May 28, 2008

မေလ အမှတ်တရ

Blog ကိုလာလည်ပြီး သတင်းမေးကြတဲ့သူငယ်ချင်းတွေ၊ အလှူခံထားတဲ့ပို့စ်မှာ comment တွေ လာရေးနေကြတဲ့သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတလော အလုပ်ကလည်းများ အားချိန်ကမရှိတော့ ကိုယ့် Blog ကိုလည်း ပစ်ထားတာ ကြာလှပါပြီ။ ရုံးမှာ ထမင်းစားချိန်လေးဖြစ်ြဖစ် ၊ ညမအိပ်ခင်အချိန်လေးကို သူငယ်ချင်းတွေဆီ လှည့်ပတ်လည်ရင်း cbox မှာပဲ အော်ခဲ့ရတာ များတယ်။ အရင်လို comment ရှည်ရှည် မရေးနိုင်ခဲ့ဘူး။ “နေမကောင်းဘူးလား”လို့မေးထားတဲ့ သူငယ်ချင်းတို့ရေ.. “နုစံနေကောင်းပါတယ်။ သတိတရ နဲ့သတင်းလာမေးတာ ကျေးဇူးပါနော်...”


အမှန်တော့ မေလဟာ ကျမဘ၀အတွက် အမှတ်ရစရာတွေ အများကြီး ရှိနေတဲ့ လ တစ်လပါ။ မေလ ၁၀ ရက်နေ့ဟာ ကျမမောင်လေးရဲ့ မွေးနေ့ဖြစ်ပြီး တခြားသူငယ်ချင်းတွေရဲ့ မွေးနေ့လည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ် မေလ ၁၄ ရက်မှာ ကျမတို့ အဖေနဲ့ အမေဟာ လက်ထပ်ခဲ့ကြပြီး ၁၇ နှစ်အကြာမှာ ကျမအချစ်ဆုံး ဦးလေးငယ်လည်း မေ ၁၄ မှာပဲ လက်ထပ်ခဲ့တယ်။ နောက်ထပ် ၁၇ နှစ်နှစ်အကြာ မေ ၁၄ မှာ ကျမ လက်ထပ်ခဲ့တာမို့ ဒီလ ၁၄ ရက်နေ့ဟာ မင်္ဂလာနှစ်ပတ်လည်နေ့ပေါ့။ ကျမတို့လိုပဲ တခြားတခြားသော သူငယ်ချင်းအချို့လည်း မေလ မှာ လက်ထပ်ခဲ့ကြတယ်။


