July 9, 2010

အသွင်တူ၏ မတူ၏



Photo: Link

မမသက်ဝေရဲ့ အသွင်တူ၏ မတူ၏ ပို့စ်ကို ဖတ်ပြီး ကျမတို့ နှစ်ယောက်ရော တစ်ယောက်နဲ့ တစ်ယောက် အသွင်တူလို့ အိမ်သူဖြစ်ကြတာလား၊ ဘယ်အချက်တွေကတော့ တူပြီး ဘယ်အချက်တွေ မတူဘူးလဲဆိုတာ တွေးဖို့ သတိရသွားတယ်။ ကျမတို့ နှစ်ယောက်အကြောင်းကို "ဘ၀လက်တွဲဖော်" ပို့စ်မှာလည်း ရေးခဲ့ဘူးပါတယ်။

လက်မထပ်ခင် ချစ်သူ ရည်းစား ဘ၀မှာတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အသွင် တူတာ မတူတာ သိပ်ပြီး အဓိက မကျလှဘူးလို့ ထင်မိတယ်။ အချစ်ဝင်နေတဲ့အချိန်ဆိုတော့လည်း အပြစ်မမြင်ဘဲ ဒါတွေက ဘာမှ မဟုတ်သလိုလိုပေါ့လေ။ အဲဒီတော့ အသွင်တူလား မတူလားဆိုတာ မစဉ်းစားခဲ့မိဘူး။ ပြောကြမယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု မောင်နှမသားချင်းထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်၊ စိတ်နေစိတ်ထား ထပ်တူကျတယ်ဆိုတာ ရှားပါတယ်။ ဒါကြောင့် မိသားစု နှစ်စုကနေ ပေါက်ဖွားလာပြီး အိမ်ထောင်ဖက်အဖြစ် ရောက်လာကြတဲ့ စုံတွဲတွေမှာ တူတာတွေလည်း ရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တာပဲ။ နောက်ပြီး အတူနေတာ ကြာလာတာနဲ့ အမျှ တစ်ယောက် သဘော တစ်ယောက် လိုက်ရင်း တူသွားတတ်တာလေးတွေလည်း ရှိကြမှာပဲ။

ကျမတို့ နှစ်ယောက်စလုံး လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာချင်းတူပါတယ်။ မိသားစုထဲမှာ အလတ်ဖြစ်ရတာချင်းလည်း တူကြတယ်။ အလတ်ဆိုတော့ မိဘတွေက မျက်နှာသာ မပေးတာ၊ အကြီးတွေ အငယ်တွေလို သည်းသည်းလှုပ် အချစ်မခံရတာချင်းလည်း တူတယ်။ သားသမီးတွေကို အလိုမလိုက်တတ်တဲ့ အမေနဲ့ နားဝင်အောင် ပြောပြီး ဆုံးမတတ်တဲ့အဖေတွေရှိတာချင်းလည်း တူကြတယ်။ နောက်ပြီး ကျမတို့ အဖေတွေက ဥာဏ်ကောင်းကြပေမယ့် ဘ၀ပေး အခြေအနေအရ အတန်းပညာ မတတ်ခဲ့ကြဘူး။ ဒါကြောင့် သူတို့ရဲ့ သားသမီးတွေ အားလုံးကို ပညာတတ်ဖြစ်စေချင်ကြတယ်။ ပညာတတ်တစ်ယောက်ရဲ့ တန်ဘိုးကို နားလည်အောင် ရှင်းပြတတ်သလို ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ၊ ကိုယ့်အား ကိုယ်ကိုးဖို့ နည်းပေးလမ်းညွှန်တွေ လုပ်ပေးခဲ့ကြတယ်။ နှစ်ဘက်မိဘတွေက အသက်ကြီးလာလို့ အလုပ် မလုပ်နိုင်ကြတော့တဲ့အခါ မိသားစုရဲ့ ကိစ္စ အ၀၀ကို အလတ်တွေဖြစ်တဲ့ ကျမတို့ နှစ်ယောက်ကပဲ တာဝန်ပိုယူကြရပါတယ်။ အဲဒီအတွက်လည်း နှစ်ယောက်စလုံး ဘယ်တော့မှ မငြိုငြင်ခဲ့ကြပါဘူး။

