May 1, 2008

ဖက်ထုပ်ကြော် (Gyouza)

ဂျပန်မှာ မေလ ၃ ရက်နေ့ကစပြီး ၆ ရက်နေ့အထိ Golden Week ပိတ်ရက်ရှည် ရောက်လာတော့မယ်လေ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဧပြီ ၂၉ ရက်) ကလည်း Public Holiday ဆိုတော့ ကျမတို့ တင်္နလာနေ့ကို ရုံးက ခွင့်ယူပြီး ၄ ရက်ဆက်တိုက် နားလိုက်ရသေးတယ်။ “ပိတ်ရက်မှာ ဘယ်သွားဖြစ်ကြလဲ” လို့ သူငယ်ချင်းတွေက ရုံးပြန်တက်တော့ မေးကြတယ်။ ကိုယ်တွေက ဘယ်မှလည်း မသွားဖြစ်ပဲ အိမ်ထဲမှာ သန့်ရှင်းရေးလုပ်၊ အနွေးထည် အထူတွေ သိမ်းဆည်းပြီး နွေဘက်ဝတ်ဖို့ အင်္ကျီအပါးတွေ ပြန်ထုတ်၊ စားချင်တဲ့ မြန်မာအစားအစာတွေလုပ်စားနဲ့ ပိတ်ရက် က ကုန်သွားပြန်တာပဲ။ ပြီးတော့ ၃ ရက် ရုံးပြန်တက်ရတာပေါ့။ နောက်တပတ်ဆိုရင် Golden Week အတွက် ရုံးထပ်ပိတ်တာမို့ နားရတာ တဆက်တည်း မဟုတ်သလို အလုပ်သွားရတာလည်း စိတ်မပါလှဘူး။ ရုံးက တချို့လည်း ဒီတစ်ပတ်လုံး ခွင့်ယူပြီးနားနေကြလေရဲ့။


***


ပိတ်ရက်မှာ ထူးထူးခြားခြားဆိုလို့ တနင်္ဂနွေနေ့က ဂျပန်ဆရာမတွေ အိမ်လာလည်ရင်း gyouza (ギョウザ) လုပ်စားဖြစ်ခဲ့ကြတယ်။ တကယ်တော့ gyouza က တရုတ်အစားအစာပါ။ မြန်မာလိုကတော့ “ဖက်ထုပ်ကြော်” လို့ခေါ်မယ်ထင်ပါတယ်။ ဘယ်လိုဖြစ်ပြီး တရုတ်အစားအစာက ဂျပန်မှာ နာမည်လာကြီးနေလဲတော့ မသိပါဘူး။ တရုတ်စားသောက်ဆိုင်တွေမှာ ဖက်ထုပ်ကြော် မှာစားရင် ၆ ခုလောက်ပါတာကို ယန်း ၂၀၀ ကနေ ယန်း ၃၀၀ လောက်အထိပေးရပါတယ်။ တချို့လည်း ၀ယ်မစားကြပဲ အိမ်မှာ ကိုယ့်ဘာသာ လုပ်စားလေ့ရှိကြတယ်။ Ready Made လုပ်ထားပြီးသားတွေလည်း Super Market မှာရောင်းပါတယ်။ စားခါနီးမှ ပြန်ပြီး နွှေးစားရတာမို့ ကျမတော့ သိပ်မကြိုက်လှဘူး။ မြန်မာပြည်မှာတုန်းက တခါမှ မစားဖူးဘူး။ ဒီတခေါက်ဂျပန်လာတော့ တရုတ်ဆိုင်မှာ ထမင်းသွားစားရင်းကမှ အဲဒီဖက်ထုပ်ကြော်ကို ကြိုက်သွားတာ။