ပျော်စရာနဲ့အတူ ၀မ်းနည်းကြေကွယ်ဖွယ်အဖြစ်တွေလည်း ယှဉ်တွဲပြီး ရှိနေတတ်တယ်ဆိုတာ ၂၀၀၈ ခုနှစ် မေလက သက်သေပြလိုက်တာပါပဲ။ ဒီနှစ် မေလဆန်းပိုင်းလောက်ကစပြီး နာကြည်းကြေကွဲဖွယ်ရာ အဖြစ်တွေကို နေ့စဉ်ရက်ဆက်မြင်နေ၊ တွေ့နေ ၊ကြားနေခဲ့ရတယ်။ မြန်မာပြည်ရဲ့ဆိုးရွားလှတဲ့ သဘာဝဘေးကြောင့် ကျမမောင်လေးနဲ့အတူ ဘယ်သူငယ်ချင်းကိုမှလည်း မွေးနေ့ဆုတောင်း မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျမအဖေအမေ နဲ့ ဦးလေးတို့ကိုလည်း မင်္ဂလာနှစ်ပတ်လည်ဆုတောင်းမပြောနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုလည်း သတိရလိုက်ပြီး ဘာမှ အထိမ်းအမှတ်လိုမျိုး မလုပ်ဖြစ်ခဲ့ဘူး။ အင်တာနက်က မုန်တိုင်းဓာတ်ပုံသတင်းတွေ ကြည့်ပြီး စိတ်မကောင်းလွန်းလို့ မျက်ရည်နဲ့ မျက်ခွက်။ မေ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ တစ်ရက်မှ စိတ်မအေးချမ်းခဲ့ဘူး။ မြန်မာပြည်သူတွေကို ဒီလို ဒုက္ခတွေကနေ အမြန်ဆုံး ကင်းလွတ်စေချင်တာပါပဲ။ စားစရာမရှိ၊ နေစရာမရှိ၊ မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့မျက်နှာတွေကို မကြည့်ရက်ဘူး။ သတင်းနားထောင်ပြီးရင် ဒေါသထွက်ရ၊ စိတ်ဆိုးရတာပဲ အဖတ်တင်တယ်။ ကျမတောင် ဒီလောက် ပူပင်သောက ရောက်နေရင် ကာယကံရှင်တွေအဖို့ရာ ပြောဖွယ်မရှိတော့ဘူး။ သူတို့ကို လုပ်ပေးနိုင်တာက ငွေလှူတာ၊ ရုံးမှာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တတ်နိုင်သလောက် အလှူငွေကောက်ခံပေးတာမျိုးလောက်ပဲ လုပ်ပေးနိုင်တယ်။ ကိုယ့်ထက်လုပ်နိုင်သူတွေကိုလည်း ကျေးဇူးတင်သလို လေးစားစိတ်လည်းဖြစ်မိတယ်။ လေဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက ပါဝင်ကူညီသူ အားလုံး ဘေးရန်ကင်းကြပါစေ၊ နှောက်ယှက်သူများရန်ကနေ ကင်းဝေးကြပါစေ။ မြန်မာပြည်သူတွေလည်း ဒီလို ၀ဋ်ဆင်းရဲကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။


မေ ၂၉၊ ၂၀၀၈။

May 8, 2008

A Rescue Fund for Myanmar Cyclone Victims (Japan)

မြန်မာပြည်က လေဘေးဒုက္ခသည်တွေအတွက် ကူညီအားပေးဖို့ဆိုတာ ပြည်ပရောက်နေသူတွေအဖို့ ငွေကြေး ကူညီမှုလေး တစ်ခုလောက်ပဲ လုပ်နိုင်ပါတယ်။ ဒီညတော့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ဂျပန်ကနေ အလှူငွေ လှူလို့ရတဲ့ website link ကို Kyoto မှာနေတဲ့ သူငယ်ချင်းက ကျမဆီ ပို့ပေးလာပါတယ်။ အဲဒီ website ကို တာဝန်ယူနေတဲ့သူတွေကလည်း ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေပါ။ ဂျပန်မှာရောက်နေတဲ့ တခြား လှူချင်တဲ့သူတွေလည်း လှူလို့ရအောင် web link ကို ကျမ Blog ပေါ် တင်ပေးလိုက်ပါတယ်။ တတ်နိုင်သလောက် မြန်မာပြည်သူတွေအတွက် အလှူငွေထည့်ဝင်ပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။

Link:
A Rescue Fund for Myanmar Cyclone Victims (Japan)

မေ ၈၊ ၂၀၀၈။

May 5, 2008

မုန်တိုင်းရဲ့ ဒဏ်ကြောင့်...


