August 1, 2008

For my....

ပြီးခဲ့တဲ့ ပို့စ် မှာတုန်းက မတန်ခူး က ဒီလိုလေး comment ပေးသွားတယ်...နုရေ… ပျော်စရာလေးနော်… အဲဒီလို အလိုလိုက်တတ်တဲ့ ခင်ပွန်းလေးကို အပြတ်ချက်ပြုတ်ကျွေးလိုက်… ဒါမှအရုပ်တွေ အများကြီးရမှာ… တဲ့။ နောက်ပြီး အိုးဝေ က မဇနိရဲ့ “နိပွန်ပြည်မှာ အိမ်ငှားမယ်” ဆိုတဲ့ ပို့စ်မှာ ကိုယ်က comment ၀င်ရေးထားတော့ ညီမလေး မဇနိက ဒီလိုလေး ပြောပြန်ရော.. “မမနုစံတို့က ပြောအားရှိတယ်။ အိမ်ဦးနတ်ကြီးတွေရှိတာကိုနော်။ အိမ်ဦးနတ်တန်ခိုးတွေသိရင် ဟင်းကောင်းကောင်းချက်ကျွေးလိုက်နော်။ မမတို့လို ရုံးရှိတဲ့သူက အဆင်ပြေလိုက်တာနော်။”


မတန်ခူး
နဲ့ မဇနိတို့ရဲ့ comment လေးတွေ ဖတ်ပြီးတော့ ကျမ တခွီခွီနဲ့ ရီပြီး သူ့ကို ဖတ်ပြရင် သူက “ဟုတ်သားပဲ ဟင်းကောင်းကောင်းချက်ကျွေးပေါ့”ဆိုပြီး ပြန်နောက်တတ်ပါတယ်။ နောက်ပြီး အိမ်ရှင်မ ပီသတဲ့ ညီမလေး မြရွက်ဝေ ရဲ့ blog မှာဆိုရင် မနက်တိုင်း သူ့အမျိုးသားအတွက် ဖွယ်ဖွယ်ရာရာလေးတွေ ပြင်ဆင်ပေးပြီး ထမင်းချိုင့်ထည့်ပေးတာ မြင်ရတော့ “တော်လိုက်တာ” လို့ စိတ်မှာချီးကျူးမိတယ်။ ပြီးတော့ အိမ်ထောင်ထိန်းသိမ်းတတ်တာလေးတွေ သဘောကျလို့ သူ့ပို့စ်တွေ ဖတ်ပြီးရင် ကိုယ့်ရဲ့ ညံ့ဖျင်းမှုတွေက ပိုသိသာလာတယ်။


*****


မရှက်တမ်း ၀န်ခံရရင်တော့ ကျမက အိမ်မှုရေးရာအပြင် မိန်းကလေးတွေ တတ်အပ်တဲ့ အတတ်ပညာတွေကို ဘာမှဖြစ်ဖြစ် မြောက်မြောက် မတတ်ပါဘူး။ အဲ.. မတတ်ဘူးလားဆိုလည်း မဟုတ်ပြန်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ပေါ့။ အဲဒီလို လူမျိုးတွေက ပိုဆိုးတယ်ဆိုရမလားပဲ။ အရင် ၁၀ တန်းအောင်ခါစတုန်းက စက်ချုပ်သင်တန်း တက်လိုက်သေးတယ်။ ဓမ္မဇေတီလမ်းက အိမ်တွင်းမှုသင်တန်းကျောင်းမှာလည်း သွားတက်လိုက်သေးတယ်။ အဲဒီလိုတွေ တတ်ပြီးတော့ အင်္ကျီတစ်ထည်ဖြောင့်ဖြောင့်ချုပ်တတ်သလား ဆိုတော့လည်း မချုပ်တတ်ပြန်ဘူး။ သင်တန်းပြီးခါစတုန်းက လက်သင်အဖြစ် သူများအင်္ကျီလေးတွေ ယူချုပ်ပေးသေးတယ်။ ကိုယ်က ချုပ်ခ မယူပဲ “အလကား ချုပ်ပေးပါရစေရှင့်” ဆိုပြီးတော့ကို ချုပ်ပေးတာ။ အပြင်လူတော့လည်း အာမခံပြီး မချုပ်ပေးရဲဘူးလေ၊ ကိုယ့်အကြောင်းကိုယ်သိပြီးသားမို့။ ခင်တဲ့သူတွေကိုပဲ ချုပ်ပေးတာ။ သူတို့ကတော့ ကိုယ့်ကို ယုံကြည်ပြီး ပုံအပ်ရှာတယ်။ ကိုယ်ကလည်း စေတနာအပြည့်နဲ့ချုပ်ပေးတာပဲ။ ဖြစ်ချင်တော့ အင်္ကျီစ ညှပ်ရင် အောက်မှာ ပိတ်စ ၂ ထပ်ပူးညှပ်မိရတာနဲ့၊ လက်ပေါက်ကို မှားညှပ်မိရတာနဲ့၊ ပိတ်စကို ဗြောင်းပြန်ညှပ်မိရတာနဲ့။ အို.. မျိုးစုံနေတာပဲ။ နောက်ဆုံး ဘာလုပ်ရလဲဆိုတော့ အမေက သူများပိတ်စ နမူနာကို ယူပြီး ဈေးပြေးရတော့တာပေါ့။ အစားပြန်လျော်ပေးဖို့။ အမေ့ အင်္ကျီဆိုရင်တော့ ကိစ္စမရှိဘူးလေ။ ပြန်မလျော်ပေးလည်းရပေမယ့် အဒေါ်တွေ အင်္ကျီဆိုရင် ရှိစုမဲ့စုလေးတွေ ၀ယ်စုထားပြီး ချုပ်ခ သက်သာအောင် ကိုယ့်ဆီလာအပ်တာဆိုတော့ လျော်ပေးမှ ကောင်းမှာပေါ့နော်။ အစတုန်းကတော့ အမေကိုယ်တိုင်က “ဒီလောက်တော့ ရှိမှာပေါ့ သမီးရယ်၊ နင့်ဟာက အစပဲရှိသေးတာ၊ နောက်သတိထားပေါ့”တဲ့။ ၂ ခါ ကနေ ၃ ခါ၊ ၃ ခါကနေ ၄ ခါလည်းကျရော အမေလည်း လျော်ရတာ ဆက်တိုက်ဖြစ်လာလို့ နောက်ဆုံး “တော်ပါတော့ သမီးရယ် နင့်ဟာက ချုပ်ခမရတဲ့အပြင် လျော်ရတာနဲ့ တောင်မကာမိတော့ဘူး”တဲ့လေ။ အဲဒီနောက်ပိုင်း အင်္ကျီချုပ်တာ တစခန်းရပ်သွားတယ်။ ပုဆိုးတို့ ထမီတို့လောက်တော့ ရပါသေးတယ်.. :D