တခြား Blog တွေမှာလည်း ဖက်ထုပ်ကြော် လုပ်နည်းရှိပြီးသား ဖြစ်မှာပါ။ ဒီဟာကတော့ ဆရာမတွေနဲ့ ပါတီလုပ်ခဲ့တာလေးကို ပြောပြချင်တာရယ် နောက်တမျိုး ဂျပန်စတိုင်လေးပေါ့။ ဆရာမတွေ ရောက်လာတော့ အနီးနားမှာရှိတဲ့ Super Market မှာ လိုအပ်တာတွေ သွားဝယ်ပြီး ဖက်ထုပ်ကြော် လုပ်ဖို့ စပြီး ပြင်ဆင်ကြတာပေါ့။ လိုအပ်တဲ့ ပစ္စည်းတွေက လူ ၆ ယောက်စာမို့လို့ ၀က်သားအကြေ ၂ ဗန်း၊ ပုဇွန်ဗန်းသေး ၁ ဗန်း (ပုဇွန်က မထည့်လည်းရပါတယ်။ ထည့်တော့လည်း ပိုစားလို့ကောင်းတာပေါ့။) မုန်ညှင်းဖြူထုပ် ၁ စိပ် ၊ ကြက်သွန်ဖြူမိတ် ၁ စည်း၊ ဖက်ထုပ်ရွက် ၈၀၊ ကော်မှုန့်နည်းနည်း၊ ဖက်ထုပ်ကြော်နဲ့တို့စားဖို့ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ငရုတ်အဆီတို့ပါပဲ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်စားတော့ စားလို့ကောင်းတဲ့အပြင် Ready Made တွေလို ပိုးသတ်ဆေးပါမှာတို့၊ အထားခံအောင် ထည့်တဲ့ဆေးပါမှာတို့ မစိုးရိမ်ရဘူးပေါ့။



ကြက်သွန်ဖြူမိတ်နဲ့ မုန်ညှင်းဖြူထုပ်။

ဖက်ထုပ်ကြော်နဲ့တွဲစားတဲ့ ရှာလကာရည်၊ ငရုတ်အဆီ၊ ပဲငံပြာရည်အကြည်။


စစချင်း မုန်ညှင်းထုပ်ကို ပါးပါးလေးတွေ လှီးပါတယ်။ လှီးပြီးသား မုန်ညှင်းရွက်တွေကို ဆားနဲ့နယ်ပြီး အရည်တွေ ညစ်ထုတ်ပစ်လိုက်တယ်။ အဲဒါပြီးရင် ကြက်သွန်ဖြူမိတ်ကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲ သပ်သပ်ထည့်ထားပါတယ်။ ပုဇွန်ကျောက အူကြောင်းကို ဖယ်ပြီး ညှီနံ့ပျောက်အောင် ရေသေချာဆေးရပါတယ်။ ပြီးမှ အတုံးလေးတွေ တုံးထားလိုက်ပါတယ်။ ဇလုံအကြီးထဲကို ၀ယ်လာတဲ့ ၀က်သား ၂ ဗန်းရယ်၊ ဂျင်းနည်းနည်း၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆားနည်းနည်း၊ ကော်မှုန့်ထည့်ပြီး သေချာ နယ်ပါတယ်။ နောက်ပြီး ဂျပန်ဆရာမက ဟင်းချက် အရက်နည်းနည်းထည့်ဖို့ပြောတယ်။ ဒါပေမယ့် အိမ်မှာက ဟင်းချက်အရက် မသုံးတာနဲ့ သောက်ဖို့ ၀ယ်လာတဲ့ ဂျပန်အရက် နည်းနည်း ထည့်ပြီး နယ်လိုက်တာပါ။ (လက်သေချာမဆေးထားရင်တော့ နည်းနည်းလေး ငန်နေမှာပေါ့နော်. :P) ပြီးမှ ၀က်သားနယ်ပြီးသားထဲကို စောစောက ဆားနဲ့နယ်ထားတဲ့ မုန်ညှင်းရွက်ရယ်၊ ကြက်သွန်ဖြူမိတ် လှီးထားတာရယ်၊ ပုဇွန်လှီးထားတာရယ် တခါတည်း ထည့်နယ်လိုက်တော့ ဖက်ထုပ်ကြော်ထဲ ထည့်ဖို့ အစာ ရသွားတာပေါ့။