ဓာတ်ပုံ ကို ခေတ်ပြိုင် မှ ယူပါသည်။

အရင်တုန်းကဆို သူများနိုင်ငံတွေမှာ ငလျင်လှုပ်ပြန်ပြီ။ တော်ကြာ ရေကြီးပြန်ပြီ။ ဆူနာမီ ထိပြန်ပြီနဲ့။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ အဲဒီလို ကပ်မျိုး ဘယ်တော့မှ မဆိုက်ဘူးလို့ တွေးထားခဲ့တာ။ အခုတော့ တစ်သက်နဲ့တစ်ကိုယ် အခုလို အဖြစ်ဆိုးမျိုး ရန်ကုန်မှာ တခါမှ မကြုံဖူးဘူး။ မြန်မာနိုင်ငံကို ဘယ်လို ကြမ္မာဆိုးတွေများ ၀င်နေသလဲမသိဘူး။ အိမ်နဲ့လည်း အခုထိ ဖုန်းခေါ်လို့ မရသေးဘူး။ ဘယ်လောက်ကြာမှ ပြန်ခေါ်လို့ရမလဲဆိုတာလည်း ဘယ်သူမှ မပြောနိုင်ကြဘူး။ အများဆုံး ၂ ပတ် ကနေ ၁ လအထိ ကြာမယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။ စိတ်ပူလိုက် သတင်းပြေးကြည့်လိုက်၊ သတင်းပြေးကြည့်ပြီး စိတ်ပူလာလိုက်နဲ့ နောက်ဆုံး အိပ်မရတာပဲ အဖတ်တင်တယ်။ အပျက်အစီး အဆုံးအရှုံး နည်းပါစေလို့ ဆုတောင်ပေးနေပေမယ့် အင်တာနက်ပေါ်တက်လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး လူက သွေးပျက်ချင်လာပြီ။ အိမ်မှာရော ဘယ်လိုဖြစ်နေကြပြီလဲ။ အိမ်အခြေအနေ သိချင်လို့ တတ်နိုင်သလောက် လက်လှမ်းမှီရာ အမျိုးတွေဆီ ဖုန်းဆက်ကြည့်တော့ ဒီနေ့မှ မြို့ထဲက အဒေါ်အိမ်နဲ့ အဆက်အသွယ်ရတယ်။ ဒါတောင် အကိုက စင်ကာပူကနေ တဆင့် ဖုန်းဆက်မေးပေးလို့သာ သိရတာ။ ဒီဘက်ကတော့ ဘယ်ဖုန်းကိုမှ ဆက်လို့မရဘူး။ အင်းစိန်အိမ်က အပေါ်ထပ် နဲ့ အနောက်ဖက် တခြမ်းလုံး အိမ်ခေါင်မိုး သွပ်ပြားတွေလန်ပြီး ပျက်စီးသွားတယ်။ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာတော့ မသိခဲ့ရဘူး။ မုန်တိုင်းပြီး ချက်ချင်းပဲ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ပြန်ပြင်လိုက်ပြီဆိုတာရယ် လူကြီးတွေ နဲ့ မိသားစုဝင်တွေ ဘာမှ မဖြစ်ဘူးဆိုလို့ စိတ်အေးရပေမယ့် မီးမလာ၊ ရေ မရ၊ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ဘယ်လောက်ကြာကြာ ရင်ဆိုင်နေကြရမလဲ။ ဓာတ်ဆီတွေ ဈေးတက်၊ ဘဲဥ ကြက်ဥ တစ်လုံး ၃၀၀၊ ၄၀၀ တဲ့။ ဒီကြားထဲ အင်းစိန်ထောင်မှာ မီးလောင်တယ်ဆိုတဲ့ သတင်းလည်းဖတ်လိုက်ရသေးတယ်။ အင်းစိန်ထောင်က အိမ် နဲ့ဆို နီးနီးလေးပဲ။ ကိုယ်နဲ့ နီးနီးနားနား ခေါ်ထားလို့ လွယ်မယ်ဆိုရင် ခေါ်ထားလိုက်ချင်တော့တယ်။ ဒါတောင် ကိုယ့်မိသားစု တစ်စုထဲတင် ဒီလိုဖြစ်နေတာ တခြားမိသားစုတွေ၊ ကိုယ့်ထက်ပိုဆိုးတဲ့သူတွေ အများကြီးပဲ။ အားလုံးဟာ အပူမီးတွေဝိုင်းနေတာ။ လေဘေးဒုက္ခသည်စာရင်း၊ လူအသေပျောက် စာရင်း၊ ဆုံးရှုံးတဲ့ အိမ်ထောင်စုစာရင်းတွေ တစ်နေ့ထက် တစ်နေ့ တိုးနေတဲ့ ကိန်းဂဏန်းတွေကို မကြည့်ရဲတော့ဘူး။ ဒီနေ့လည်း ဂျပန်ဆရာမက message ပို့ပြီး သတင်းမေးတာတောင် ကိုယ့်မိသားစုအခြေအနေကို အတိအကျ မပြောပြနိုင်ခဲ့ဘူး။ နဂိုကလည်း စိတ်ပူတတ်သူမို့ အခုဆိုရင် ပိုဆိုးတယ်။