အလုပ်ထဲမှာတွေ့ပြီး လက်ထပ်ခဲ့ကြတာဆိုတော့ ကုမ္ပဏီတစ်ခုထဲမှာပဲ သူက ၇ နှစ်ကျော် ၈ နှစ်နီးပါးနဲ့ကျမက ၆ နှစ်ကျော် အလုပ်အတူ လုပ်ခဲ့ကြတယ်။ လုပ်ရတဲ့ အလုပ်ချင်းတော့ မတူပါဘူး။ အခု ဂျပန်ရောက်လာပြန်တော့လည်း အလုပ်တူ၊ နေရာတူ၊ department တစ်ခုထဲမှာပဲ လုပ်ရပြန်တယ်။ အလုပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးတတ်တဲ့ စိတ်ထားချင်းလည်း တူပါတယ်။ အလုပ်အတူတူပဲ ဆိုတော့ ရုံးအကြောင်း၊ အရင်အလုပ်က အကြောင်း၊ အလုပ်ခွင်က သူငယ်ချင်းတွေအကြောင်း၊ အခုလက်ရှိအလုပ်ထဲက လူတွေအကြောင်း ပြောမိပြီဆို တော်တော်နဲ့ စကားစ ဖြတ်မရဘူး။

သီချင်းကြိုက်ကြတာချင်း တူသလို အသံမကောင်းပေမယ့် သီချင်းဆိုချင်တဲ့ စိတ်ရှိတာချင်းလည်း တူကြတယ်။ သူများကို ကိုယ်တတ်နိုင်သလောက် ကူညီပေးချင်တာ၊ သူတစ်ပါးဆီက အကူအညီကို မလိုအပ်ပဲ ယူရမှာ အားနာတတ်တာ၊ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေချင်တာ စတဲ့ စိတ်အခြေခံချင်းလည်း တူကြတယ်။

ဘယ်အရာမဆို စိတ်ရှင်းရှင်း ထားတတ်အောင်၊ သူများလုပ်လို့ လိုက်လုပ်ရတာမျိုးမဟုတ်ဘဲ ဘ၀ကို ကိုယ့်သဘောအတိုင်း ရပ်တည်တာမျိုးကျတော့ သူနဲ့ လက်ထပ်ပြီးမှ အဲဒီလို စိတ်ဓာတ်မျိုးတွေ ကျမ ထားတတ်သွားတာပါ။ စိတ်မရှည်တတ်တာ၊ အနားနီးမှ ကပ်လုပ်တတ်တဲ့ အကျင့်ကြတော့ ကျမဆီကနေ သူ့ဆီ ကူးသွားတယ် ထင်တာပါပဲ။

တူတာတွေချည်းပဲ ပြောနေလို့ မတူတာ မရှိဘူး ထင်နေဦးမယ်။ ယောင်္ကျားနဲ့ မိန်းမဆိုတဲ့ အခြေခံသဘာဝကြီးကမှ မတူတာဆိုတော့ ကျမတို့ နှစ်ယောက်မှာလည်း အများနည်းတူ မတူတဲ့ ကွဲလွဲချက်တွေကတော့ ရှိတာပဲ။ မတူတာတွေ ပြောရင်တော့ ပြောလို့ကုန်မယ် မထင်ဘူး။ အဲဒီတော့ တခါတလေ လျှာနဲ့သွား ကိုက်မိကြလေသတည်းပေါ့။ ကြာကြာလည်း စိတ်မကောက်တတ်ကြတော့ ခဏနေ ပြန်ပြီး စကားပြောဖြစ်သွားတာပါပဲ။ အားလုံးအဆင်ပြေနေတယ်ဆိုရင် နေရတာ ပျင်းစရာကြီးဖြစ်နေမှာ။

တစ်ယောက်နဲ့ တစ်ယောက် နှစ်သက်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာဆိုတော့ အသွင်တူခြင်း မတူခြင်းထက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့၊ အချစ်ခြင်း ညီဖို့ နဲ့ မတူတာတွေ ရှိရင်တောင် နားလည်မှုရှိဖို့ ကျမတို့ ကြိုးစားနေရတုန်းပါပဲ။ ဒါကြောင့် မမသက်ဝေက ချစ်လို့ tag တဲ့ ပို့စ်ကို ကျမတို့ကလည်း အချစ်တွေနဲ့ ရေးပါတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူးနော်။

ဇူလိုင် ၉၊ ၂၀၁၀။

9 comments:

Maung Myo said...

အစ်မရေ အသွင်တူ၏ မတူ၏ ကော လက်တွဲဖော်ကောပြန်ဖတ်သွားတယ်ဗျ

"ဘာကြောင့်များ ~~ ချစ်လဲ..
ဒီလိုမေးရင် ~~ ခက်သားကွယ်..
အချစ်မှာ ~~ အကြောင်းပြချက်များ
မလိုဘူး... ”

အချစ်တွေ ရှင်သန်မြဲရိပ်မြုံလေးပေါ့ လှတယ် ။

တန်ခူး said...