အင်္ကျီချုပ်ပြီးသွားတော့ ၂ ချောင်းထိုး ၁ ချောင်းထိုး တက်တင်းတွေ လုပ်လိုက်သေးတယ်။ အဲဒါလည်း တစ်ထည်ပြီးဖို့ဆို တော်တော်အချိန် ကြာတယ်။ နောက်ပြီး မျက်မှန်တပ်ရတော့ အဖေက မျက်စိအားနည်းမှာ စိုးလို့ မလုပ်စေချင်ဘူး။ ကိုယ်ကလည်း အဖေ့စကား နားထောင်ပြီး ဘာမှ မကိုင်ဖြစ်တော့ဘူး။ ဒါကြောင့် ပုဝါ၊ တီဗွီအုပ်တဲ့ဟာ၊ စားပွဲခင်း အဲဒါလောက်ပဲ ရတော့တယ်။ အင်္ကျီထိုးတဲ့အဆင့်က တစ်ထည်လားပဲပြီးလိုက်တယ်။ မှတ်မှတ်ရရ ပထမဆုံး ထိုးလိုက်တဲ့ ၁ ချောင်းထိုးအင်္ကျီလေးက ကိုယ့်အတွက်ထိုးတာ၊ အရမ်းသေးပြီး ၅ တန်းတက်နေတဲ့ ညီမ ၀မ်းကွဲလေးအတွက်ဖြစ်သွားတယ်။ အဲဒီလောက်ကို တော်တာ။ အခုဆို မျက်လုံးက ပိုတောင်ဆိုးလာသေးတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သက်ညှာတဲ့အနေနဲ့ ကွန်ပျူတာပဲ စွဲစွဲမြဲမြဲ သုံးတော့တယ်။ တခြားမှာ သိပ်ပြီး အားမစိုက်ဖြစ်တော့ဘူး.. :D


*****


အချုပ်အလုပ်မရလို့ အချက်အပြုတ် အရမ်းကျွမ်းကျင်တယ်လို့ မထင်ပါနဲ့။ အချက်အပြုတ် မီးဖိုချောင်အလုပ်လည်း စားလို့ဖြစ်အောင် ချက်တတ်တယ်။ အာမခံတာက ပျက်စီးပြီး စားမရလို့ သွန်ပစ်လိုက်တာမျိုးတော့ မရှိဘူး။ ၁၀ တန်းအောင်ပြီးကတည်းက မီးဖိုချောင်ဝင်၊ အိမ်က ကိစ္စတွေ လုပ်လာတာဆိုတော့ သန့်ရှင်းရေး မီးပူတိုက် ဟင်းချက်က သာမန်အဆင့်ပေါ့လေ။ အဲဒီတော့ အမေက ပြောတယ်။ သမီးအိမ်ထောင်ကျရင် အိမ်မှုကိစ္စအတွက် စိတ်မပူဘူးဆိုပဲ။ အမေ စိတ်မပူအောင် ကျမကပဲ ကံကောင်းတာလားတော့ မသိဘူး။


ကျမ အမျိုးသားက အရင်တုန်းကဆို သူ့အင်္ကျီဆိုရင်လည်း မီးပူတိုက်ချင်မှ တိုက်တာ။ အခုတော့ ကျမက မီးပူတိုက်ပေးပြီး ချိတ်နဲ့ ချိတ်ထားပေးရင် အပြင်သွားခါနီးပဲဖြစ်ဖြစ် ရုံးသွားခါနီးပဲဖြစ်ဖြစ် ယူဝတ်သွားရုံပဲ။ နည်းနည်းတော့ သားနား လာတာပေါ့လေ။ တခါတလေ မီးပူမတိုက်နိုင်ရင်လည်း “ရတယ် ကိစ္စမရှိဘူး” ဆိုပြီး သိပ်မကြေတဲ့ အင်္ကျီကို သူ့ဘာသာသူ ယူဝတ်သွားတတ်တယ်။ အိမ်နေရင်း အင်္ကျီဆိုရင်လည်း “ပင်ပန်းတယ် မီးပူမတိုက်နဲ့” လို့ပြောပေမယ့် ကျမကတော့ အားလုံး မီးပူတိုက်ရမှ ကျေနပ်တာမျိုးပါ။ ဒါကြောင့် အင်္ကျီတွေ မီးပူတိုက်ခြင်း မတိုက်ခြင်းက သူ့အတွက် ဘာမှ မဖြစ်တာ အမှန်ပါပဲ။ နောက်ပြီး ကျမချက်ကျွေးသမျှ သူ့အတွက် အကုန်ကောင်းတယ် ဆိုတာချည်းပဲ (မဟုတ်ရင် ငတ်မယ်လေ.. ဒီက အမြှောက်အပင့်ကြိုက်တာ သူသိတယ်.. :D) ။ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက အဆောင်မှာ နေခဲ့တဲ့သူ ဆိုတော့ ကျမလက်ရာက အဆောင် ထမင်းဟင်းထက် သာနေသမျှ သူကတော့ ကောင်းတယ်ပဲပြောမှာ သိနေတယ်လေ..။


သူ့ညီမလေးနဲ့ ညီလေးက စာရေးတိုင်းကျမကို မှာရှာတယ်။ “မမ ဟင်းချက်ကောင်းလို့ ကိုလေး အရမ်းဝနေပြီ။ ကောင်းတာတွေချည်း ချက်မကျွေးပါနဲ့”တဲ့။ အမှန်က ကျမဟင်းချက်ကောင်းတာ မဟုတ်ဘူးဆိုတာ သူတို့မသိဘူး။ သူ ကိုက ချက်သမျှကို အကုန်စားတတ်တာ။ ဘာမှ ဟင်းဂျီးမများပဲ ရှိတာနဲ့ စားတတ်တာက သူ့အကျင့်လိုဖြစ်နေတာ။ ကျမက ကိုယ်ပါးစပ်တွေ့တဲ့ အစားအစာ၊ ကြိုက်တာ ဆိုရင် နင်းကန် စားတော့တာပဲ။ မကြိုက်တာဆိုလည်း လုံးလုံး မစားဘူး။ အဲဒါကြောင့် ကျမ အဖေကဆို ဖုန်းဆက်တိုင်း မှာရှာတယ်။ “ကြိုက်တာတွေဆိုရင် ဗိုက်နင့်အောင် မစားနဲ့ ကိုယ့်ဟာကိုယ် ချင့်ချိန်စား”တဲ့။


