*ဓာတ်ပုံကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။
ဂျပန်မှာ ဒီနေ့က အစိုးရ ရုံးပိတ်ရက်ပါ။ ဘာဖြစ်လို့ ပိတ်လဲတော့ မသိပေမယ့် ရုံး ၃ ရက်ပိတ်ရင်တော့ ပျော်တာ အမှန်ပဲ။ ဖြစ်နိုင်ရင် တပတ်မှာ ၄ ရက်လောက် ရုံးတက်လိုက် ၃ ရက်လောက်နားလိုက် အဲဒီလိုလေးဖြစ်ချင်တာပေါ့။ ဒါမှလည်း နားရတယ်လို့ ထင်တယ်။ နို့မို့ဆို ပိတ်ရက်က တပတ်စာ ဈေးဝယ်ထွက်ရတာနဲ့ ချက်ပြုတ်၊ လျှော်ဖွတ်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေး လုပ်ရတာနဲ့ နားရတယ်လို့ကို မထင်ဘူး။
*****
ဂျပန်မှာ animation ရုပ်ရှင် ကားတွေ ထုတ်လုပ်တဲ့ Studio Ghibli ကုမ္ပဏီက အတော်လေးကို နာမည်ကြီးပါတယ်။ အရင် ထုတ်လုပ်ခဲ့ပြီးသမျှ Animation ကားတွေထဲက တချို့ဆို မြန်မာရုပ်မြင်သံကြားမှာလည်း ပြဖူးတယ်။ ကျမမှတ်မိသလောက်က My Neighbour Totoro (となりのトトロ Tonari no Totoro) နဲ့ Kiki Delivery Service (魔女の宅急便 Majo no Takkyūbin) ပါ။ အမှန်တော့ အဲဒီကားတွေက ဂျပန်မှာ ၁၉၈၈/၈၉ လောက်က ထုတ်လုပ်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ကားတွေပါ။ အခုချိန်ထိလည်း DVD ခွေတွေကို ၀ယ်လို့ ငှားလို့ ရနေပါသေးတယ်။ နောက်ထပ် ရုပ်ရှင်တွေထဲကဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း Kobe မှာ မီးလောင်ဗုံးကျဲလို့ လူတွေသေကြေပျက်စီးတဲ့ အဖြစ်ကို အခြေခံပြီး စစ်ရဲ့ အနိဌာရုံတွေကို ရိုက်ပြထားတဲ့ Grave of the Fireflies (火垂るの墓, Hotaru no Haka) ကားဆိုရင် ကြည့်ပြီးတော့ ငိုခဲ့ရဖူးပါတယ်။ Spirited Away (千と千尋の神隠し Sen to Chihiro no Kamikakushi) ကားဆိုရင်လည်း ၂၀၀၂ ခုနှစ်မှာ Oscar ဆု ကို ပထမဆုံး Animation ကားအနေနဲ့ ရခဲ့တာလို့ wiki မှာ ဖတ်ရပါတယ်။ တခြား နာမည်ကြီးတဲ့ ကားတွေလည်း ရှိနေပါသေးတယ်။ ၂၀၀၈ မှာ ထုတ်လိုက်တဲ့ ရုပ်ရှင်ကတော့ Ponyo on the Cliff by the Sea (崖の上のポニョ Gake no Ue no Ponyo) ပါ။ ကျမစိတ်ထင် နောက်ပိုင်း ကားတွေက အရင်ကာတွန်းလက်ရာတွေကို သိပ်မမှီတော့ဘူးလို့ ခံစားလာရတယ်။ နောက်ဆုံး ရုပ်ရှင်ကတော့ မကြည့်ရသေးလို့ ကောင်း မကောင်း မသိသေးပါဘူး။
