ကျမ အသက် ၃ နှစ်လောက်ကတည်းက ပထမဆုံး မူကြိုကျောင်း စတက်နေရပါပြီ။ ၅ နှစ်ရောက်တော့ အိမ်နားက မူလတန်းကျောင်းမှာပဲ သူငယ်တန်း စတက်ရတာ။ သူငယ်တန်းတုန်းက ဆရာမကိုလည်း မမှတ်မိတော့ဘူး။ ဆရာမနာမည်၊ သူငယ်ချင်းနာမည်တွေကိုလည်း မေ့ကုန်ပြီဆိုတော့ ကိုယ့်မှတ်ဥာဏ်က ဒီလောက်တောင် အားနည်းနေတာပါလားဆိုပြီး ပထမဆုံး သတိပြုမိတော့တယ်။ ပထမဆုံး ရတဲ့ဆုက ၅ တန်း အောင်တုန်းက အဆင့် ၆ ရတဲ့ ဆုပါ။ ကျောင်းကလည်း ထူးထူးခြားခြား အဆင့် ၁ ကနေ ၆ အထိ ဆုပေးတာ။ ကျမက ပထမဆုံး ဆုယူတာတောင် ဘိတ်အဆင့်နဲ့ ယူရတယ်။ ၁၀ တန်းအောင်ပြီးတဲ့အထိလည်း အဆင့် ၁ ဆိုတာ မရခဲ့ပါဘူး။ ရမယ့် ရတော့ တက္ကသိုလ် နောက်ဆုံးနှစ် အောင်မှ ရခဲ့တာ။ ပထမဆုံး ပထမရ တာကို ထူးခြားပြီး မပျော်မိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်လိုပဲ နောက်ထပ် လူ ၃၀ လောက်က ပထမရတာကိုး။
ကျောင်းတက်တုန်းက ပထမဆုံး စပြီး စာရေးဖြစ်တာက ဝေဖန်ရေးစာပါ။ အဲဒီတုန်းက လွင်မိုးကို အရမ်းကြိုက်တော့ သူ့ဇာတ်ကားတွေဆို တော်တော်များများ ကြည့်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အပျိုမ မဂ္ဂဇင်းက လွင်မိုးအကြောင်း ဝေဖန်ပေးပါ။ လွင်မိုးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံ ပို့ပေးပါမယ်ဆိုပြီး ကြော်ငြာပါတယ်။ အဲဒီတော့ ကျမလည်း ကြိုးစားပမ်းစား ဝေဖန်တာပေါ့။ ပထမဆုံး ကိုယ်ရေးလိုက်တာက မဂ္ဂဇင်းထဲပါလာတော့ ၀မ်းသာမိတာ အမှန်ပဲ။ ဒါပေမယ့်လည်း လွင်မိုး ဓာတ်ပုံ တကယ် မရခဲ့ပါဘူး။ ကျူရှင်တက်တဲ့ လမ်းမှာ မဂ္ဂဇင်းတိုက်ရှိလို့ သွားမေးတော့လည်း ၀ါးတားတားနဲ့။ ပထမဆုံးအကြိမ် လှလှပပလေး အလိမ် ခံလိုက်ရတာပေါ့။ ကိုယ့်ကိုကိုယ်လည်း အခုနေတွေးရင် ပြန်ရှက်မိပါတယ်။ အတော်ပေါခဲ့လို့။ စာရေးတာတောင်မှ ရေးစရာ ရှားလို့ မင်းသားကို ဝေဖန်တဲ့စာမျိုး ရေးရတယ်လို့။ ဓာတ်ပုံမရလိုက်တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ်။