သူကတော့ ကျမလို မဟုတ်ဘူး။ ကြိုက်လို့စားရင်လည်း သူစားနေကျအတိုင်းပဲ စားတယ်။ မကြိုက်ဘူး ဆိုရင်လည်း သူစားနေကျ ဗိုက်ပြည့်အောင် စားတတ်တော့ ဘာနဲ့မဆို သူအတွက်က အိုကေမှာ စိုပြေတာပေါ့။ သူ့ကို “ဘာစားချင်လဲ၊ ဘာချက်ကျွေးရမလဲ” လို့ မမေးနဲ့။ သူမဖြေတတ်ဘူး။ “ရှိတာနဲ့ အဆင်ပြေအောင်သာ ချက်ပါ” တဲ့။ ဒါမှမဟုတ် ကျမ စားချင်တာ ချက်ပါတဲ့။ အဲဒါဆိုတော့ တပတ်စာ ဟင်းချက်ပြီဆိုရင် သူ့အကြိုက်ထက် ကိုယ့်အကြိုက်က ပိုများတယ်။ ကိုယ်စားချင်တာကို သူလည်း စားနိုင်တော့ သိပ်ပြီး စဉ်းစားနေစရာ မလိုတော့ဘူး။ ဒါပေမယ့် သူက ၀က်သားမျှစ်ချဉ်လိုမျိုး ကြက်သားဗူးသီးလိုမျိုး အသားတခုခုနဲ့ အရည်လေးပါရင်တော့ ထမင်းပိုစားတတ်တယ်။ အဲဒါတွေလောက်ပဲ သူ့အတွက် သေချာ စီစဉ်ပေးရတာရှိတယ်။ တချို့ရက်ဆိုရင် အရွက်တခုခုပါအောင်လို့ လုပ်ပေးရတယ်။ အလုပ်တအားရှုတ်တဲ့နေ့မျိုး ဆိုရင်တော့ အိမ်နားက တရုတ်ဆိုင်မှာ ဟင်းဝယ်စားလိုက်တယ်။ ဟင်းမ၀ယ်ဖြစ်လို့ လက်ဖက်သုပ်လေးနဲ့ စားလိုက်ပါဆိုလည်း သူစားတယ်။ ဒါမှမဟုတ် လက်ဖက်ထမင်းနယ်ပေးပြီး ကြက်ဥလေး ကြော်ပေးလိုက်လည်း သူစားနိုင်တယ်။ ဘယ်တော့မှ ဟင်းဂျီးမများတဲ့အတွက် သူ့ကို ကျေးဇူးတင်ရတယ်။ ထမင်းအတူ စားတိုင်း ဘယ်တော့မဆို သူ့ကို “စားကောင်းလား” မေးရင် “အို.. စေတနာထည့်ချက်ထားတဲ့ ဟင်းမို့ စားကောင်းတယ်”ဆိုပဲ။ သူစားကောင်းနေသရွေ့ ကိုယ်ကလည်း တတ်နိုင်သလောက် မမောနိုင် မပန်းနိုင် ချက်ကျွေးရမှာပေါ့နော်။ မတန်ခူးနဲ့ မဇနိရေ.. ဟင်းကောင်းကောင်း ချက်ကျွေးတယ်နော်.... ယုံပြီဟုတ်.. :)


တခါတလေ ဟင်းချက်ရမှာပျင်းရင် အိမ်မှာ အသားကင် (Yakiniku 焼肉) လုပ်စားတယ်။ လုပ်ရတာက ဘာမှ မခက်ပါဘူး။ အိမ်နားက ဈေးဆိုင်ကနေ Yakiniku လုပ်ထားပြီးသား အသားဝယ်ပြီး GAS မီးဖို ပြင်လိုက်ရင် ရပြီ။ သူနဲ့တို့စားဖို့ sauce ကလည်း ၀ယ်လို့ရတယ်။ ချဉ်စပ်လေး စားချင်ရင်သာ ကိုယ့်ဘာသာကိုယ် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်းပြီး သံပုရာရည်ညစ်ထားတဲ့ အချဉ်လုပ်လိုက်တာ။ လုပ်ရတာ လွယ်လွန်းလို့ ဘာမှကို မလုပ်ရသလောက်ပဲ.. :P


ဒါလေးက တုံယမ် ဟင်းချို၊ ကိုယ့်ဘာသာကိုယ် အင်တာနက်ကနေ ရှာချက်ထားတာ။ သောက်လို့တော့ ဖြစ်သွားတာပဲ။ ဆိုင်ချက်လောက် မကောင်းဘူး။


Sea Food ကို မျှစ်၊ ငရုတ်သီးပွ နဲ့ ကြော်ထားတာ။ ထိုင်းဆိုင်မှာ ၀ယ်စားရင် အရမ်းစားလို့ကောင်းတယ်။ စပ်လည်း စပ်တယ်။ ပြီးတော့ မွှေးလည်း ပိုမွှေးတယ်။ ရှောက်ရွက်လည်း ထည့်ရတယ်၊ နောက်ပြီး ထိုင်းကနေ ထုတ်တဲ့ sauce တစ်မျိုးလည်း ထည့်တယ်လို့ ထင်တယ်။ ကိုယ့်ဘာသာကိုယ် ထင်ရာလျှောက်ထည့်ပြီးချက်ကြည့်တာ အခုထိတော့ မအောင်မြင်သေးဘူး။


ဒါက ကြက်သားကင်ထားတာ။ တို့စားတဲ့အချဉ်က မန်ကျီးသီးအနှစ်ထဲကို ငံပြာရည်၊ နံနံပင်၊ သကြားနည်းနည်း၊ ငရုတ်သီးမှုန့် ထည့်ပြီး ဖျော်ထားတာ။ ကြက်သားနဲ့ တို့စားရင်စားလို့ကောင်းတယ်။


ပုဇွန်ချဉ်စပ်က မလု ဆီက ကြည့်ပြီးချက်ထားတာ။ ပြီးတော့ မုန်ညှင်းရွက် ကြက်အသည်းအမြစ်နဲ့ ငုံးဥပါထည့်ထားသေးတယ်။ ပဲတီချဉ် တို့စရာ။


