ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်”ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။ ညဘက်ဆိုရင်လည်း ထမင်းစားပြီးချိန်ပေါ့။ ရုံးနားရက် ကျောင်းပိတ်ရက်ဆိုရင်လည်း နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ပေါ့။
ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဘာတွေ မဖတ်ခဲ့ရတော့ လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေဆိုရင် စိတ်ဝင်တစား နားထောင်ခဲ့ရတယ်။ အခု ဒီအသက်အရွယ်ရောက်တဲ့ထိလည်း ကြိုက်နေတုန်းပဲ။ ပုံပြင်တွေကို ကြိုက်တဲ့အပြင် မြန်မာ့အသံက ပုံပြင်လာခါနီးမှာ လွှင့်တဲ့ တီးလုံးလေးကိုလည်း ကြိုက်တာပဲ။ နောက်ပြီး ပုံပြင်တွေ ဆုံးခါးနီးတိုင်းမှာ ပြောတဲ့ ဆုံးမစကားတွေကိုလည်း သဘောကျခဲ့တယ်။ ပုံပြင်ပြောပြနေသူက “မောင်ညီမလေးတို့ရေ.." လို့ ခေါ်လိုက်ရင် နားဝင်ချိုပြီး ကလေးသဘာဝ သဘောကျမိခဲ့တာပေါ့။ အခုတောင် ဒီစာရေးရင်း နားထဲ ပြန်ကြားယောင်နေမိတယ်။
အမှန်တော့ ကလေးနဲ့ ပုံပြင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ပုံပြင်ဆိုတာလည်း ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးခဲ့ ပြောခဲ့ကြတာပဲ မဟုတ်လား။ “သူတဖက်သားကို ငဲ့ညှာသနားတတ်ဖို့၊ ကူညီပေးဖို့၊ နိုင်လိုမင်းထက် မဆက်ဆံဖို့၊ လိမ်မပြောဖို့၊ ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်သူတပါး ဒုက္ခမရောက်ဖို့ ၊ လောဘမကြီးဖို့” စတဲ့ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတာပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေနဲ့ ကိုယ်စားပြု ဆုံးမတော့ ပိုပြီး နားလည်လွယ်တာပေါ့။ သုံးထားတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ကလေးတွေ မြင်လွယ်အောင် အမျိုးမျိုး အထူးပြုထားသေးတယ်။ ဥပမာ.. ကောက်ကျစ်တဲ့ မြေခွေး၊ ကျားစဉ်းလဲကြီး၊ တစ်တောလုံးရဲ့ အရှင်သခင် ကေသရာဇာခြသေ့င်္၊ ခွန်အားကြီးတဲ့ ဆင်ကြီး၊ အဆော့သန်တဲ့ မျောက်ကလေး၊ ယုန်ပညာရှိလေး အစရှိသဖြင့်ပေါ့။
ကျမ မှတ်မိသလောက် မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာဆိုရင် ယုန်နဲ့ လိပ်ပုံပြင်၊ ထင်းခုတ်သမားနဲ့ ပုဆိန်၊ မြွေမင်းသားလေးနဲ့ မယ်ထွေးလေး ပုံပြင် အဲဒီလောက်ပဲ မှတ်မိတော့တယ်။ နောက်ပြီး ကြက်ကလေးက ဟတ်ချိုးချီလိုက်လို့ စဥ့်အိုးကွဲသွားပြီး ကြောင်ကြီး ထွက်ပြေးသွားတာ ဆိုရင် ရီလည်း ရီရသလို ချစ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ပုံပြင်တွေထဲမှာ အခုထိလည်း နာမည်ကြီးနေသေးတဲ့ လူပုလေး ၇ ယောက်နဲ့ မနှင်းဖြူလေး၊ စင်ဒရဲလားပုံပြင်တို့ပေါ့။ ဂျပန်ပုံပြင်တွေထဲကတော့ ကျေးဇူးဆပ်တတ်တဲ့ ကြိုးကြာငှက်လေး ရယ် ၀ါးထဲက ထွက်လာတဲ့ မင်းသမီးလေး ဆိုတာ လောက်ပဲ သိတော့တယ်။သေချာ အသေးစိတ် မမှတ်မိတော့ဘူး။ အခုဒီရောက်တော့ အဲဒီ ပုံပြင်လေးတွေကို ဖတ်ချင်ပေမယ့် စာအုပ်ရှာရမှာ ပျင်းနေတာရော၊ ဂျပန်စာ အခက်အခဲရှိတာရော ပြန်မဖတ်ဖြစ်တော့ဘူး။ တချို့လည်း စကားပြောရင်တောင် ပုံပြင်လေး ကြားညှပ်သုံးတတ်ကြတာ ကြားဖူးမှာပေါ့။ “ဟို.. မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက်ပုံပြင်” ဆိုတာမျိုးလေ။