မေ ၅၊ ၂၀၀၈။

May 1, 2008

ဖက်ထုပ်ကြော် (Gyouza)

ဂျပန်မှာ မေလ ၃ ရက်နေ့ကစပြီး ၆ ရက်နေ့အထိ Golden Week ပိတ်ရက်ရှည် ရောက်လာတော့မယ်လေ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဧပြီ ၂၉ ရက်) ကလည်း Public Holiday ဆိုတော့ ကျမတို့ တင်္နလာနေ့ကို ရုံးက ခွင့်ယူပြီး ၄ ရက်ဆက်တိုက် နားလိုက်ရသေးတယ်။ “ပိတ်ရက်မှာ ဘယ်သွားဖြစ်ကြလဲ” လို့ သူငယ်ချင်းတွေက ရုံးပြန်တက်တော့ မေးကြတယ်။ ကိုယ်တွေက ဘယ်မှလည်း မသွားဖြစ်ပဲ အိမ်ထဲမှာ သန့်ရှင်းရေးလုပ်၊ အနွေးထည် အထူတွေ သိမ်းဆည်းပြီး နွေဘက်ဝတ်ဖို့ အင်္ကျီအပါးတွေ ပြန်ထုတ်၊ စားချင်တဲ့ မြန်မာအစားအစာတွေလုပ်စားနဲ့ ပိတ်ရက် က ကုန်သွားပြန်တာပဲ။ ပြီးတော့ ၃ ရက် ရုံးပြန်တက်ရတာပေါ့။ နောက်တပတ်ဆိုရင် Golden Week အတွက် ရုံးထပ်ပိတ်တာမို့ နားရတာ တဆက်တည်း မဟုတ်သလို အလုပ်သွားရတာလည်း စိတ်မပါလှဘူး။ ရုံးက တချို့လည်း ဒီတစ်ပတ်လုံး ခွင့်ယူပြီးနားနေကြလေရဲ့။


***


ပိတ်ရက်မှာ ထူးထူးခြားခြားဆိုလို့ တနင်္ဂနွေနေ့က ဂျပန်ဆရာမတွေ အိမ်လာလည်ရင်း gyouza (ギョウザ) လုပ်စားဖြစ်ခဲ့ကြတယ်။ တကယ်တော့ gyouza က တရုတ်အစားအစာပါ။ မြန်မာလိုကတော့ “ဖက်ထုပ်ကြော်” လို့ခေါ်မယ်ထင်ပါတယ်။ ဘယ်လိုဖြစ်ပြီး တရုတ်အစားအစာက ဂျပန်မှာ နာမည်လာကြီးနေလဲတော့ မသိပါဘူး။ တရုတ်စားသောက်ဆိုင်တွေမှာ ဖက်ထုပ်ကြော် မှာစားရင် ၆ ခုလောက်ပါတာကို ယန်း ၂၀၀ ကနေ ယန်း ၃၀၀ လောက်အထိပေးရပါတယ်။ တချို့လည်း ၀ယ်မစားကြပဲ အိမ်မှာ ကိုယ့်ဘာသာ လုပ်စားလေ့ရှိကြတယ်။ Ready Made လုပ်ထားပြီးသားတွေလည်း Super Market မှာရောင်းပါတယ်။ စားခါနီးမှ ပြန်ပြီး နွှေးစားရတာမို့ ကျမတော့ သိပ်မကြိုက်လှဘူး။ မြန်မာပြည်မှာတုန်းက တခါမှ မစားဖူးဘူး။ ဒီတခေါက်ဂျပန်လာတော့ တရုတ်ဆိုင်မှာ ထမင်းသွားစားရင်းကမှ အဲဒီဖက်ထုပ်ကြော်ကို ကြိုက်သွားတာ။