Donguri Kyowakoku (どんぐり 共和国) ဆိုင်လေးတွေက ဂျပန်ရဲ့ နေရာတော်တော်များများမှာ ရှိပါတယ်။ အဲဒီဆိုင်လေးတွေက Studio Ghibli ရဲ့ character နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေးတွေပါ။ ကျမတို့သွားခဲ့တဲ့ ဆိုင်က Osaka Ko ရဲ့ Shopping Mall ထဲက ဆိုင်ကို သွားခဲ့ကြတာပါ။ ဆိုင်ရှေ့ရောက်တာနဲ့ Totoro အရုပ်နဲ့အတူ တခြား အလှဆင်ထားတဲ့ အရုပ်လေးတွေမြင်ရတာမို့ ကလေးတွေ သဘောကျမယ် ဆိုလည်း ကျချင်စရာပါပဲ။ အထဲမှာ ဆိုင်ခန်းက ကျဉ်းပေမယ့် ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းတွေက အစုံပါပဲ။ Totoro အရုပ် ဆိုဒ်မျိုးစုံ အရွယ်မျိုးစုံ အရောင်မျိုးစုံနဲ့ ပုံစံမျိုးစုံ ရှိပါတယ်။ အဓိက ရောင်းချတဲ့ ပစ္စည်းတွေက တခြား character တွေထက် ကာတွန်း ပိုဆန်တဲ့ တိုတိုရိုအရုပ် (Totoro) ၊ မဲ့ (mei めい) ၊ နဲကို ဘတ်စ် ( Neko Bus ネコバス) ၊ ကိကိ ရဲ့ ကြောင်နက်လေး ဂျိဂျိ စတဲ့ အရုပ်တွေကို ကပ်ပြီး ပုံဖော်ထားတဲ့ လက်ကိုင်ပုဝါ၊ စားပွဲအလှတင်ပစ္စည်း၊ ကီးချိန်း၊ ဖုန်းမှာ အလှချိတ်တဲ့ပစ္စည်း၊ အိမ်တွင်းအလှဆင်တဲ့ ပန်းအိုး၊ အိမ်သာ ရေချိုးခန်း အသုံးအဆောင်၊ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ ကလေးကျောပိုးအိတ်၊ ကလေးသွားရည်ခံ၊ အိမ်တွင်းစီးဖိနပ်နဲ့ လက်ကိုင်အိတ်တွေပါပဲ။ အဲဒီပစ္စည်းတွေမှာ သက်ဆိုင်ရာ character တံဆိပ်လေး၊ အရုပ်လေး ကပ်လိုက်တာနဲ့ ဈေးက ထောင်သောင်းချီနေတော့တာပါပဲ။ ပြီးတော့ Studio Ghibli က ထုတ်တဲ့ DVD ခွေတွေလည်း ၀ယ်ချင်တယ်ဆို ၀ယ်လို့ရပါသေးတယ်။ အရင်တခေါက် လာတုန်းကတော့ ဆိုင်ထဲမှာ Neko Bus ကြီး ရပ်ထားတာ တွေ့မိသေးတယ်။ အခုတခေါက်တော့ မတွေ့မိတော့ဘူး။ အထဲမှာ ပစ္စည်းတွေက များပြီး သူ့နေရာနဲ့သူ နေရာချထားတော့ တချို့အရုပ်တွေဆို မကိုင်ပါနဲ့ လို့ စာကပ်ထားလို့ ဒီအတိုင်းပဲ ကြည့်ပြီး ပြန်လာခဲ့ရတယ်။ အမှန်က အဲဒီလောက်ကြီးတဲ့ Totoro အရုပ်ကြီး ဖက်ပြီး ဓာတ်ပုံရိုက်လိုက်ချင်တာ။
