March 27, 2008

မျှော်သာ မျှော်သည်...

ပြီးခဲ့တဲ့လက Singapore က ကျမသူငယ်ချင်း Osaka ကို အလုပ်ကိစ္စနဲ့ ၂ ပတ်လောက်နေဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါကြောင့် Singapore မှာရှိတဲ့ သူငယ်ချင်းတွေရော၊ အကိုနဲ့ ယောင်းမကရော ကျမ စားချင်တာတွေနဲ့ Osaka မှာ လုံးဝ ၀ယ်မရတာတွေကို သူနဲ့ လူကြုံထည့်ပေးလိုက်ပါတယ်။ တိုက်ဆိုင်ချင်တော့ သူလာတဲ့အချိန်ကလည်း ဂျပန်မှာ တရုတ်က တင်ပို့တဲ့ ရယ်ဒီမိတ် ဖက်ထုပ်နဲ့ပတ်သတ်ပြီး ပြဿနာတက်နေချိန်ပါ။ ဒါကြောင့် လေဆိပ်အ၀င်မှာ စစ်ဆေးရေးတွေ ပိုလုပ်လာတယ်လို့ တရုတ်ပြည်က ပြန်လာတဲ့ သူငယ်ချင်းဆီကလည်း သတင်းကြားထားသေးတယ်။ အဲဒါဆိုတော့ Singapore က ယူလာတဲ့ အစားအစာတွေကြောင့် Osaka အ၀င်မှာ သူ့အိတ်များဖွင့်စစ်နေမလား၊ ပစ္စည်းတွေ တခုချင်းများ ထုတ်ပြနေရမလား၊ သူတို့ သိမ်းများသွားမလား.. ဆိုပြီး သွားကြိုတုန်း အပြင်မှာ ဘုရားစာရွတ်ပြီး စောင့်နေခဲ့ရပါတယ်။ သူအပြင်ရောက်လာတော့မှ “Singapore ကလာတယ်ဆိုတာနဲ့ ဘာမှမပြောတော့ဘူး” လို့ ပြောမှပဲ ကျမလည်း သက်ပြင်းချ နိုင်တော့တယ်။ ဒီလိုနဲ့ ပစ္စည်းတွေဟာ ဘာအနှောင့်အယှက်မှ မရှိပဲ ကျမလက်ထဲကို A4 စက္ကူပုံးအပြည့် စားစရာတွေ ရောက်လာခဲ့တာပေါ့။


ကျမသူငယ်ချင်းတွေနဲ့ အကိုလင်မယားထည့်ပေးလိုက်တာတွေကို စက္ကူပုံးထဲက ထုတ်ပြီး ရေခဲသေတ္တာထဲ မထည့်ခင်လေး သေချာစီပြီး ဓာတ်ပုံရိုက်ယူထားလိုက်ရသေးတယ်။ (အခုလို blog ပေါ်တင်နိုင်အောင်လို့... :P) အမှန်က မစားရတာကြာတဲ့ အစားအစာတွေကို ကုန်သွားရင် ဓာတ်ပုံ ထုတ်ကြည့်ပြီး သွားရည်ကျမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရိုက်ယူထားတာပါ။ ပစ္စည်းတွေကတော့ “ဘူးသီး၊ မရမ်းသီး၊ ဒန့်ဒလွန်သီး၊ ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ငရုတ်သီးစိမ်း၊ သရက်သီးစိမ်း၊ မုန့်ဟင်းခါးအခြောက်ထုပ်၊ ချဉ်ပေါင်ရွက်ကြော်၊ မုန့်ဟင်းခါးထဲထည့်စားတဲ့ပဲကြော်၊ လက်ဖက်၊ ဆားငံသီးဖျော်ရည်၊ ကျောက်ကျောမှုန့်၊ အုန်းသီးမှုန့်၊ သရက်သီးသနပ်၊ ဇီးထုပ်၊ စပါးလင်” တို့ပါပဲ။