နုရေ... အလုပ်အတူလုပ်ခွင့်ရခြင်းကလဲ ကြည်နူးစရာတမျိုးပဲနော်... နုတို့ က ဒီရောက်တဲ့အထိ တူတူလုပ်ခွင့်ရနေတာ ပျော်စရာကြီး... နုပို့ စ်လေးဖတ်ပြီးမှ သတိထားမိတယ်... ဟုတ်ပါရဲ့... တချို့ အချက်တွေက တမင်တူတာမဟုတ်ပါပဲ သူ့ အကျင့်ကိုယ့်အကျင့်ကူးစက်သွားတတ်တာ... အမှန်ပဲညီမရေ... ငြိမ်းချမ်းတဲ့စုံတွဲလေးမို့ ဖတ်ရတာ ရင်ထဲမှာ ငြိမ်းလိုက်တာ ညီမရေ...

Moe Cho Thinn said...

စိတ်ရှင်းရှင်းနဲ့ အေးချမ်းတဲ့ စုံတွဲလေးဆိုတာ ဖတ်လိုက်တာနဲ့ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ် နုရေ..

သက်ဝေ said...

ဘောလုံးပွဲတွေ ရက်ဆက်ကိုက်ခဲ့မိပြီး ညက အစောကြီး ဒေါင်းသွားလို့ ခုမှ ဖတ်ရတယ် ညီမရေ...

ရိုးစင်း ရှင်းလင်းတဲ့ ဖြူစင် အေးချမ်းတဲ့ ညီမတို့နှစ်ယောက်ကို မျက်စေ့ထဲမှာ မြင်နေပြီးသားပါ။ အခုလိုလေး ဖတ်လိုက်ရတော့ ပိုပြီးတောင် သိသွားသေးတယ်...

သာယာချမ်းမြေ့တဲ့ ဘဝလေးကို သမီးလေးနဲ့အတူတူ ရာသက်ပန် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း လျှောက်လှမ်းသွားနိုင်ပါစေလို့ ဆုတောင်းတယ်နော်...

ပိုစ့်လေးအတွက် ကျေးဇူးပါ ညီမ နုစံ...း))

ဇွန်မိုးစက် said...

နိုင်ငံရပ်ခြား ရောက်တဲ့အထိ လုပ်ငန်းခွင် တစ်ခုတည်းဆိုတော့ အစ်မနုစံ ကံကောင်းတယ်နော်။ ချစ်တဲ့မိသားစုနဲ့အတူ အစဉ်ငြိမ်းချမ်းပျော်ရွှင်ပါစေ။

kay said...

နုစံရေ.. ဟိုးရက်..မသက်ဝေ ပြောလို့.. နုစံ ဖေဖေ အတွက် ပြန်ရတုန်းကလဲ..လာ မမေးဖြစ်ဘူး။

ခုမှ..ပျော်ပျော် ပါးပါး အေးအေးချမ်းချမ်းလေး ရေးထားတဲ့... ပို့စ် လေးကို ဖတ်ရင်း.. အားလုံးစုပြီး မေးသွားတယ်နော်။

သမီးလေး ပုံလည်း မြင်ဘူးချင်သား။ ဖေ-မေ တွေ တောင် မမြင်ဘူးပဲး)

Shinlay said...

အလုပ်ခွင်တခုထဲဆိုတော့ ကောင်းလိုက်တာနော်။
ပြောစရာတွေအမြဲရှိနေသလို၊ အလုပ်ရဲ့ ပင်ပန်းမှုတွေ ရင်ဖွင့်ရင်လည်း အဆင်ပြေတာပေါ့။
(comment ရေးသွားတာကျေးဇူးတင်ပါတယ်။ နောက် ထူးထူးဆန်းဆန်းလေးတွေချက်ရင် မြန်မာလိုါ ထဲ့ေ၇းပေးပါ့မယ်။ )

ခင်မင်းဇော် said...

ဂျပန်ကို ရောက်တုန်းက နုစံနဲ့ မြရွက်ဝေဘလော့က ဖတ်နေကျ ရင်းနှီးနေတော့ တွေ့ချင်တာ။ ဘယ်လိုဆက်သွယ်ရမယ် မသိတာနဲ့ .. မတွေ့လိုက်ရဘူး...

KNSL said...

တစ်ယောက်နဲ့ တစ်ယောက် နှစ်သက်မြတ်နိုးလို့ လက်ထပ်ယူခဲ့တာဆိုတော့ အသွင်တူခြင်း မတူခြင်းထက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့၊ အချစ်ခြင်း ညီဖို့ နဲ့ မတူတာတွေ ရှိရင်တောင် နားလည်မှုရှိဖို့ ကျမတို့ ကြိုးစားနေရတုန်းပါပဲ။
အမရေ ဟုတ်တယ်နော်။