ဖက်ထုပ် စထုပ်မယ်ဆိုတော့ ဆရာမက အိမ်က ထမင်းစားပွဲခုံလေးကို သေချာသုတ်ခိုင်းပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ ကော်မှုန်နည်းနည်း ဖြူးချလိုက်ပြီး ဖက်ထုပ်ရွက်တွေကို တစ်ခုချင်းစီ ခုံပေါ်စီပြီး ဖြန့်ထားလိုက်ပါတယ်။ ကော်မှုန့်မသုံးရင် ကပ်ကုန်မှာစိုးလို့ပါ။ ပြီးတော့မှ အဲဒီ အရွက်တွေပေါ်ကို အသားနည်းနည်းချင်းစီထည့်ပြီး ထုပ်ရတာပါ။ အားလုံး ထုပ်ပြီးသွားမှ ဒယ်အိုး(non sticky)ထဲကို ဆီနည်းနည်းထည့်ပါတယ်။ ဆီပူလာမှ ဖက်ထုပ် ထုပ်ပြီးသားတွေ ဒယ်အိုးထဲ ဆန့်သလောက် ထည့်လိုက်တယ်။ တအောင့်နေလို့ ဖက်ထုပ် အောက်နားက ညိုလာပြီဆိုရင် ရေနည်းနည်းလေးထည့်ပြီး အုပ်ထားလိုက်ယုံပါပဲ။ ရေခန်းလို့ ကျက်ပြီဆိုရင် ပဲငံပြာရည်အကြည်၊ ရှာလကာရည်နည်းနည်း၊ အစပ်ကြိုက်ရင် ငရုတ်အဆီထည့်ပြီး တို့စားယုံပဲ။ ကျမတို့ကတော့ အဲဒီနေ့က ရာသီဥတု သာယာတာနဲ့ အိမ်မှာ ဖက်ထုပ်တွေ အားလုံးပြီးအောင်ထုပ်ပြီးမှ အိမ်ရှေ့ က မြစ်ကမ်းပါးပေါ်မှာ ကြော်စားခဲ့ကြတာပါ။


ဖက်ထုပ်ကြော်နဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ပြီးခဲ့တဲ့တခေါက် ဂျပန်လာတုန်းကပေါ့။ ဒီနေ့လို Osaka ရောက်ပြီး ရောက်တဲ့နေ့ ခရီးပန်းပြီးအိပ်လိုက်ကြတာ။ နောက်တစ်ရက် ရုံးက မန်နေဂျာမမ က သူ့အိမ်ကို ဖိတ်ပြီး နေ့လည်စာ ထမင်းကျွေးပါတယ်။ ကျမတို့ မြန်မာအုပ်စုထဲက အရှေ့တစ်နှစ်က ရောက်နေတဲ့ သူတွေရယ် နောက်ရောက်တဲ့ ကျမတို့ရယ်၊ လက်ရှိရုံးမှာရှိတဲ့ နိုင်ငံခြားသားတွေရယ်ဆိုတော့ လူက အတော်များတယ်ပြောရမယ်။ သွားကြတော့လည်း တစ်အုပ်ကြီးနဲ့ ကိုယ်ကလည်း ရောက်ခါစမို့ ပျော်မှပျော်ပေါ့။ မန်နေဂျာ မမအိမ်ရောက်မှ အပြတ်စားပစ်လိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ချီတက်သွားကြတာ။ မမအိမ်လည်းရောက်ရော လူအားလုံးအတွက် သူတစ်ယောက်တည်း ချက်ပြုတ်နေရတာမို့ ဖက်ထုပ်ကြော်လုပ်ဖို့ အသားနယ်ထားတဲ့ ဇလုံကြီးက ဒီအတိုင်းပဲ ရှိနေသေးတယ်။ ကျမတို့ရောက်သွားတော့မှ ဖက်ထုပ်ကြော်အတွက် စပြီးထုပ်ရတယ်လေ။ ယောင်္ကျားလေးတွေကတော့ ကျက်နှင့်ပြီးသား ဟင်းခွက်တွေနဲ့စားလို့ သောက်လို့ ပွဲစနေကြပြီ။ ကျမတို့ မိန်းကလေးအုပ်စုကတော့ ဗိုက်ကလည်းစာ၊ ထုပ်နေတဲ့ ဖက်ထုပ်ကလည်း ချက်ချင်းစားလို့မရ၊ သူများတွေစားနေတဲ့ဟင်းနံ့ကနှိပ်စက်နဲ့ ဒုက္ခကြီးလိုက်တာ မပြောပါနဲ့တော့။ ဖက်ထုပ် ထုပ်နေတဲ့ဆီလည်း စိတ်မရောက်နိုင်တော့ဘူး။ အဲဒီနောက်ပိုင်း ရန်ကုန်သာ ပြန်သွားတယ် ဖက်ထုပ်ကြော် မစားဖြစ်တော့ဘူး။ မန်နေဂျာက တရုတ်လူမျိုးဆိုတော့ ဟင်းချက်တာလည်း အတော်ကောင်းပါတယ်။ ဗိုက်ဆာနေတဲ့အချိန် ချက်ချင်းမစားခဲ့ရတာလေး တစ်ခုပါပဲ။ အရင်ကအကြောင်းတွေ သတိရလာလို့ ရေးလိုက်တာပါ။ ပို့စ်နဲ့တော့ မဆိုင်ပါဘူး။


