နိုဝင်ဘာလ ဆိုတော့ ရုံးနားမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Shinno ပွဲတော်ချိန် ရောက်လာပြန်ပါပြီ်။ မနှစ်က ပွဲတော် အကြောင်းကို ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ ဒီနေ့က ၂၂ ရက်နေ့ဆိုတော့ ပွဲတော် စတဲ့ရက်ပါ။ ဒီက ပွဲဈေးတန်းကို လျှောက်မိတော့ မြန်မာပြည်က ပွဲဈေးတန်းတွေကို သတိရမိတယ်။
*****
အရင် မဆလ ခေတ်တုန်းကတော့ ကျမတို့မြို့မှာ ပွဲဈေးဆိုရင် လွတ်လပ်ရေးကွင်းလို့ ခေါ်တဲ့ ကွင်းကြီးထဲမှာ ကျင်းပလေ့ရှိတယ်။ ကွင်းကလည်း အကျယ်ကြီးပဲ။ အလည်မှာ ရေကန်ကြီးလည်း ရှိတယ်။ ဇာတ်ပွဲ၊ ရုပ်ရှင်ရုံ၊ မိန်းမလျာတွေ ကတဲ့ ဇာတ်ရုံတွေ အပြင် တခြားရုံတွေလည်း ရှိသေးတယ်။ ကလေးတွေအတွက်ဆို ကားလိုလို လေယာဉ်ပျံလို လည်နေတဲ့ ရဟတ်အသေးတွေလည်းရှိတယ်။ ရဟတ်ကြီးတွေကိုတော့ လူကြီးတွေ စီးနေကြတာ ဘေးကပဲ အသာငေးဖူးတယ်။ တခါမှတော့ မစီးဖူးဘူး။ တချို့လည်း ကြောက်လန့်ပြီး ရှုးရှုးတွေ ပေါက်ချတယ်လို့ ပြောသံ ကြားဖူးတယ်။
ခေတ်ကာလ ရွေ့လျားလာတော့ လွတ်လပ်ရေးကွင်းကြီးလည်း ဘုရင့်နောင်လမ်း ဖောက်လိုက်တာ နှစ်ခြမ်းကွဲပါလေရော။ ကွင်းထဲမှာရှိတဲ့ ကန်ကြီးလည်း လမ်းဖောက်ဖို့ဆိုပြီး မြေဖို့ပစ်လိုက်ကြတယ်။ တချို့လည်း သိမယ်ထင်ပါရဲ့။ အင်းစိန် ဘီအိုစီ မှတ်တိုင်နားက ကွင်းအကျယ်ကြီးပါ။ အခုဆိုရင် အဲဒီနေရာမှာ ဂက်စ် ဆိုင်ဖြစ်သွားပြီ။ နောက်တော့ လွတ်နေတဲ့ မြေနေရာတွေမှာ ၀န်ထမ်းအိမ်ယာတွေ ဆောက်လိုက်တာ လွတ်လပ်ရေးကွင်းဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပြီလို့ ပြောရမလိုပါပဲ။ အင်းစိန်မှာ လွတ်လပ်ရေးကွင်းကြီး မရှိတော့ ပွဲဈေးတွေက အဆင်ပြေတဲ့နေရာတွေမှာပဲ ကျင်းပရတော့တာပေါ့။ အရင်တုန်းကလိုမျိုး ဇာတ်တွေ ဘာတွေလည်း မသွင်းနိုင်ကြတော့ပါဘူး။
ကျမတို့ အိမ်နားမှာဆိုရင် ရပ်ကွက်က စုပေါင်းတည်ထားတဲ့ ဘုရားတစ်ဆူရှိပါတယ်။ နှစ်စဉ် ဘုရားပွဲတော်ရက်ဆိုရင် ရပ်ကွက်က ဈေးသည်တွေရော တခြားက ဈေးသည်တွေပါ ပွဲဈေးရောင်းကြတယ်။ လက်ထိုးရုပ်ကတဲ့ ဇာတ်ရုံလည်း ရှိတယ်။ ပြီးတော့ ရဟတ်တွေလည်း ရှိတယ်။ တခါတလေလည်း မျောက်၊ ခွေးတို့လို အကောင်လေးတွေကို အင်္ကျီလေးတွေ ၀တ်ပေးထားပြီး သူတို့ကို အမူအရာလုပ်ခိုင်းတဲ့ ဇာတ်ရုံလိုမျိုးတွေလည်း ပါတယ်။ များသောအားဖြင့် သီချင်းဆိုခိုင်းတယ်နဲ့တူတယ်။ တစ်ညမှာ ၃ ပွဲလောက် ပြရင် အခေါက်တိုင်းက ဒီသီချင်းပဲ ဆိုနေတာ။ အပြင်က နားထောင်နေတဲ့ ကျမတို့တောင် အလွတ်ရတယ်။ ကားဂိတ်နားမှာဆိုတော့ လူလည်း စုံတယ်။ ဈေးသည်လည်းစုံတယ်။