တခြား Blog တွေမှာလည်း ဖက်ထုပ်ကြော် လုပ်နည်းရှိပြီးသား ဖြစ်မှာပါ။ ဒီဟာကတော့ ဆရာမတွေနဲ့ ပါတီလုပ်ခဲ့တာလေးကို ပြောပြချင်တာရယ် နောက်တမျိုး ဂျပန်စတိုင်လေးပေါ့။ ဆရာမတွေ ရောက်လာတော့ အနီးနားမှာရှိတဲ့ Super Market မှာ လိုအပ်တာတွေ သွားဝယ်ပြီး ဖက်ထုပ်ကြော် လုပ်ဖို့ စပြီး ပြင်ဆင်ကြတာပေါ့။ လိုအပ်တဲ့ ပစ္စည်းတွေက လူ ၆ ယောက်စာမို့လို့ ၀က်သားအကြေ ၂ ဗန်း၊ ပုဇွန်ဗန်းသေး ၁ ဗန်း (ပုဇွန်က မထည့်လည်းရပါတယ်။ ထည့်တော့လည်း ပိုစားလို့ကောင်းတာပေါ့။) မုန်ညှင်းဖြူထုပ် ၁ စိပ် ၊ ကြက်သွန်ဖြူမိတ် ၁ စည်း၊ ဖက်ထုပ်ရွက် ၈၀၊ ကော်မှုန့်နည်းနည်း၊ ဖက်ထုပ်ကြော်နဲ့တို့စားဖို့ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ငရုတ်အဆီတို့ပါပဲ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်စားတော့ စားလို့ကောင်းတဲ့အပြင် Ready Made တွေလို ပိုးသတ်ဆေးပါမှာတို့၊ အထားခံအောင် ထည့်တဲ့ဆေးပါမှာတို့ မစိုးရိမ်ရဘူးပေါ့။



ကြက်သွန်ဖြူမိတ်နဲ့ မုန်ညှင်းဖြူထုပ်။

ဖက်ထုပ်ကြော်နဲ့တွဲစားတဲ့ ရှာလကာရည်၊ ငရုတ်အဆီ၊ ပဲငံပြာရည်အကြည်။


စစချင်း မုန်ညှင်းထုပ်ကို ပါးပါးလေးတွေ လှီးပါတယ်။ လှီးပြီးသား မုန်ညှင်းရွက်တွေကို ဆားနဲ့နယ်ပြီး အရည်တွေ ညစ်ထုတ်ပစ်လိုက်တယ်။ အဲဒါပြီးရင် ကြက်သွန်ဖြူမိတ်ကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲ သပ်သပ်ထည့်ထားပါတယ်။ ပုဇွန်ကျောက အူကြောင်းကို ဖယ်ပြီး ညှီနံ့ပျောက်အောင် ရေသေချာဆေးရပါတယ်။ ပြီးမှ အတုံးလေးတွေ တုံးထားလိုက်ပါတယ်။ ဇလုံအကြီးထဲကို ၀ယ်လာတဲ့ ၀က်သား ၂ ဗန်းရယ်၊ ဂျင်းနည်းနည်း၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆားနည်းနည်း၊ ကော်မှုန့်ထည့်ပြီး သေချာ နယ်ပါတယ်။ နောက်ပြီး ဂျပန်ဆရာမက ဟင်းချက် အရက်နည်းနည်းထည့်ဖို့ပြောတယ်။ ဒါပေမယ့် အိမ်မှာက ဟင်းချက်အရက် မသုံးတာနဲ့ သောက်ဖို့ ၀ယ်လာတဲ့ ဂျပန်အရက် နည်းနည်း ထည့်ပြီး နယ်လိုက်တာပါ။ (လက်သေချာမဆေးထားရင်တော့ နည်းနည်းလေး ငန်နေမှာပေါ့နော်. :P) ပြီးမှ ၀က်သားနယ်ပြီးသားထဲကို စောစောက ဆားနဲ့နယ်ထားတဲ့ မုန်ညှင်းရွက်ရယ်၊ ကြက်သွန်ဖြူမိတ် လှီးထားတာရယ်၊ ပုဇွန်လှီးထားတာရယ် တခါတည်း ထည့်နယ်လိုက်တော့ ဖက်ထုပ်ကြော်ထဲ ထည့်ဖို့ အစာ ရသွားတာပေါ့။


