May 5, 2008

မုန်တိုင်းရဲ့ ဒဏ်ကြောင့်...


ဓာတ်ပုံ ကို ခေတ်ပြိုင် မှ ယူပါသည်။

အရင်တုန်းကဆို သူများနိုင်ငံတွေမှာ ငလျင်လှုပ်ပြန်ပြီ။ တော်ကြာ ရေကြီးပြန်ပြီ။ ဆူနာမီ ထိပြန်ပြီနဲ့။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ အဲဒီလို ကပ်မျိုး ဘယ်တော့မှ မဆိုက်ဘူးလို့ တွေးထားခဲ့တာ။ အခုတော့ တစ်သက်နဲ့တစ်ကိုယ် အခုလို အဖြစ်ဆိုးမျိုး ရန်ကုန်မှာ တခါမှ မကြုံဖူးဘူး။ မြန်မာနိုင်ငံကို ဘယ်လို ကြမ္မာဆိုးတွေများ ၀င်နေသလဲမသိဘူး။ အိမ်နဲ့လည်း အခုထိ ဖုန်းခေါ်လို့ မရသေးဘူး။ ဘယ်လောက်ကြာမှ ပြန်ခေါ်လို့ရမလဲဆိုတာလည်း ဘယ်သူမှ မပြောနိုင်ကြဘူး။ အများဆုံး ၂ ပတ် ကနေ ၁ လအထိ ကြာမယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။ စိတ်ပူလိုက် သတင်းပြေးကြည့်လိုက်၊ သတင်းပြေးကြည့်ပြီး စိတ်ပူလာလိုက်နဲ့ နောက်ဆုံး အိပ်မရတာပဲ အဖတ်တင်တယ်။ အပျက်အစီး အဆုံးအရှုံး နည်းပါစေလို့ ဆုတောင်ပေးနေပေမယ့် အင်တာနက်ပေါ်တက်လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး လူက သွေးပျက်ချင်လာပြီ။ အိမ်မှာရော ဘယ်လိုဖြစ်နေကြပြီလဲ။ အိမ်အခြေအနေ သိချင်လို့ တတ်နိုင်သလောက် လက်လှမ်းမှီရာ အမျိုးတွေဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့မှ မြို့ထဲက အဒေါ်အိမ်နဲ့ အဆက်အသွယ်ရတယ်။ ဒါတောင် အကိုက စင်ကာပူကနေ တဆင့် ဖုန်းဆက်မေးပေးလို့သာ သိရတာ။ ဒီဘက်ကတော့ ဘယ်ဖုန်းကိုမှ ဆက်လို့မရဘူး။ အင်းစိန်အိမ်က အပေါ်ထပ် နဲ့ အနောက်ဖက် တခြမ်းလုံး အိမ်ခေါင်မိုး သွပ်ပြားတွေလန်ပြီး ပျက်စီးသွားတယ်။ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာတော့ မသိခဲ့ရဘူး။ မုန်တိုင်းပြီး ချက်ချင်းပဲ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ပြန်ပြင်လိုက်ပြီဆိုတာရယ် လူကြီးတွေ နဲ့ မိသားစုဝင်တွေ ဘာမှ မဖြစ်ဘူးဆိုလို့ စိတ်အေးရပေမယ့် မီးမလာ၊ ရေ မရ၊ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ဘယ်လောက်ကြာကြာ ရင်ဆိုင်နေကြရမလဲ။ ဓာတ်ဆီတွေ ဈေးတက်၊ ဘဲဥ ကြက်ဥ တစ်လုံး ၃၀၀၊ ၄၀၀ တဲ့။ ဒီကြားထဲ အင်းစိန်ထောင်မှာ မီးလောင်တယ်ဆိုတဲ့ သတင်းလည်းဖတ်လိုက်ရသေးတယ်။ အင်းစိန်ထောင်က အိမ် နဲ့ဆို နီးနီးလေးပဲ။ ကိုယ်နဲ့ နီးနီးနားနား ခေါ်ထားလို့ လွယ်မယ်ဆိုရင် ခေါ်ထားလိုက်ချင်တော့တယ်။ ဒါတောင် ကိုယ့်မိသားစု တစ်စုထဲတင် ဒီလိုဖြစ်နေတာ တခြားမိသားစုတွေ၊ ကိုယ့်ထက်ပိုဆိုးတဲ့သူတွေ အများကြီးပဲ။ အားလုံးဟာ အပူမီးတွေဝိုင်းနေတာ။ လေဘေးဒုက္ခသည်စာရင်း၊ လူအသေပျောက် စာရင်း၊ ဆုံးရှုံးတဲ့ အိမ်ထောင်စုစာရင်းတွေ တစ်နေ့ထက် တစ်နေ့ တိုးနေတဲ့ ကိန်းဂဏန်းတွေကို မကြည့်ရဲတော့ဘူး။ ဒီနေ့လည်း ဂျပန်ဆရာမက message ပို့ပြီး သတင်းမေးတာတောင် ကိုယ့်မိသားစုအခြေအနေကို အတိအကျ မပြောပြနိုင်ခဲ့ဘူး။ နဂိုကလည်း စိတ်ပူတတ်သူမို့ အခုဆိုရင် ပိုဆိုးတယ်။