ဘုရားပွဲဆိုတော့လည်း အစားအစာ ရောင်းတဲ့သူရှိသလို ကလေးတွေအတွက် အရုပ်မျိုးစုံ ရောင်းတာတွေလည်း ရှိတယ်။ တချို့လည်း ကွင်းပစ်ပြီးပဲဖြစ်ဖြစ် လေသေနတ်နဲ့ဖြစ်ဖြစ် ပစ်ပြီး ပစ္စည်းယူတဲ့ ကစားပွဲမျိုးတွေ ရှိတယ်။ မုန့်ဆိုင်ဆိုလည်း အမျိုးမျိုးပါပဲ။ မုန့်လင်မယား၊ ရေမုန့် ၊ ကောက်ညှင်းကျည်တောက်၊ ဘိန်းမုန့်၊ မုန့်လုံးကြီး၊ မုန့်လေပွေ စတဲ့ ဆိုင်သေးတွေက စပြီး မုန့်ဟင်းခါး အသုပ်စုံ ၊ အကြော်စုံ၊ ဘူးသီးကြော် စတဲ့ ဆိုင်ကြီးတွေ အဆုံးပေါ့။ အဲဒီလို ဈေးဆိုင်တွေက ပွဲဈေးတိုင်း မပါမဖြစ်မဟုတ်လား။ နောက်ပြီး ၀က်သားတုတ်ထိုးရောင်းတဲ့ ဆိုင်တွေလည်း ၂ ဆိုင် ၃ ဆိုင်။ တချို့လည်း လက်ဆွဲလို့ရပြီး သယ်လို့ လွယ်တဲ့ ခြင်းလိုမျိုးတွေနဲ့ ရောင်းနေတာ ရှိသလို ကျကျနန ခုံလေးတွေ ချပြီး ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ “ပေါင် ၁ ခါချိန် ၅ ကျပ်” လို့ ရေးထားပြီး ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ ဆိုင်လေးတွေလည်း မနည်းဘူး။ နောက်ပိုင်းတော့ ၂၀ ကျပ်ဖြစ်လာတယ် ထင်တယ်။ အခုတော့ ဘယ်လောက်ဖြစ်နေပြီလဲ မပြောတတ်ဘူးရယ်။ စက္ကူနဲ့လုပ်ထားတဲ့ ဗန္ဓုလဦးထုပ်တွေ ဓားတွေ ရောင်းတဲ့ ဈေးသည်တွေလည်း တွေ့ရတတ်တယ်။ ကျန်ကျောင်းခေတ် ရောက်လာတော့ ဗန္ဓုလဦးထုပ်နေရာမှာ ကျန်ကျောင်းဦးထုပ်တွေ အစားထိုးပြီး ရောင်းကြတယ်။ မျက်နှာဖုံးအတု ရောင်းတာတွေလည်း ပါတယ်။ တခြား တိုလီထွာလီလေးတွေ ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ အကုန်တော့လည်း မမှတ်မိတော့ပါဘူး။
အရင်တုန်းက ပွဲဈေးတန်းမှာ ရောင်းတဲ့ မုန့်တွေက စားလို့ ကောင်းတယ်။ ဘူးသီးကြော်ဆိုရင်လည်း ပွဲဈေးတန်းက ဘူးသီးကြော်က ပိုပြီး အရသာ ရှိသလိုပဲ။ ဘူးသီးကြော်ကို အချဉ်ရည်နဲ့ ဆလတ်ရွက်နဲ့ အတူစားတာ သတိရမိတယ်။ ပြီးရင် ကောက်ညှင်းကျည်တောက်လည်း ကြိုက်တယ်။ ရေမုန့်ကတော့ အိမ်က ၀ယ်ကျွေးရင် စားလိုက်တာပဲ။ အရမ်းအကြိုက်ကြီးတော့ မဟုတ်ဘူး။ အခုနောက်ပိုင်း ပွဲဈေးမှာ ရောင်းတဲ့ ဈေးဆိုင်တွေလည်း ရောင်းရတာ မကိုက်လို့လား မသိဘူး၊ အရသာ သိပ်မရှိတော့ဘူး။ ပြီးတော့ ဖြစ်သလို ရောင်းနေရတာဆိုတော့ ဖုန်ကလည်း တထောင်းထောင်းပဲ။ ဘာမှလည်း အုပ်ထားပြုထားခြင်း မရှိကြတော့ဘူး။ ပွဲဈေးလုပ်ရတာက ကားလမ်းပေါ်ဖြစ်ကုန်တာဆိုတော့ သွားလာရတာ အဆင်မပြေတော့ဘူးပေါ့။ အဲဒါနဲ့ပဲ အိမ်နားမှာ လုပ်တဲ့ ပွဲဈေးတန်းတောင် မလျှောက်ဖြစ်တာ များတယ်။