ပိတ်ရက်တုန်းက ချက်စားတဲ့ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ သေချာစားရတာမို့ အမှတ်တရ ရိုက်ယူထားတာ။ သူငယ်ချင်း တိုကျိုသွားလို့ ပဲကြော် လူကြုံမှာလိုက်တာ။ စားလို့ကောင်းပေမယ့် တစ်ထုပ်ကို ယန်း ၅၀၀ ပေးရတယ်.. :(


ဒီမှာက ပင်လယ်ငါးတွေများတယ်။ ပင်လယ်ငါးကျတော့ကိုယ်က မစားနိုင်ဘူး။ အခုရက် အတွင်း ရေချိုငါးနဲ့တူတာတွေ့လို့ ချက်စားကြည့်တာ နူးညံ့ပြီး စားလို့ကောင်းတယ်။ ငါးနာမည်ကတော့ အယု (ayu あゆ) တဲ့။ အရိုးနည်းနည်းများပေမယ့် စားချင်တော့လည်း စိတ်ရှည်ရှည်နဲ့ သူ့လည်းအရိုးနွှင်၊ ကိုယ်လည်း အရိုးကြည့်ရှောင်ပြီး စားရတာပဲ။ ၄ ကောင်လောက်ကို ယန်း ၆၀၀ ပေးရတယ်။ ကန်စွန်းရွက်ကြော်၊ တို့စရာပေါ့။ ကန်စွန်းရွက်ကတော့ အခုနွေဘက်မို့လို့ ပေါပေါများများ ရတယ်။ ဓာတ်ပုံထဲက ဟင်းကြည့်ရတာ ဆီများ နေသလိုပဲနော်။


မုန်လာဥ အချဉ်ဟင်းချက်ပြီး ပုဇွန်သုပ်တာ။ ပုဇွန်သုပ်က အချဉ်ဟင်းနဲ့တော့ မလိုက်ဖက်ဘူး။ ဒါပေမယ့် ပိတ်ရက်ဆိုတော့ ဈေးမ၀ယ်ရသေးရင် အဲဒီလိုပဲ ရှိတာလေးတွေ ပြင်ဆင်ပြီးနေ့လည်စာ စားလိုက်တယ်။ ပြီးမှ ဈေးသွားတာဆိုတော့ ဟင်းတွေက လုံးဝကို မလိုက်ဘူး။


အုန်းနို့ခေါက်ဆွဲ၊ ချက်စားထားတာက ကြာလှပေါ့။ အခုမှ ဓာတ်ပုံတွေ့လို့ တင်လိုက်တာ။ ဒီမှာက နွေဘက်ဆိုတော့ အခုလောလောဆယ်တော့ အုန်းနို့ခေါက်ဆွဲ မချက်ကျွေးရဲသေးဘူး။ တော်ကြာ နေပူပြီး သွေးတိုးလို့ ဒုက္ခ.. :P


မုန်ညှင်းရွက်၊ ပဲသီး၊ ငရုတ်ပွနဲ့ ကြက်အမြစ်ကို ခရုဆီနဲ့ရောကြော်ထားတာ။ ပြီးတော့ ပုဇွန်နဲ့ ကမာလိုမျိုး အကောင်ကို ရောသုပ်ထားတာ။ မြန်မာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ ဂျပန်လိုတော့ ဟိုတတဲ့ (ほたて) တဲ့။ နောက်တစ်ခွက်က ၀က်အသည်းကိုကြော်ထားတာ။


ဒီဟင်းတွေက အလုပ်များပြီး အိမ်မှာ မချက်နိုင်တုန်းက ၀ယ်စားတာ။ ပုဇွန် ချဉ်စပ်က မစပ်ဘူး နည်းနည်းတော့ ချဉ်တယ် ၊ ဒီဘက် အစိမ်းကြော်၊ အဲဒီလိုမျိုး ကြော်တာ ကျမကြိုက်လို့ အိမ်မှာလည်း ခဏခဏ စားဖြစ်တယ်။ ဒီမှာက မုန်ညှင်းတစိတ်လောက်ဝယ်ရင်ကို တော်တော်များနေပြီ ဆိုတော့ ၂ ၊ ၃ ခါ ကြော်စားမှပဲ ကုန်တော့တယ်။ ပြီးတော့ ဖက်ထုပ်ကြော်။


တခါတလေဆိုရင် ရန်ကုန်က အလှူထမင်းမျိုး အရမ်းစားချင်တာ။ အဲဒါဆိုတော့ ဒန်ပေါက်စားချင်ရင်လည်း ready made ထုပ်ဝယ်ပြီး ကြက်သားဟင်းနဲ့ တွဲစားရတယ်။ ဒန်ပေါက်ထုပ်က ကုန်နေတော့ ထမင်းဖြူနဲ့ပဲစားလိုက်တော့တယ်။ ဒီကြက်သားချက်နည်းက အမ တစ်ယောက်ဆီက ရထားတာ။ ကြက်သားကို ဒိန်ချဉ်နဲ့ နပ်ပြီးတော့မှ ချက်တာမို့ စားလို့ကောင်းတယ်။ ပြီးတော့ ပုဇွန်ခြောက်ကြော်၊ သရက်သီးသနပ်၊ သခွားသီးအချဉ်၊ ချဉ်ပေါင်ဟင်းချို အတူစားတော့ အလှူထမင်း မဟုတ်ပေမယ့် နည်းနည်းတော့ ဆင်တူသွားတာပေါ့။


ကြက်သား ကညွတ်အရည်ချက်ပြီးတော့၊ မရမ်းသီးထောင်း၊ ၀က်သားလုံးနဲ့ ချိုချဉ်ကြော်။ စင်ကာပူက သူငယ်ချင်းဆီက လက်ဆောင်ရကတည်းက မရမ်းသီးထောင်း ထောင်းစားထားတာ။

*****

အမှန်တော့ ဒီဟင်းတွေက ချက်ထားတာလည်း ကြာလှပါပြီ။ စိတ်ကူးပေါက်တဲ့အခါ၊ ကြုံတဲ့အခါ ဓာတ်ပုံတွေ ရိုက်ထားပြီး blog မှာ တင်မလို့ပါပဲ။ နောက်တော့ ပျင်းတာနဲ့ မတင်ဖြစ်တော့ဘူး။ အခုတလောတော့ ဘာရေးရမှန်းမသိတာနဲ့ ဆားချက်လိုက်တာ နည်းနည်းတောင် ငန်သွားသလိုပဲ။ ဓာတ်ပုံတွေကတော့ အဆင်ပြေတာလေးတွေပေါ့။ အဆင်မပြေတာတွေကြတော့လည်း ဖွက်ထားလိုက်ရတယ်။ ဘယ်သူမှ မသိပါဘူးနော်.. :D

သြဂုတ် ၂၊ ၂၀၀၈။

23 comments:

မြရွက်ဝေ said...