ငယ်ငယ်တုန်းကတော့ လူကြီးတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိထားတဲ့ ပါးစပ်ပုံပြင်လေးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ သိခွင့်ရပေမယ့် အခုခေတ် ကလေးတွေဆီက “ပုံ ပြောပြပါ” လို့ ပူဆာတာမျိုး မကြားမိဘူး။ အိမ်က တူဝမ်းကွဲလေးရော တူမလေးတွေရော မပူဆာကြဘူး။ ဒီဘက်ခေတ် မိဘတွေ အနေနဲ့ ကလည်း ပိုက်ဆံ ရှာနေရတာနဲ့ ကလေးကို အချိန်မပေးနိုင်ကြတာ များပါတယ်။ ကလေးတွေအဖို့မှာလည်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုတာနဲ့ မူကြိုရောက်ပြီး က ကြီး ခ ခွေး ရွတ်နေကြရပြီ။ ချမ်းသာတဲ့ မိသားစုဝင် ကလေးတွေ အတွက်တော့ မိဘတွေက အလုပ်အားရင် Game Centre လိုက်ပို့တာမျိုး၊ Super Market ထဲမှာ ကလေးတွေ ကစားလို့ရတဲ့ နေရာမျိုးမှာ သွားဆော့ခိုင်းတာမျိုး လုပ်ပေးလာကြတယ်။ ဒါမှမဟုတ်လည်း ကလေးက အိမ်မှာပဲ ကွန်ပျူတာ ဂိမ်းဆော့ချင်ဆော့၊ မဆော့ချင်လည်း တီဗွီ၊ ဗွီဒီယို၊ DVD နဲ့ ကာတွန်းကားတွေ၊ တီဗွီကြော်ငြာတွေ ကြည့်ခိုင်းထားကြတယ်။ နောက်ပြီး ကလေးကို ငယ်ငယ်ကတည်းက တခြားဘာသာစကားပြောနိုင်အောင် ဆရာမ အိမ်ခေါ်ပြီး သင်ခိုင်းလာကြသလို တချို့လည်း ILBC ၊ YES တို့လို သင်တန်းကျောင်းတွေ ပို့ကြတာပေါ့။ ကျောင်းရောက်တဲ့အခါ ဆရာမတွေက ကလေးတွေ ပျော်အောင် ကွန်ပျူတာနဲ့ သီချင်းလေးတွေ ဖွင့်ပြတာတို့၊ ကဗျာရွတ်တာတို့၊ ဥာဏ်ရည်ထက်မြက်အောင်ဆိုပြီး ဂိမ်း အမျိုးမျိုး ကစားကြတာမျိုးတို့ လုပ်ပေးကြပြန်ရော။ ဒါကလည်း တီဗွီထဲမှာ ကြော်ငြာလို့ မြင်ဖူးတာပါ။ မူကြိုကျောင်းတွေကလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားပြိုင်ကြတဲ့ “ချစ်စရာ့အရွယ် ကစားကြမယ်”ဆိုတဲ့ အစီအစဉ်ကိုလည်း တီဗွီမှာ မြင်နေရတယ်လေ။ အဲဒါဆိုတော့ ခုခေတ် ကလေးတွေ “ပုံပြင်နားထောင်ချင်တယ်၊ ပုံပြောပြပါ” လို့ ပူဆာတတ် ကြရဲ့လားလို့ တွေးမိလာတယ်။
လူကြီးတွေ ဖြစ်လာတဲ့ ကျမတို့ကျတော့ရော ဘာထူးသေးလဲ။ နားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲက တချို့ဟာတွေဆိုရင် မမှတ်မိတော့ဘူး။ တစ်ပိုင်းတစ်စ လောက်ပဲ မှတ်မိတာမျိုးတွေ ဖြစ်လာတယ်။ နောင် ကိုယ့်ရဲ့ ကလေးတွေက “ပုံပြောပြပါ” လို့ ပူဆာလာရင်တောင် မပြောပြတတ်တော့ဘူး ဖြစ်မှာသေချာတယ်။ ကလေးတွေကရော ပုံပြောပြဖို့ ပူဆာမှာထက် “ Nintendo DS ၀ယ်ပေးပါ၊ Wii Game ၀ယ်ပေးပါ၊ Computer ၀ယ်ပေးပါ” ဆိုပြီး လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပူဆာကြတော့မယ်လို့ ထင်တယ်။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့ပြောတဲ့ ပုံပြင်ထက် “Cinderella ၊ Nemo၊ Shrek၊ Spider Man" တို့လို နိုင်ငံခြားကာတွန်းကားတွေကို ပိုပြီး ကြည့်ချင်လာကြမလားပဲ။ ဒီလိုနဲ့ပဲ ကျမတို့ နားထောင်ခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်၊ ပါးစပ်ပုံပြင်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား လိမ့်မယ် ထင်ပါရဲ့...။
ဧပြီ ၂၄၊ ၂၀၀၈။