***


အမ ဂျပန်မုန့်တွေ မစားရတာ ကြာပြီနော် လို့ ပြောသွားတဲ့ မောင်မျိုး နဲ့ အတူ Blog ကို လာလည်တဲ့သူငယ်ချင်းအားလုံးအတွက်ပါ။ အခုဖက်ထုပ်ကြော်ကတော့ ဂျပန်ဆရာမလုပ်ပြီး အမနှမ်းဖြူးထားတဲ့ လက်ရာပေါ့။ နောက်တစ်ခါမှ ကိုယ်တိုင်လုပ်ပြီး ကျွေးမယ်နော်။




ဖက်ထုပ်ထဲထည့်ဖို့ ၀က်သားနယ်ထားပြီးသား။


ဖက်ထုပ်ရွက်ပေါ်ကို ၀က်သားနည်းနည်းချင်းဆီ လိုက်ထည့်ပါတယ်။


ဘေးနားမှာ ရေခွက်ထားထားပြီး ဖက်ထုပ်ရွက် တခြမ်းကို ရေအရင်ဆွတ်ပြီးမှ အရွက်ကို စထုပ်တာပါ။


ပြီးရင် ဖက်ထုပ်ရွက် အပေါ်ဘက်အခြမ်းကို အတွန့်လေးတွေဖြစ်အောင် လုပ်ပြီး နောက်ဆုံးကျရင် အစာတွေ ထွက်မကုန်အောင် လက်နဲ့အသာလေးဖိပိတ်လိုက်ပါတယ်။



ဒါတွေကတော့ ထုပ်ထားပြီးသားပေါ့။ အားလုံးဝိုင်းလုပ်ကြတာမို့ ပုံစံမျိုးစုံနဲ့ သိပ်မလှဘူး။ ဗိုက်ထဲရောက်သွားတော့လည်း လှတာ မလှတာ မသိတော့ဘူးပေါ့နော်.. :)


ကြော်တဲ့အဆင့်တွေကတော့ အပေါ်မှာ ရေးပြထားခဲ့သလိုပါပဲ။ နောက်ဆုံးကြော်ပြီးသားရလာရင် ပဲငံပြာရည်နဲ့ တို့စားလိုက်ယုံပဲ။ ဗိုက်ဆာနေတာနဲ့ ပဲငံပြာရည်စပ်ထားတဲ့ပုံတောင် မရိုက်လိုက်ရဘူး။


ဆိုင်မှာစားရင် ဒီလိုပုံစားရတာပေါ့။ (ဓာတ်ပုံကို ဒီနေရာမှ ယူပါသည်။)

မေ ၁၊ ၂၀၀၈။

11 comments:

Anonymous said...

အရမ်းရမ်းစားကောင်းပါ၏..
လာစားသွားပါတယ်အစ်မရေ..