ဟိုက်!! မnu-sanက အထင်တွေ ကြီးနေပြန်ပြီ။ ညီမဘလော့ပေါ်ရောက်တာ အဆင်ပြေတဲ့ဟာလေးတွေပါ။ အဆင်မပြေတာတွေက ဖွက်ထားလိုက်တယ်။:D

အမ တချောင်းထိုးထိုးတာကမှ ပုဝါတွေ တီဗွီအုပ်တွေဖြစ်သေးတယ်။ ညီမတုန်းက အမေ့အတွက် ပုဝါထိုးတာ ဘယ်လိုလုပ်ပြီး သေးသွားတာမှန်းမသိဘူး။ ပုဝါဆိုတော့ ကလေးလဲ ပေးလို့မရဘူးလေ။ နောက် တက္ကသိုလ်တက်တော့ အမေ့အတွက် ခြုံပုဝါထပ်ထိုးတာ အိမ်ထောင်ကျပြီး ယောက်က်ျားသာရသွားတယ်၊ မပြီးသေးဘူး။ ဒီလာတုန်းကတောင် ယူလာဦးမလို့ဘဲ။ ကိုယ့်အကြောင်း ကိုယ်သိမို့ သယ်မလာဖြစ်တော့ဘူး။ :P

"ကျမ အမျိုးသားက အရင်တုန်းကဆို သူ့အင်္ကျီဆိုရင်လည်း မီးပူတိုက်ချင်မှ တိုက်တာ။ အခုတော့ ကျမက မီးပူတိုက်ပေးပြီး ချိတ်နဲ့ ချိတ်ထားပေးရင် အပြင်သွားခါနီးပဲဖြစ်ဖြစ် ရုံးသွားခါနီးပဲဖြစ်ဖြစ် ယူဝတ်သွားရုံပဲ။ နည်းနည်းတော့ သားနား လာတာပေါ့လေ။ တခါတလေ မီးပူမတိုက်နိုင်ရင်လည်း “ရတယ် ကိစ္စမရှိဘူး” ဆိုပြီး သိပ်မကြေတဲ့ အင်္ကျီကို သူ့ဘာသာသူ ယူဝတ်သွားတတ်တယ်။ အိမ်နေရင်း အင်္ကျီဆိုရင်လည်း “ပင်ပန်းတယ် မီးပူမတိုက်နဲ့” လို့ပြောပေမယ့် ကျမကတော့ အားလုံး မီးပူတိုက်ရမှ ကျေနပ်တာမျိုးပါ။ ဒါကြောင့် အင်္ကျီတွေ မီးပူတိုက်ခြင်း မတိုက်ခြင်းက သူ့အတွက် ဘာမှ မဖြစ်တာ အမှန်ပါပဲ။ နောက်ပြီး ကျမချက်ကျွေးသမျှ သူ့အတွက် အကုန်ကောင်းတယ် ဆိုတာချည်းပဲ"
"ကျမဟင်းချက်ကောင်းတာ မဟုတ်ဘူးဆိုတာ သူတို့မသိဘူး။ သူ ကိုက ချက်သမျှကို အကုန်စားတတ်တာ။ ဘာမှ ဟင်းဂျီးမများပဲ ရှိတာနဲ့ စားတတ်တာက သူ့အကျင့်လိုဖြစ်နေတာ။"
.......... အဲဒါက ညီမနဲ့လည်း တိုက်ဆိုင်တယ်။ ရှိုးမထုတ် ဟင်းဂျီးမများတဲ့သူမျိုးပေါ့။ အဲဒီအတွက်တော့ ကံကောင်းတယ် ပြောရမယ်။ ဟင်းဂျီးများတာ ညီမဘဲ။ ကိုယ့်ဘာသာချက်ပြီး မကြိုက်ရင်လဲ အဖြစ်လောက်စားတာ။ သူကတော့ ဗိုက်ဝအောင် စားတယ်။

မnu-san ချက်ထားတာတွေကြည့်ပြီး သွားရည်ယိုလာပြီ။ ညီမ အဲလောက်တောင် မချက်တတ်တာ သေချာတယ် အမရေ။ လာလည်ရင် ချက်ကျွေးနော်။ ညီမဆီလာလည်ရင် ဝယ်ကျွေးမယ်။(ကိုယ့်လက်ယာကိုယ်သိလို့):D အိမ်အောက်မှာ "Hotto Motto Tei" ထမင်းဘူးဆိုင် ရှိတယ်။ အိမ်ရှေ့မှာ "Kuruma Ramen"ဆိုင် ရှိတယ်။ ဟင်းချက်ရ ပျင်းရင် အောက်ဆင်းစားနေကျလေ။;)

Anonymous said...

ဟင်းဂျီးမများသူ ၊ လုပ်ပေးသလောက်ကို လက်ခံပြီး ကျေနပ်နေတဲ့သူ ရထားတာဆိုတော့ ကံကောင်းတာပေါ့ အမရယ်း)

အမနဲ့ ကျမ တူတာ တခုက .. စားစရာတခုခု ကြိုက်ရင် အရမ်း အများကြီး စားတတ်ပြီး ၊ မကြိုက်ရင် လုံးဝမထိတော့တာပဲ ။

ဟင်းပုံလေးတွေကြည့်သွားတယ်း)

Anonymous said...

ကြည်နူစရာလေးတွေ အခုရက်ပိုင်း ဒီလိုပို့ စ်လေးတွေတော်တော်ဖတ်ရတယ် (ဥပမာ...မတန်ခူး၊ မမြရွက်ဝေ၊ မလေးမ ) အခုတစ်ခါ အစ်မပေါ့း) အစ်ကိုက ဂျီးမထူးဘူးပဲ ဂျီးထူးနေရင်လည်း ငတ်မယ်ဆိုတာ သိနေလို့ ဖြစ်မယ်။ အစ်ကိုတော့မသိဘူး ကျနော်တော့ ဒီမှာချက်ထားတဲ့ ဟင်းတွေကြည့်ပြီး မနက်အစောကြီး သွားရည်ကျချင်နေတာကို မြိုချနေရတယ် ။

Anonymous said...