ဖက်ထုပ် စထုပ်မယ်ဆိုတော့ ဆရာမက အိမ်က ထမင်းစားပွဲခုံလေးကို သေချာသုတ်ခိုင်းပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ ကော်မှုန်နည်းနည်း ဖြူးချလိုက်ပြီး ဖက်ထုပ်ရွက်တွေကို တစ်ခုချင်းစီ ခုံပေါ်စီပြီး ဖြန့်ထားလိုက်ပါတယ်။ ကော်မှုန့်မသုံးရင် ကပ်ကုန်မှာစိုးလို့ပါ။ ပြီးတော့မှ အဲဒီ အရွက်တွေပေါ်ကို အသားနည်းနည်းချင်းစီထည့်ပြီး ထုပ်ရတာပါ။ အားလုံး ထုပ်ပြီးသွားမှ ဒယ်အိုး(non sticky)ထဲကို ဆီနည်းနည်းထည့်ပါတယ်။ ဆီပူလာမှ ဖက်ထုပ် ထုပ်ပြီးသားတွေ ဒယ်အိုးထဲ ဆန့်သလောက် ထည့်လိုက်တယ်။ တအောင့်နေလို့ ဖက်ထုပ် အောက်နားက ညိုလာပြီဆိုရင် ရေနည်းနည်းလေးထည့်ပြီး အုပ်ထားလိုက်ယုံပါပဲ။ ရေခန်းလို့ ကျက်ပြီဆိုရင် ပဲငံပြာရည်အကြည်၊ ရှာလကာရည်နည်းနည်း၊ အစပ်ကြိုက်ရင် ငရုတ်အဆီထည့်ပြီး တို့စားယုံပဲ။ ကျမတို့ကတော့ အဲဒီနေ့က ရာသီဥတု သာယာတာနဲ့ အိမ်မှာ ဖက်ထုပ်တွေ အားလုံးပြီးအောင်ထုပ်ပြီးမှ အိမ်ရှေ့ က မြစ်ကမ်းပါးပေါ်မှာ ကြော်စားခဲ့ကြတာပါ။


ဖက်ထုပ်ကြော်နဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ပြီးခဲ့တဲ့တခေါက် ဂျပန်လာတုန်းကပေါ့။ ဒီနေ့လို Osaka ရောက်ပြီး ရောက်တဲ့နေ့ ခရီးပန်းပြီးအိပ်လိုက်ကြတာ။ နောက်တစ်ရက် ရုံးက မန်နေဂျာမမ က သူ့အိမ်ကို ဖိတ်ပြီး နေ့လည်စာ ထမင်းကျွေးပါတယ်။ ကျမတို့ မြန်မာအုပ်စုထဲက အရှေ့တစ်နှစ်က ရောက်နေတဲ့ သူတွေရယ် နောက်ရောက်တဲ့ ကျမတို့ရယ်၊ လက်ရှိရုံးမှာရှိတဲ့ နိုင်ငံခြားသားတွေရယ်ဆိုတော့ လူက အတော်များတယ်ပြောရမယ်။ သွားကြတော့လည်း တစ်အုပ်ကြီးနဲ့ ကိုယ်ကလည်း ရောက်ခါစမို့ ပျော်မှပျော်ပေါ့။ မန်နေဂျာ မမအိမ်ရောက်မှ အပြတ်စားပစ်လိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ချီတက်သွားကြတာ။ မမအိမ်လည်းရောက်ရော လူအားလုံးအတွက် သူတစ်ယောက်တည်း ချက်ပြုတ်နေရတာမို့ ဖက်ထုပ်ကြော်လုပ်ဖို့ အသားနယ်ထားတဲ့ ဇလုံကြီးက ဒီအတိုင်းပဲ ရှိနေသေးတယ်။ ကျမတို့ရောက်သွားတော့မှ ဖက်ထုပ်ကြော်အတွက် စပြီးထုပ်ရတယ်လေ။ ယောင်္ကျားလေးတွေကတော့ ကျက်နှင့်ပြီးသား ဟင်းခွက်တွေနဲ့စားလို့ သောက်လို့ ပွဲစနေကြပြီ။ ကျမတို့ မိန်းကလေးအုပ်စုကတော့ ဗိုက်ကလည်းစာ၊ ထုပ်နေတဲ့ ဖက်ထုပ်ကလည်း ချက်ချင်းစားလို့မရ၊ သူများတွေစားနေတဲ့ဟင်းနံ့ကနှိပ်စက်နဲ့ ဒုက္ခကြီးလိုက်တာ မပြောပါနဲ့တော့။ ဖက်ထုပ် ထုပ်နေတဲ့ဆီလည်း စိတ်မရောက်နိုင်တော့ဘူး။ အဲဒီနောက်ပိုင်း ရန်ကုန်သာ ပြန်သွားတယ် ဖက်ထုပ်ကြော် မစားဖြစ်တော့ဘူး။ မန်နေဂျာက တရုတ်လူမျိုးဆိုတော့ ဟင်းချက်တာလည်း အတော်ကောင်းပါတယ်။ ဗိုက်ဆာနေတဲ့အချိန် ချက်ချင်းမစားခဲ့ရတာလေး တစ်ခုပါပဲ။ အရင်ကအကြောင်းတွေ သတိရလာလို့ ရေးလိုက်တာပါ။ ပို့စ်နဲ့တော့ မဆိုင်ပါဘူး။