ကျမက Osaka Ko ကို မသွားခင် အရုပ်တခုလောက် ၀ယ်ပေးပါလို့ အမျိုးသားကို ပူဆာထားပါတယ်။ ဂျပန်မှာက အရုပ်ဆိုင်တွေ များပေမယ့် ဈေးက မသက်သာလှပါဘူး။ ဒါကြောင့် ကျမ အ၀ယ်အများဆုံး အရုပ်တွေက ယန်း ၁၀၀ ဆိုင်က ခွေးရုပ်၊ ကြောင်ရုပ်လေးတွေပါပဲ။ အရင်ကတည်းက Totoro အရုပ်ကို အရမ်းလိုချင်ပေမယ့် အသေးလေးကိုပဲ ထောင်ချီပေးရမယ်ဆိုတော့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ ဒီတခေါက် ရောက်လာတော့ အရုပ်တွေမြင်ရင် လိုချင်တဲ့စိတ်က တားမရပြန်ဘူး။ ဒီနေ့လည်း Totoro အရုပ်ကို လိုချင်လို့ ကိုင်လိုက်၊ နှမြောလို့ ပြန်ချထားလိုက်၊ ပြီးရင် မ လို့ ကိုင်လို့ရတဲ့ အရုပ်နဲ့ အာသာပြေ ဓာတ်ပုံလေး တွဲရိုက်လိုက် လုပ်နေရာက အမျိုးသားက “တစ်ရုပ်ဝယ်ပေးမယ် ကြိုက်တဲ့အရုပ်ယူ” လို့ပြောပါတယ်။ ကျမကတော့ လိုလည်း လိုချင်၊ ဈေးကလည်း များတော့ ၀ယ်ရမှာ တွန့်နေတာပေါ့။ အရုပ်ဈေးကလည်း ကြည့်ပါဦး။ Totoro အရုပ် Small Size (18 cm) ဆိုရင် ယန်း ၁၆၈၀၊ Medium Size (27 cm) က ယန်း ၂၉၄၀၊ Large Size (40 cm) က ယန်း ၅၀၄၀၊ LL size (55 cm) က ယန်း ၁၂၆၀၀ ပါ။ အကြီးကြီးကတော့ ယန်း ၃ သောင်းကျော်မလား မသိဘူး။ တခြား အရုပ်တွေရှိပေမယ့် ကျမက Totoro ကို ပိုသဘောကျလို့ ၀ယ်မယ်ဆို Totoro ပဲ ၀ယ်ချင်ပါတယ်။ နောက်ပြီး ဒီအရုပ်က ဂျပန်မှာပဲ နာမည်ကြီးတာမို့ပါ။ နောက်ဆုံး ဈေးနဲ့ အရုပ်အရွယ်နဲ့ ဘာကို ၀ယ်ရင်ကောင်းမလဲလို့ ချီတုံချတုံဖြစ်နေရာက အမျိုးသားက “ယန်း ၅၀၄၀ တန် အကြီးပဲ ယူလိုက်ပါ” လို့ recommend လုပ်တာနဲ့ သူ့ကို အားနာပြီး အဲဒီအရုပ်လေးပဲ ယူလိုက်တော့တယ်... (တော်သေးတယ်။ အလိုက်သိပေလို့.. :P)
ကျမ ဒီရောက်ကတည်းက စုနေတာ အရုပ်တွေပါပဲ။ အခုတော့ ၀ယ်ပေးမယ့် သူရှိပြီဆိုတော့ “တခြားဟာ ချွေတာပါ့မယ် အရုပ်လေးတော့ ၀ယ်ပေးပါ” လို့ ပူဆာပြီး ၀ယ်ခိုင်းထားတာ အရုပ်လေးတွေ များနေပါပြီ။ ထားဖို့နေရာက မရှိဘူးဆိုတော့ သူတို့အတွက် စင်လေးတစ်ခု ထပ်ဝယ်ခိုင်းဦးမှလို့ တွေးရင်း ဒီညတော့ Totoro အရုပ်အသစ် ရလာလို့ပျော်ပြီး Blog ပေါ်တင်လိုက်ပါပြီ။ (အမှန်ကတော့ ကြွားတာလည်း ပါတာပေါ့လေ.. :D)
ဆိုင်ထဲမှာ ရိုက်ယူလာခဲ့တဲ့ ပုံတွေလည်း ကြည့်လို့ရအောင် virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်နော်။