“အို.. စေတနာထည့်ချက်ထားတဲ့ ဟင်းမို့ စားကောင်းတယ်” :) ကို--ကြီး အပြောကောင်းတယ်နော်။
ကြက်သား ကညွတ်ဆိုတာ တခါမှ မစားဖူးသေးဘူး။ တခေါက်လောက်တော. စမ်းချက်ကြည့်ဦးမယ် အမရေ။

Anonymous said...

စားလို့ဖြစ်အောင် မို့လို့  သာတော်တော့တယ်... မရေ..။ ဟင်းတွေက ရှယ်ပဲ ...။
မ.. မိန်းမပီသတဲ့ အချက်အပြုတ် အချုပ်အလုပ်တွေ သိပ်မကျွမ်းကျင်လည်း စိတ်မပျက်နဲ့  .. ။ မရဲ့ နောက်မှာ .. လေးမ ရှိတယ်..။ ဟိ..ဟိ..။ လေးမ ဆို ဘာမှ မတတ်ဘူး..။ ချစ်ရုံပဲ ချစ်တတ်တယ်..။ ခွိ.. ခွိ...။

Anonymous said...

ဟား ဟား။ အမ မနုစံနဲ့ မြရွက်ဝေတို့က အဆင်မပြေတာတွေ ဖွက်နေကြတာပါ့လား။ အင်းပေါ့လေ သဘောကောင်း၊ မနောကောင်း အိမ်ကြီးရှင်တွေ ရထားတော့ ထင်တိုင်းကျဲနေကြတယ်ပေါ့လေ။ ဟင်း ဟင်း။
“အို စေတနာထည့်ချက်ထားတဲ့ ဟင်းမို့ စားကောင်းတယ်“ ဆိုပဲတဲ့။ ဒါကိုက အမ စေတနာတွေ ဘယ်လောက်ထားနေလဲ သိနေတယ်နော်။ အမနော် စေတနာဟင်းတွေ ချက်ကျွေးပြီး တိုတိုရို အရုပ်ကြီး ပူဆာတာတော့ မနာလိုပါဘူး။ စတာပါဗျာ သားသားမီးမီးတွေ မရခင် ပူဆာထားနော်အမ။

ဟင်းချက်ပျင်းတယ်သာပြောတယ် ချက်ထားလိုက်တာ စုံလို့ပါ့လား။ ဟင်းအတွဲတွေကလည်း လိုက်ဖက်လွန်းတော့ သွားရည်ကျတယ် အမရေ။
အားကျမိတယ် အမရေ။ နောက်လည်း ဟင်းကောင်းကောင်း ချက်ကျွေးလိုက်အုံးနော် အမ။ ကျွေးစရာရှိလို့ ကျွေးရတာ ကျနော်ဆို ကျွေးချင်သော်လည်း ......

khin oo may said...

မချက်တတ်လို.သာ တော်တော.တယ်။ တို.ဆိုရင် ကြက် သွန် နီ တကျပ် ဖိုးတောင်ပုပ်သွားတယ်။ မချက်ဖြစ်လို.။

Taungoo said...

အမနုရေ
အကိုကြီးက တောင်ငူမုန့်ဟင်းခါးဟင်းရည်ကျဲလေးကော သတိရလိုက်တာ မပြောဘူးလား
ကျွန်တော်တို့တွေတော့ သိပ်ကြိုက်ကြတာပဲ
အိမ်မှာတော့ တစ်ခါတစ်လေချက်စားဖြစ်တယ်
တောင်ငူလူကြုံရှိရင် ဆန်လှော်မှုန့်မှာထားတယ် ငါးခူကတော့ ဒီကဗမာဆိုင်မှာ ဝယ်လို့ရတယ်။

မေတ္တာဖြင့်

kay said...

နုစံရေ- ရှလွတ် - ဟင်းတွေ အမြင်နဲ့စားလိုက်တယ်။
ဘလော့ကာ လေဒီ တွေ ရဲ့..ဇာတ်လိုက်ကျော် ကြီး တွေ..တော်တော်များများက.. ဒီလိုပဲထင်တယ်နော်။
လေဒီတွေ..စိတ်ချမ်းသာ အောင်..လွှတ်ထားတာထင်တယ်။ သာဓု-သာဓုး)

khaingzm said...

မနုရေ ..
တောင်ငူမုန့်ဟင်းခါး ဘယ်လိုချက်..? ..ပြောပြနော်...ထိုင်းဟင်းချက်ရင်လေ ငရုတ်သီးနဲ့ ကြက်သွန်ဖြူ ရောကြိတ်ထားတာကို ဆီသတ်ပြီးချက်ရင် သူတို့လိုအနံ့ထွက်လာရော အမ..:D

Anonymous said...

Good painting is like good cooking; it can be tasted, but not explained...hehe..
so let us taste them too naw sis!

wow..
nv know sis nu-san cook such a variety!
feel so hugry after seeing the pictures :D
hehe

တန်ခူး said...

နုရေ… သူ့ ကိုချက်ကျွေးရင်းတို့ပါအဆစ်စားသွားတယ်…တပတ်တပတ် ဘာချက်ရမလဲ စဉ်းစားရတာ ဆံပင်တွေတောင် ပိုဖြူလာသလိုပဲ… ခုတော့ နုဟင်းစပ်တွေ ငှားသွားပြီ… ဟင်းဂျီးမများတဲ့သူကို ရထားတာကံကောင်းတာပေါ့နော်… နုကိုယ်တိုင်က ဟင်းလေးတွေ ဖွယ်ဖွယ်ရာရာ ကျွေးတတ်လွန်းလို့ လဲပါမှာပေါ့… ကဲ… အများကြီးချက်ကျွေးလိုက်တာ ဘာအရုပ်အသစ်ဝယ်ပေးလဲ… (နုဘလော့ ဖတ်နေတုန်း သားက လာရှုပ်ရင်း ဘန်နာက မီးပန်းလေးတွေ သဘောကျလိုက် နုအရုပ်လေးကို သဘောကျလိုက်ဖြစ်နေတာ… သားအမိနှစ်ယောက်လုံးအားပေးတာနော်)

Dr. Yi Yi Win said...

အားပါးပါး..ယို့ ယို့  လို့ သာ ဆိုလိုက်ချင်တော့တယ် နုစံရေ။ များလိုက်တဲ့စားစရာတွေ။
အဲ့လိုသာချက်စားနေရင်တော့ ပိန်ဦးမှာ။

သက်ဝေ said...