မျှားပြာ said...

အားးးးးးးးးးးးးပါးးးးးးးးးးးးးးးးး ကောင်းလိုက်တာ အစ်မနုစံရေ ...။
နောက်တစ်ခါလည်း ဒီလိုမျိုးလေးတွေလည်း လုပ်ကြွေးပါဦး အစ်မရေ ...။ အဆင်ပြေပါစေ အစ်မရေ ..။

ThuHninSee said...

လုပ်စားမယ်..လုပ်စားမယ်

တန်ခူး said...

နုရေ...ခုလိုအသေးစိတ်ရေပြထားတာကျေးဇူးနော်။ တခါမှလုပ်မစားဖူးဘူး။ နုညွှန်းတဲ့အတိုင်းလုပ်ကြည့်ဦးမယ်။ Btw,Bannerလေးကလှလိုက်တာ...စိတ်ကိုကြည်သွားတာပဲ...

Anonymous said...

ဟားဟား...အစ်မ ကတယ်ကြီး ကျွေးတာပဲ စနေတာထင်တာ ပျော်လိုက်တာ စားကောင်းမယ့်ပုံပဲး) မုန့် တွေ မကြာမကြာကျွေးနိုင်ပါစေဗျာ ခရီးက ပြန်လာလည်းကျွေး ၊ အိမ်မှာလုပ်စားလည်းကျွေနော့်
ကျေးဇူး

စိုးထက် - Soe Htet ! said...

မရောက်တာကြာပြီမို့ အ၀ ဆွဲ သွားတယ် :P

Layma said...

ဟင်းချက်အရက်က ဘယ်လိုဟာမျိုးလဲ..မ..။
ဖက်ထုပ်မကြိုက်ပေမယ့် လုပ်ကျွေးချင်စိတ်..အဲလေ...
စားချင်စိတ်ပေါက်သွားပြီ..။

ThinkingHoney said...

Banner လေးက အရမ်းးးး လှတာပဲ အမရေ
ဖက်ထုပ်ကတော့ လုပ်ကျွေးရမယ့်လူရှိမှပဲ စမ်းသပ်ကြည့်ဦးမယ်
ခုတော့ သွားဝယ်စားလိုက်မယ် :P

သက်ဝေ said...

Banner လေးကလဲ လှ... Gyouza လေးတွေကလဲ စားလို့ ကောင်းမှကောင်း...
အဲဒီ Gyouza ကို ကြိုက်တယ်။ မကြာမကြာလဲ လုပ်စားဖြစ်တယ်။ မတူတာကတော့ ဟင်းချက် အရက် မထည့်ဖြစ်တာတစ်ခုပါဘဲ...။ ဒါကြောင့် သိပ်မတူတာဖြစ်မယ်... အနံ့ လေးက နဲနဲလိုနေသလိုဘဲ...။ မျှဝေပေးတာ ကျေးဇူးပါ။
Happy Golden Week Holiday...!!!

ThinkingHoney said...

အမရေ
ကျောင်းတွေလဲပါသွားတယ်
လှိုင်သာယာဖက်မှာလည်း ကလေးတွေပျောက်၊ အိမ်တွေပါနဲ့
မုတ်သုန်ကလည်း ပျောက်နေတယ်
သူက ကော်ဖီဆိုင်ဆိုပြီးသွားလိုက်ရင် မြို့တ၀က်လောက်ပါတ်ပြီးသားပဲ ခုလည်း ဘယ်ရောက်ဘယ်ပျောက်နေမှန်းမသိပါဘူး
တောင်ကြီးကလူတွေတော့ အွန်လိုင်းတက်နေပြီ။

ဆောင်း said...

လာလည်သွားပါတယ် စီပုံးမရှိလို့  ဒီမှာဘဲ ရေးခဲ့ပါတယ်။ ပို့ အဟောင်းမှာ တောင်ငူမုန့် ဟင်းခါးဆို လို့  အဆန်းဖြစ်နေတယ်။ တကယ်လို့ များ ချက်စားရင် ချက်နည်းလေးပါ ရေးပေးပါလား