မေ ၅၊ ၂၀၀၈။

7 comments:

Anonymous said...

စိတ်မကောင်းလွန်းလို့  ဘာပြောရမှန်းတောင်မသိတော့ပါဘူး အစ်မရာ .....ပထမ သတင်းတွေမှာ လူ ၃၀၀ ကျော်ဆိုလို့  တော်တော် များနေပြီထင်တာ အခုတော့ တစ်သောင်းကျော်တောင်တဲ့ အစ်မ ပြောသလိုပဲ ဘယ်လို ကဒ်ဆိုးတွေ များကျရောက်နေသလဲ မသိတော့ပါဘူးဗျာ ၀ဋ်ရှိရင် ကျေပါတော့ဗျား(

ThuHninSee said...

အခု ၂၅၀၀၀တဲ့။ :(

မြရွက်ဝေ said...

မနု-စံရေ
ညီမလဲ အိမ်ကို ဖုံးခေါ်မရဘူး။ စိတ်ပူပြီး ငိုချင်တော့တာဘဲ။ :((

weikhine said...

hope ur family and loved ones in myanmar..are safe and sound and well naw ..
let's pray for them..i feel helpless too...cant do much expect for donation and voluntary work..ek

တန်ခူး said...

နုရေ...ဖုန်းရသွားပြီလား…lineဖုန်းတွေမရတာများတယ်…အားလုံးအတွက်ဆုတောင်းပေးပါတယ်…ခုပဲmessageရတယ်…မုန်တိုင်းနောက်တလုံးလာဦးမယ်တဲ့…သတင်းမှားတွေဖြစ်ပါစေ….

ThinkingHoney said...

အရင် colleague တယောက်နဲ့ ဖုန်းရတယ် သူက အခု UNမှာ သူ့တိုင်းပြည်ကိုခွင့်နဲ့တောင်မပြန်တော့ပဲ ထိုင်းကနေ ဗမာပြည်သွားမှာတဲ့ သူလှမ်းမေးပေးတော့ ရန်ကုန်အခြေအနေ ပြန်ကောင်းလာပြီလို့ပြောတယ် အမရေ တအားစိတ်မပူပါနဲ့ outbreak ဖြစ်နိုင်တာdelta region ပဲ စိတ်မကောင်းစရာပဲ
ပြီးတော့ မကြာခင် ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းတခုထပ်ဖြစ်နိုင်ချေရှိသတဲ့ :(

ThinkingHoney said...

စာကြွင်း။ ။ တသိန်းကျော်မယ်လို့ UN ကခန့်မှန်းသတဲ့။ သောင်းဂဏန်းမဟုတ်တော့ဘူး
အလှူငွေက online donation လုပ်လို့ရတယ်လေ အမ http://cyclonerelief.wordpress.com/