ရှားရှားပါးပါး ဒီပစ္စည်းတွေကို သင့်တော်သလို နေရာချပြီး အသီးအရွက်တွေတော့ မပုပ်ခင် အမြန်ချက်စားပစ်ဖို့ စီစဉ်ရတော့တာပေါ့။ စစချင်း အမျိုးသားက ဘူးသီးကြက်သားစားချင်တယ်ဆိုလာပါတယ်။ ဒါနဲ့ ဘူးသီးတခြမ်းနဲ့ ကြက်သားရောပြီးချက်စားလိုက်တာ မစားရတာကြာလို့လားမသိဘူး စားလို့ကောင်းလိုက်တာမှ အရမ်းပဲ။ ဘူးသီးကတော့ ကြက်သားနဲ့ ၂ ခါချက်စားလိုက်ရတယ်။ ပဲသီးတွေနဲ့ မုန့်ဟင်းခါးထဲထည့်စားတဲ့အကြော်တွေ ပါလာတာမို့ သူငယ်ချင်းတွေနဲ့အတူ ပိတ်ရက်မှာ မုန့်ဟင်းခါးချက်စားပစ်လိုက်ရော။ မရမ်းသီးကတော့ ကျမဆီမှာ ငရုတ်ဆုံ ရှိတာနဲ့ မရမ်းသီး ငပိထောင်း ထောင်းစားလိုက်တယ်။ နောက်ပြီး ပဲသီးက တောင်ငူမုန့်ဟင်းခါးချက်စားရင် မပါမဖြစ်တဲ့ အရာဆိုတော့ ပဲသီးမြင်ပြီဆိုတာနဲ့ ကျမအမျိုးသားက တောင်ငူမုန့်ဟင်းခါး ချက်ကျွေးဖို့ပြောတော့တာပဲ။ သူ့အတွက်လည်း တောင်ငူမုန့်ဟင်းခါး ချက်ကျွေးဖြစ်လိုက်သေးတာပေါ့။


တကယ်တော့ ဘူးသီး၊ ဒန့်ဒလွန်သီး၊ မရမ်းသီး၊ ချဉ်ပေါင်ရွက် စတာတွေက Osaka မှာ ဘယ်လိုမှ ရှာမရပါဘူး။ ကိုယ် မသိတာလည်းဖြစ်မယ်။ တခါတလေတော့ ဂေါ်ရခါးသီး တွေ့ရတတ်တယ်။ အဲဒီအခါကျရင်တော့ ကျမက ၀ယ်ပြီး မုန့်နှစ်နဲ့ ဘူးသီးကြော် ကြော်သလိုမျိုး ကြော်စားလိုက်တာပဲ။ ပဲသီးလည်း နွေဘက်ဆိုရင်တွေ့တယ်။ ကန်စွန်းရွက်လည်းရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ အရမ်းဈေးကြီးပြီး လက်တစ်ဆုပ်စာ လောက်လေးကို ယန်း ၅၀၀ ၀န်းကျင်လောက် ပေးရတော့ စားချင်ပေမယ့် မတန်တာနဲ့ မစားဖြစ်တော့ဘူး။ နွေဘက်ဆိုရင်တော့ အဲဒီလောက်ကိုပဲ ယန်း ၁၀၀ ကျော်လောက်နဲ့ရတတ်တာကိုး။ နွေကျမှပဲ ကန်စွန်းရွက်က မျိုးစုံလုပ်စားရတော့တယ်။


စားနေကျ အသီးအရွက် တချို့တလေများ Osaka မှာ ၀ယ်လို့ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဂျပန်ဆရာတွေ အိမ်ကိုစာလာသင်တော့ ရိုက်ထားတဲ့ ဓာတ်ပုံပြပြီး မေးကြည့်တာပေါ့။ သူတို့တွေ ကျမ ပြတဲ့ ဓာတ်ပုံကို ကြည့်ပြီး သိဖို့နေနေသာသာ၊ ဒန့်ဒလွန်သီးလည်း မမြင်ဘူးကြဘူး။ ချဉ်ပေါင်ရွက်လည်း တခါမှ မမြင်ဖူးဘူး။ ဘူးသီးကိုလည်း ရှင်းပြလိုက်ရတာ နောက်ဆုံး အင်္ဂလိပ်လို dictionary မှာရိုက်ပြတော့မှပဲ အော်.. အဲဒါ လားဆိုပြီး ပြောပါလေရော။ ဆရာက “ဂျပန်လူမျိုးတွေက ဘူးသီးကို စားလေ့မရှိဘူး။ ဘူးသီးခြောက်လုပ်ပြီး ကျောင်းသားအရွယ်တုန်းက ဆော့ကြတာ။ အဲဒီ ဘူးသီးခြောက်ထဲကို ရေတို့ အရက်တို့ ထည့်သောက်တာ”ဆိုပြီး ရှင်းပြပါတယ်။ “လိုချင်ရင်တော့ Botanical Garden မှာရှိလိမ့်မယ်ထင်တယ်” လို့လည်းပြောတယ်။ ဘူးသီးတခါ စားရဖို့ Osaka မှာ Botanical Garden အရင်လိုက်ရှာရဦးမယ်။ တော်ပါပြီ။ Osaka မှာ ဘူးသီးရှာမယ့် စိတ်ကူးကိုလည်း လက်လျော့လိုက်ပါပြီ။