ကဲ... စားလဲစားသွားတယ်.. ပါဆယ်လဲ ယူသွားတယ်။
ဟင်းအတွဲ အစပ်တွေလဲ မှတ်သွားတယ်...။ မချက်ဖူးသေးတာတွေကိုလဲ စမ်းချက်ရအောင် ချက်နည်းတွေ သေချာမှတ်သွားပါတယ်...။

ကလိုစေးထူး said...

တခုခု အဆင်မပြေချိန်တွေမှာပဲဖြစ်ဖြစ်၊ အယူအဆရေးရာခြင်း တခြားစီဖြစ်နေတဲ့ တချို့ဘလော့ဂ်တွေကို ဖတ်မိပြီး စိတ်တွေ ရှုပ်လာတာပဲဖြစ်ဖြစ် မနုစံတို့၊တန်ခူးတို့၊ မြရွက်ဝေတို့ ဘလော့ဂ်တွေဆီကို ရောက်မိဖတ်မိသွားရင် စိတ်ထဲကိုအေးသွားတာပဲ...။ အခုလဲ စိတ်ချမ်းသာစရာ မိသားစု ဘ၀လေးကို ငေးသွားတယ် ဆိုပါတော့ဗျာ။

Anonymous said...

အစ်မရေ့...ဆေးစားနေတယ် အခုတော့ သက်သာနေတယ်ဗျ စိတ်မပူနဲ့ တော့ အရမ်းနာလာရင် ထပ်သွားပြီး သေချာလုပ်ရမှာပေါ့ အစ်မမောင်က ငယ်သေးတော့ သွားဖို့ စောနေသေးတယ်လေ သွားချင်သေးဘူးးး)

မျှားပြာ said...

တအားကို ကြည်နိုးဖို့ ကောင်းတယ် အစ်မနုစံရေ ..။
ကျွန်တော့်အစ်မက ဟင်းချက်ကောင်းပီးသားပါ .. နော့
အစ်ကိုကြီးကိုတော့ အားကျတယ်ဗျို့  ...။
အဆင်ပြေပါစေ အစ်မရေ ..။

Andy Myint said...

အစ်မလက်ရာတွေကမှ တကယ့် ရှယ်။ ပုံတွေက ဂျပန် ဟင်းချက် အစီအစဉ်မှာ ပြသလိုမျိုး အရသာတင်မဟုတ် ပုံလေးတွေကပါ ချစ်စရာကောင်းနေတယ်။ တို့စရာ ဟင်းသီးဟင်းရွက်လည်း အမြဲလိုလို ပါတယ်နော်။ မြန်မာလည်းဆန် ကျန်းမာရေးလည်း ညီညွတ်မှာ။ ဟင်းပြင်ထားတာကတင် Professional ဆန်နေပြီဆိုတော့ အရသာကတော့ ပြောမနေနဲ့တော့.. ဟုတ်တယ် မဟုတ်လား မနုစံ :)

သက်ဝေ said...

ပျောက်လှချည်လား နုစံရေ...
အလုပ်တွေများနေလို့ လား..
နေကောင်းရဲ့ လား...။ <3

အသံ ဘယ်လောက်ကြားရလဲ...
အမြန်ဆုံး အကြောင်းပြန်ပါ..။ :-D

တန်ခူး said...

ဟုတ်ပါရဲ့နုရေ… အသစ်လေးတွေ လာလာငေးရတာ အမောပဲ… ရေးပါဦး… ကြည်နူးစရာလေးတွေ… ခေါ်ပါဦး… ဂျပန်ရဲ့ စိတ်ဝင်စားစရာ နေရာလေးတွေ…

pandora said...

မနုစံရဲ့ ဟင်းခွက်တွေကို တခါလာပြန်ကြည့်သွားတယ်။ မနက်ဖြန် ဘာချက်ရင် ကောင်းမလဲလို့။

nu-san said...

မြရွက်ဝေ>> ညီမလေးရေ.. လာလည်ရင် စားချင်တာ ပြောနော်.. အမချက်ကျွေးမယ်.. ဟင်းဂျီးများတတ်တာလည်း မကောင်းဘူးနော်။ ရှိတာနဲ့ စားမှ မစားတတ်တာ။ အဲဒီတော့ ဒုက္ခရောက်တာပေါ့.. :)

မဂျစ်>> ဟုတ်တယ် ဂျစ်ရေ.. သူကတော့ ဟင်းဂျေးမများတတ်ဘူး၊ သိပ်ပြီးအပြစ်မပြောတတ်ဘူး ဆိုတော့ မဂျစ်ပြောသလို ကံကောင်းတယ်လို့ပဲ ဆိုရမှာပဲ.. အမလည်း ကြိုက်တာဆိုရင် မတရားစားတတ်လို့ မနည်း သတိထားနေရတယ်.. :D

မောင်မျိုး>> ကြည်နူးစရာလေးတွေ ဖတ်ပြီး အားကျနေတာလား မောင်လေး။ :P ဟင်းပုံတွေကြည့်ပြီး သွားရည်ကျနေပြီဆိုလို့ အိမ်နားနီးရင် တကယ်ခေါ်ပြီး ကျွေးပါတယ် မောင်မျိုးရေ.. :)

ကလေးတို့မေမေ>> ဟုတ်ပါ့.. သူအပြောကောင်းတာတော့ ပြောမနေနဲ့တော့ ကလေးတို့မေမေရေ.. တခါတလေ အမ သူ့ ကို ကို-ရွှီးလို့ခေါ်တယ်.. :P ကြက်သား ကညွှတ်ချက်စားကြည့်နော်။ အမတော့ ကြိုက်တယ်.. :)

လေးမ>> အိုး... ချစ်တာတာကလည်း သိပ်တော့ မလွယ်ဘူး လေးမရ။ ညီမလေးက ချစ်တတ်တယ်ဆိုရင် တခြားအချက်အပြုတ် အချုပ်အလုပ်တွေက သူ့ဘာသာသူ တတ်ချင်လာတာ။ ဟုတ်တယ်..ဟုတ်။ ကောင်းကင်ကြီးတော့ ကံကောင်းတာပဲ.. :)