တက္ကသိုလ် ကျောင်းတွေ ပိတ်ထားချိန်မှာ ကွန်ပျူတာ သင်တန်းကို လှည်းတန်းမှ ပထမဆုံး စတက်ဖြစ်တယ်။ အဲဒီတော့မှ ကွန်ပျူတာကို ပထမဆုံးမြင်ဖူးတာ။ အဲဒီတုန်းက ပထမဆုံး သုံးခဲ့တဲ့ OS က Window 3.11။ သင်တန်းပြီးတော့ အိမ်ကလည်း ဒီလောက် ဈေးကြီးတဲ့ ကွန်ပျူတာကို ဘယ်ဝယ်ပေးနိုင်ပါ့မလဲ။ အဲဒီတော့ သူငယ်ချင်းတွေနဲ့အတူ အဲဒီ ကွန်ပျူတာ သင်တန်းမှာပဲ Instructor ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျောင်းမပြီးခင် ပထမဆုံး လခစားအလုပ်ပေါ့။ လခက ၁၅၀၀ စရတာ။ မြန်မာကျပ်ငွေပေါ့နော်။ နောက်တော့လည်း သင်တန်းကျောင်းမှာ ဆရာတွေ လိုလာတာနဲ့ Assistant Lecturer လိုမျိုး အတန်းတွေ ၀င်သင်ပေးခဲ့ရတယ်။ ပထမဆုံး စာသင်တော့ သင်တန်းသားတွေက ကိုယ့်ကို ၀ိုင်းပြုံကြည့်ကြလို့ မှတ်ထားတာတွေ မေ့၊ ပြောရမှာတာတွေက တလွဲတွေ ဖြစ်ကုန်တာပေါ့။ တော်သေးတယ် သင်တန်းသားတွေက ကလေးလေးတွေမို့။ နွေရာသီ အားလပ်ရက်မှာ မိဘတွေက ကွန်ပျူတာ သင်တန်းပို့ပေးထားတာလေ။ စာလေးနည်းနည်းသင်ပေးလိုက် ကလေးတွေကို ဂိမ်းဆော့နည်းသင်ပေးလိုက်နဲ့။ ပထမဆုံး တပည့်တွေပေါ့။ ဂိမ်းချည်းပဲ ဆော့ချင်လို့ မနည်းပဲ စာကို ပြီးအောင် သင်ပေးခဲ့ရတာ မှတ်မိသေးတယ်။ ကလေးနာမည်တွေတော့ မမှတ်မိတော့ဘူး။
ကျောင်းပြီးတော့ အခြေတကျ အလုပ်လုပ်ဖို့အတွက် ကွန်ပျူတာ company တစ်ခုမှာ ရေးဖြေ စာမေးပွဲ ၀င်ဖြေဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး စာမေးပွဲဖြေရတာ ပထမဆုံးပါ။ မအောင်ပါဘူး။ ဘာတွေမေးမှန်းမသိလို့ ထင်တာတွေပဲ လျှောက်ရေးခဲ့လိုက်တယ်။ နောက်တခါ ထပ်ဖြေဖို့အတွက် အဲဒီ company ကို ရောက်နှင့်ပြီးသား သူငယ်ချင်းကို ဘာတွေ မေးတတ်လဲ၊ ဘာကြည့်ထားရမလဲဆိုပြီး သူ့အိမ်သွားပြီး အတင်းနားပူ နားဆာနဲ့ စာသင်ခိုင်းခဲ့ရတာ။ မှတ်မှတ်ရရ သူသင်ပေးမှပဲ အဲဒီ Window Programming ဆိုတာကြီးကို ပထမဆုံး မြင်ဖူးတာ။ ကျောင်းတုန်းကတော့ C, C++, OOP လောက်နဲ့ ပြီးသွားခဲ့တာကိုး။ သူငယ်ချင်းကတော့ သူ့ကွန်ပျူတာကြီးဖွင့် VC program တွေ ရေးပြပေါ့လေ။ အလုပ်ထဲက ရေးဖြေစာမေးပွဲကို ပထမဆုံး အောင်ခဲ့ပါတယ်။ ရေးဖြေအောင်ပြီဆိုမှ နောက်တဆင့် လူတွေ့ အင်တာဗျူး