*****


တကယ်တော့လည်း ကျမသူငယ်ချင်းတွေ၊ အကိုနဲ့ယောင်းမ ကျေးဇူးကြောင့်သာ အခုလို စားရတာပါ။ ဒါကြောင့် သူတို့ကိုလည်း ကျေးဇူးတင်မဆုံးတော့ပါဘူး။ လက်ဆောင်ထည့်ပေးလိုက်တဲ့သူတွေရော၊ တကူးတက သယ်လာပေးတဲ့ သူငယ်ချင်းရောပေါ့။ အခုဆိုရင် သူငယ်ချင်း ပြန်သွားတာလည်း တစ်လနီးပါးရှိနေပါပြီ။ စားစရာတွေလည်း တဖြည်းဖြည်း ချက်စားလာလိုက်တာ အခြောက်အခြမ်းတွေလောက်ပဲ ကျန်တော့တယ် ဆိုတော့.. နောက်ထပ် စားချင်ပေးမယ့်လည်း ဒီမှာက ၀ယ်လို့မရတော့ မစားရဘူးမို့လား။ ဒါကြောင့် ကျမလည်း Osaka ကို နောက်ထပ် လာလည်မယ့် သူငယ်ချင်း မိတ်ဆွေတွေကိုပဲ စောင့်မျှော်နေရတော့တာပေါ့....




စင်ကာပူကနေ ရောက်လာတဲ့ မြန်မာအစားအစာတွေပေါ့။




ဒါက ဘူးသီး၊ ကြက်သားချက်။ ဘေးနားက ပုဇွန်ခြောက်၊ စိမ်းစားငါးပိနည်းနည်း၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ရောထောင်းပြီး စားခါနီးမှ သံပုရာရည်ညစ်ထားတဲ့ ငပိထောင်း။ မရမ်းသီးငပိထောင်းကို နောက်မှ သတ်သတ်ကြွားဦးမယ်.. :P


(ဒီပို့စ်ကိုရေးပြီး ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်း စဉ်းစားလို့မရတာနဲ့ မြန်မာပြည်သိန်းတန် ဆိုထားခဲ့ဖူးတဲ့ သီချင်းစာသားလေးကို ယူသုံးလိုက်ရပါတယ်..)

မတ်လ ၂၇၊ ၂၀၀၈။

9 comments:

Anonymous said...

တော်တော်ဈေး ကြီး တဲ့ ဘူးသီးဟင်းပါ လား။း)

Khin said...

သားရည်ကျလာပြီ

သက်ဝေ said...

မနုစံရေ...
စားချင်တာလေးတွေ စားရတယ် ဆိုတာ
သိရလို့  ၀မ်းသာပါတယ်။ စင်္ကာပူမှာနေရတာ အဲဒါလေး တစ်ခုတော့ ကောင်းတယ်။ မြန်မာ အစားအစာတွေ တော်တော်စုံစုံ စားရတယ်ပေါ့။ ဒါထက် စုံစုံစားချင်ရင် သက်ဝေကို Osaka ကို လာလည်ဖို့  Sponser လုပ်ပါလား...။ စားချင်တာ မှန်သမျှ အကုန်လုံး
ဝယ်လာပေးမယ်လေ... ကောင်းဘူးလား။ ဟီဟိ...

By the way, ခရေပင်လမ်း (Lover's Lane) ဆိုတာ (အင်းစိန် ကြို့ ကုန်းက) ရန်ကုန် စက်မှုတက္ကသိုလ် မှာရှိပါတယ်။ :-P

pandora said...

ဟုတ်တယ် ဒီမှာကတော့ စားစရာ မပူရဘူး
အစုံရတယ် ချက်စားဖြစ်တယ်
မသက်ဝေပြောသလို ဖိတ်ကြားရင်တော့ သယ်လာပေးပါမယ် အဟီး

Anonymous said...

အစ်မရေ့ မြန်မာအစားစာ ကိုလွမ်းတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်ဗျာ ကျနော့်တို့ ဆီမှာတော့ အစုံရတယ်ဗျာ ။ ကျနော့်ကိုလည်း Sponser ပေးရင် လာပို့ ပေးမယ်လေ ဟားဟား ပျော်ဘာစားချင်လဲ အစ်မချက်ထားတဲ့ ဘူးသီးနဲ့  ကြက်သားဟင်းလေးစားချင်လိုက်တာ သွားရည်ကျပြီးပြန်သွားတယ်။

Anonymous said...

မျှော်သာမျှော်သည်...
ကျနော်တို့လည်း မျှော်နေရတာပါပဲ အစ်မရေ

Layma said...

မနုစံ..
လေးမ....ခုဘာလုပ်နေတယ် ထင်သလဲ... ဆားငန်သီးဖျော်ရည်သောက်ရင်း ဘလော့ဂ်လည်နေတာ..ဟဲ..ဟဲ..။ ညစာကို ကြက်ဘူးကာလသားချက်လေးနဲ့ ၀ါးထားတာ...။ ရှလွတ်..ရှလွတ်..။

ကလိုစေးထူး said...

နောက်ကျသွားပြီ ထင်ပါရဲ့ဗျာ။ ဟို ၀က်သားဟင်းနဲ့ သရက်သီးစိပ် ကျန်သေးလား။ :D

Anonymous said...

Toungoo Monhinga mean "with bean one" or without one.???