မဇနိ>> မဇနိရေ.. နည်းနည်းလောက် ချက်ကျွေးပြီး လာဘ်ထိုးထားရတယ်။ ဒါမှ လိုချင်တာလေးတွေ ပူစာလို့ကောင်းအောင်ရယ်ပါ..ဟီ..ဟိ။ မဇနိလည်း ကျွေးရမှာပါ။ ကိုဇနိကလည်း စားချင်နေမှာပဲ.. :)

မခင်ဦးမေ>> အဟီး.. အမလည်း ချက်ရင် ဖြစ်မှာပါဗျ.. မချက်ဖြစ်သေးလို့သာပါ.. :D

ကိုတောင်ငူ>> ကိုတောင်ငူရေ... သူလည်း တောင်ငူမုန့်ဟင်းခါးကြိုက်တယ်။ အမလည်း ဒီမှာ ပဲသီးရရင် ချက်ကျွေးဖြစ်တယ်။ ပဲသီးက နွေဘက်မှာပဲ ရတတ်တယ်။ ငါးခူကတော့ ထိုင်းဆိုင်ရှိတော့ မဆိုးဘူး။ လတ်တော့မလတ်ဘူးပေါ့။ ဆန်မှုန့်ကိုတော့ အမလည်း တောင်ငူကိုပဲ ပြန်မှာတယ်။ နောက်မှ ဘလော့ခ်ပေါ်တင်ပြီး ကြွားဦးမယ်.. :D

မကေ>> ဟုတ်ပါ့ ဟုတ်ပါ့ မကေရေ.. စိတ်ချမ်းသာရင် တိုင်းပြည်တ၀က်အေးချမ်းတယ်ဆိုပြီးများ ပစ်ထားတာလား မသိဘူးရယ်... :)

ခိုင်ဇာ>> တောင်ငူမုန့်ဟင်းခါး ချက်နည်းပြောပြပေးမယ်နော် ညီမလေးရေ.. ခဏစောင့်နော်။ အယ်.. ခိုင်ဇာ ပြောသလို အမ စမ်းချက်ကြည့်ဦးမယ်.. ဘယ်လိုလဲ ညီမလေးရော အတော်ချက်တတ်နေပြီလား.. :)

Dilo>> Dilo လေးရေ.. ဟင်းတွေကြည့်ပြီ ဗိုက်ဆာလာတယ်ဆိုလို့ ခေါ်ကျွေးချင်ပါတယ် ညီမလေးရေ.. တတ်သမျှကတော့ ဒါအကုန်ပါပဲ။ ရှိတော့ဘူး.. :D

မတန်ခူး>> ဟုတ်တယ် မရေ.. တပတ် တပတ်ကို ဟင်းချက်ရတာထက် ဘာချက်ရမလဲ စဉ်းစားရတာ ခေါင်းခြောက်တယ်။ နောက်ပြီး ဒီမှာက စားချင်တာ ၀ယ်လို့ မလွယ်တော့ ဟင်းတွေက များသောအားဖြင့် ထပ်နေတာ များတယ်။ ဟဲ..ဟဲ.. မရေ.. ၀ယ်ပေးထားတာတွေ ရှိသေးတယ်။ နောက်မှ ကြွားမယ်နော်.. သားသားကပါ ဘလော့ခ်ကို အားပေးတယ်ဆိုလို့ သားအမိ ၂ ယောက်စလုံးကို ကျေးဇူးပါနော်.. :)

မယုဝရီ>> ဟီး..ဟိ.. ညီမကတော့ စားသလောက် အသားမဖြစ်ပေမယ့် အမျိုးသားကတော့ မစားလည်း အသားဖြစ်နေတာ မရေ.. သူက original ၀ တာ.. :D :D

သက်ဝေ>> စားလည်း စားသွားတယ်၊ပါဆယ်လည်း ယူသွားတယ်၊ ဟင်းချက်နည်းတွေလည်း မှတ်သွားတယ်၊ ဟင်းအစပ်တွေလည်း ယူသွားတယ်ဆိုတော့ အင်း.. သက်ဝေချစ်ချစ်တော့ အခုလောက်ဆို ဦးကြီးပုတို့လို ဒေါ်ကြီးနု ဟင်းတွေ စားနေရလောက်ပြီထင်တယ်.. :P ဟီး..ဟီး..

ကိုကလိုစေးထူး>> ဒီဘလော့ခ်ကနေ ဘာမှ မပေးနိုင်ရင်တောင် စိတ်ချမ်းသာမှုလေး ပေးနိုင်တယ်ဆိုတော့ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ ကျေးဇူးလည်း တင်ပါတယ် အကိုစေးထူးရေ.. :)

မောင်မျိုး>> သက်သာတယ်ဆိုလို့ ၀မ်းသာပါတယ် မောင်မျိုးရေ.. ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ဆေးသေချာသောက်နော်။ မြန်မြန်နေကောင်းပါစေ။ :)

မျှားပြာ>> နေကောင်းလား။ မတွေ့ရတာတောင် အတော်ကြာပြီ။ အမ ဟင်းချက်တာကို အားပေးတာ မျှားပြာက ရှေ့ဆုံးကပဲ။ ကျေးဇူးပါ :)

Andy >> ဟုတ်တယ် ဟုတ်တယ် Andy ရေ.. ဟီး.ဟိ.. ဓာတ်ပုံရိုက်ချင်လို့ ဟင်းတွေကို သေချာပြင် ထားတာ။ ပုံမှန်ဆိုရင်တော့ အဲဒီလောက် မလုပ်နိုင်ပါဘူး.. :)

မသက်ဝေ၊ မတန်ခူး>> နေကောင်းပါတယ် အမ တို့ရေ.. ပို့စ်အသစ်တွေလည်း ရေးချင်ပါတယ်။ စာရေးဖို့ အချိန်မပေးနိုင်တော့လို့ ခဏငြိမ်နေရတာပါ။ ခဏခဏ လာချောင်းရတာလည်း အားနာပါတယ်။ တတ်နိုင်သလောက် အချိန်ရသလောက်လေး ကြိုးစားပြီး တင်ပါ့မယ်နော်.. :)

မပန်ဒိုရာ>>မပန် ဘာဟင်းချက်ရမလဲ စဉ်းစားလို့ရသွားပြီလား.. :)

Anonymous said...

စားချင်တယ် စားချင်တယ် အဟိ..
စားချင်စရာလေးတွေ..
ဝေလေးလဲဘာမှမတတ်ဘူးး. ဟဲ
ကြုံတုန်းဝင်ကြွားတာ... :P
ရှလွတ် ရှလွတ် ... သွားရည်လေးမျိုချပြီးပြန်သွားပြီ