လုပ်ရတာပါ။ ပထမဆုံး အလုပ်အင်တာဗျူးဆိုတော့ ကြောက်တာရော၊ အလုပ်မရမှာ စိုးရိမ်တာရော ခံစားချက်တွေ မျိုးစုံနဲ့ပေါ့။ အဲဒီ အင်တာဗျူးကနေ ရလိုက်တဲ့ သင်ခန်းစာက လူတစ်ယောက်ရဲ့ ပထမဆုံး အမြင်ဟာ အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ First impression ပေါ့။
*****
ဒုတိယအကြိမ် Osaka ရောက်တော့ အလုပ်မရှိပါဘူး။ အဲဒီတော့မှ အလုပ်မရှိပဲ နေရတဲ့ဘ၀ကို ပထမဆုံး နားလည်သွားတော့တယ်။ အလုပ်မရှိတော့ အားနေတယ်လေ။ ပျင်းတယ်ဆိုပြီး ပထမဆုံး စဖတ်မိတဲ့ Blog က WeSheMe ရဲ့ ရွှေညောင်ပင်ကြက်သားသုပ်ဆိုတဲ့ပို့စ်ပါ။ ဖတ်ပြီးပြီးချင်း နောက်ရက် ပထမဆုံး သုပ်စားကြည့်လိုက်သေးတယ်။ ဒါပေမယ့် ပထမဆုံး Blog စရေးတာကတော့ တခြား Blog မှာပါ။ ဒီနာမည်နဲ့လည်း မဟုတ်ပါဘူး။ ပထမဆုံး သုံးမိတဲ့ Nick Name က သူများနာမည်နဲ့ သွားတူနေလို့ အားနာပြီး ထပ်မသုံးဖြစ်တော့တာပါ။ နောက်တော့ အဲဒီ Blog မှာ ဆက်မရေးဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာ Blog တခုဆောက်ပြီး ပို့စ်ရေးတော့ နာမည်ရင်းနဲ့ပဲ ရေးဖြစ်ခဲ့တာ။ ဒီ Blog ရဲ့ ပထမဆုံးပို့စ်က ဂျပန်အစားအစာ အကြောင်းရေးထားတာပါ။ ပထမဆုံး Blogger နဲ့ Gtalk မှာ စကားပြောဖြစ်တာက ညီမလေး s0wha1 နဲ့ပါ။ အပြင်မှာ ပထမဆုံး လူချင်းမြင်ဖူးတဲ့ Blogger အမ (သမုဒယ) က အခု Blog မရေးတော့ပါဘူး။ Blog ရေးမှပဲ မကေရဲ့ အင်တာဗျူးပုံစံ မေးခွန်းမျိုးကို ပထမဆုံး စဖြေဖူးတာ။ နောက် ကိုစေးထူး ရဲ့ နိုင်ငံခြားသွားမယ်ဆိုရင် ပို့စ်မှာ Comment ၀င်ရေးရင်း တခြား Blogger တွေနဲ့အတူ Weekly Eleven Journal ရဲ့ ဆောင်းပါးမှာ ကိုယ့်နာမည်လေး ဖော်ပြခွင့်ရတာ ပထမဆုံးပါ။
အခုရေးထားတဲ့ ပထမဆုံးတွေက ကျမဘ၀ရဲ့ အစိတ်အပိုင်းတွေပါ။ ပြန်တွေးကြည့်လိုက်တော့လည်း ရှေးဟောင်းရုပ်ရှင်ကြည့်ရသလိုပဲ ဟိုတကွက်ဒီတကွက်နဲ့။ အဲဒီတော့ ပထမဆုံးများ ဆိုတဲ့အတွက် မှတ်မိသလောက် ပထမဆုံးတွေကိုပဲ ပထမဆုံးအကြိမ် စုစည်းပြီး ရေးလိုက်ပါတယ်။ မမသက်ဝေရေ.. ရေးပေးလိုက်ပါပြီနော်..။ :)
စက်တင်ဘာ ၂၇၊ ၂၀၀၈။