***


အမ ဂျပန်မုန့်တွေ မစားရတာ ကြာပြီနော် လို့ ပြောသွားတဲ့ မောင်မျိုး နဲ့ အတူ Blog ကို လာလည်တဲ့သူငယ်ချင်းအားလုံးအတွက်ပါ။ အခုဖက်ထုပ်ကြော်ကတော့ ဂျပန်ဆရာမလုပ်ပြီး အမနှမ်းဖြူးထားတဲ့ လက်ရာပေါ့။ နောက်တစ်ခါမှ ကိုယ်တိုင်လုပ်ပြီး ကျွေးမယ်နော်။




ဖက်ထုပ်ထဲထည့်ဖို့ ၀က်သားနယ်ထားပြီးသား။


ဖက်ထုပ်ရွက်ပေါ်ကို ၀က်သားနည်းနည်းချင်းဆီ လိုက်ထည့်ပါတယ်။


ဘေးနားမှာ ရေခွက်ထားထားပြီး ဖက်ထုပ်ရွက် တခြမ်းကို ရေအရင်ဆွတ်ပြီးမှ အရွက်ကို စထုပ်တာပါ။


ပြီးရင် ဖက်ထုပ်ရွက် အပေါ်ဘက်အခြမ်းကို အတွန့်လေးတွေဖြစ်အောင် လုပ်ပြီး နောက်ဆုံးကျရင် အစာတွေ ထွက်မကုန်အောင် လက်နဲ့အသာလေးဖိပိတ်လိုက်ပါတယ်။



ဒါတွေကတော့ ထုပ်ထားပြီးသားပေါ့။ အားလုံးဝိုင်းလုပ်ကြတာမို့ ပုံစံမျိုးစုံနဲ့ သိပ်မလှဘူး။ ဗိုက်ထဲရောက်သွားတော့လည်း လှတာ မလှတာ မသိတော့ဘူးပေါ့နော်.. :)


ကြော်တဲ့အဆင့်တွေကတော့ အပေါ်မှာ ရေးပြထားခဲ့သလိုပါပဲ။ နောက်ဆုံးကြော်ပြီးသားရလာရင် ပဲငံပြာရည်နဲ့ တို့စားလိုက်ယုံပဲ။ ဗိုက်ဆာနေတာနဲ့ ပဲငံပြာရည်စပ်ထားတဲ့ပုံတောင် မရိုက်လိုက်ရဘူး။


ဆိုင်မှာစားရင် ဒီလိုပုံစားရတာပေါ့။ (ဓာတ်ပုံကို ဒီနေရာမှ ယူပါသည်။)

မေ ၁၊ ၂၀၀၈။