပေါ်က ချည်မယ်ဆိုရင် ချည်လို့ရတယ်လို့တော့ ပြောပါတယ်။



ပုံ(၂) ပန်းအခြောက် အခက်တွေကို သင့်တော်သလို ညှပ်ပြီး နန်းကြိုးနဲ့ချည်ပြီး ကော်စက္ကူနဲ့ ပတ်ရပါတယ်။


ပုံ (၃) ပန်းတွေကို ဖော့တုံးမှာ ကြည့်ကောင်းသလို ထိုးစိုက်ပါတယ်။


တကယ်တမ်းကျတော့လည်း ပန်းထိုးတာက အချိန်သိပ်မကုန်လှပါဘူး။ ပန်းပွင့်တွေကို ကိုယ်လိုသလို နေရာချပြီး ဘေးကနေ အလှဆင်တဲ့ ပန်းခြောက်တွေ လိုက်ဖြည့်လိုက်တာပါပဲ။ ပန်းခြောက်တွေကို ပြင်ဆင်တာက အချိန်အတော်လေး ကြာပါတယ်။ နောက်ပြီး စက္ကူဘူး အဖုံးကို အကုန်ဖွင့်ထားချင်ရင် ပန်းတွေကို မြင်သာအောင် ဘယ်လိုထားရတယ်ဆိုတာရယ်၊ စက္ကူဘူး အဖုံးကို တ၀က်ပဲ ဖွင့်ချင်ရင် ပန်းတွေကို တခြားဘက်မှာ များများထားရမယ်ဆိုတာရယ်ကို ဆရာမက သေချာရှင်းပြပေးပါတယ်။ ကျမအတွက်ကတော့ ဂျပန်လို သိပ်နားမလည်နိုင်တာကြောင့် ဆရာမ ရှင်းပြတာကို အကုန်လုံး မရခဲ့ပါဘူး။ ဒါကြောင့် ရသလောက် နားလည်သလောက် သိသလောက်လေးနဲ့ လုပ်လိုက်တော့ အခုလို ပန်းဘူးလေး ရလာတာပါပဲ။



ပုံ (၄) ဘေးကနေ အလှဆင်ပစ္စည်းတွေ ထပ်ထည့်ပြီး......



ပုံ (၅) နောက်ဆုံး စက္ကူဘူးထဲမှာ ပန်းနဲ့ အလှဆင်ထားတဲ့ Flower Box လေးရလာတာပါပဲ...


မတ် ၅၊ ၂၀၀၈။