*****
Shinno ပွဲတော်ရဲ့ ပွဲဈေးတန်းကလည်း ရန်ကုန်ပွဲဈေးတန်းနဲ့ ဆင်ပါတယ်။ ဇာတ်ရုံတွေ ဘာတွေတော့ မရှိဘူးပေါ့လေ။ မုန့်ဆိုင်တွေ များတယ်။ ဂျပန်မုန့်မျိုးစုံပေါ့။ များသောအားဖြင့် ခေါက်ဆွဲကြော်ဆိုင်၊ မြန်မာပြည်က မုန့်လင်မယားနဲ့ ဆင်တဲ့ တာကိုရာကိ (takoyaki) ၊ ပြီးတော့ ရာသီဥတု အေးလာလို့ ဂျပန်တွေ စားတတ်တဲ့ အိုဒန်း (Oden) လို ဆိုင်တွေ၊ အသားကင်ဆိုင်၊ ကြက်သားကြော်ဆိုင်၊ မုန့်အချိုတွေ ရောင်းတဲ့ဆိုင်၊ ramen ခေါက်ဆွဲဆိုင်၊ ကလေးတွေအတွက် ကစားစရာဆိုင်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက အနောက်ဖက်မှာ ထိုင်စားလို့ရအောင် ကျကျ နန ပြင်ပေးထားတယ်။ ပွဲတော်လာတဲ့သူတွေက ၀ယ်ပြီး လမ်းလျှောက်ရင်း စားသွားကြတာများပါတယ်။
ကျမတို့ ရောက်သွားတော့ နေ့လည် ၁ နာရီလောက်ရှိပါပြီ။ လူသိပ်မများသေးတော့ ဆိုင်တွေလည်း အရောင်းအ၀ယ် ကောင်းတဲ့ပုံမရပါဘူး။ ဒီတစ်ပတ်မှာ ပိတ်ရက် ၃ ရက် ရတဲ့အပြင် အခုချိန်ကလည်း မိုမိဂျိအရွက်တွေ အရောင်ပြောင်းနေတာဆိုတော့ တခြားနေရာတွေကို ခရီးထွက်တဲ့သူတွေများပါတယ်။ ကျမတို့ကသာ ပွဲဈေးတန်း မလျှောက်ရတာ ကြာလို့ တကူးတက သွားကြတာ။
ပွဲဈေးတန်းဆုံးရင် Osaka မှာ နာမည်ကြီးတဲ့ မိဒိုးဆုဂျိ (Midosuji ) လမ်းမကျယ်ကြီးကို ရောက်ပါတယ်။ အဲဒီလမ်းတလျှောက်မှာ စိုက်ထားတဲ့ အိချိုးပင် ( ichou イチョウ) ရဲ့ အရွက်တွေက အခုဆိုရင် ရာသီဥတု အေးလာလို့ ၀ါတဲ့ဘက်ကို အရောင် ပြောင်းကုန်ပါပြီ။ အပင်ရဲ့ အရွက်ကို အနီးကပ် ကြည့်ချင်ရင်တော့ အပေါ် Banner က အတိုင်းပါပဲ။ ဒီနေ့ နေ့လည် ပွဲဈေးတန်းလျှောက်တုန်းက ရိုက်လာခဲ့တဲ့ ဈေးဆိုင်ပုံတွေရော၊ ၀ယ်စားခဲ့တဲ့ မုန့်တွေရော Blog ပေါ်ကနေတဆင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
*ပွဲတော်ရှိတဲ့ လမ်း
*လမ်းတောက်လျှောက် မုန့်ဆိုင်တွေက အများကြီးပါပဲ။ ကိုယ်ဝယ်စားခဲ့တဲ့ မုန့်ဆိုင်လောက်ပဲ ဓာတ်ပုံရိုက်ယူခဲ့ရတယ်။
*အောက်ကပုံတွေက ကလေးတွေအတွက် အရုပ်ဆိုင်တွေပါ။ ပထမဆုံးပုံက မျှား ၃ ချောင်းနဲ့ ပစ်ရတာ။ ပစ်လိုက်တဲ့နေရာပေါ်မူတည်ပြီး အမှတ်တွေ ကွဲသွားတာပေါ့။ ရမှတ်ပေါ်မူတည်ပြီး အရုပ်တွေ ပေးတာ။
*ကလေးလေးကို သဘောကျလို့ တမင်ရိုက်ယူထားတာ။ ကလေးတွေကို ရေထဲက အရုပ်လေးတွေ ဆယ်ယူခိုင်းတာပါ။ ပေးလိုက်တဲ့ ဇကာခွက်လေးက ပါးပါးလေးရယ်။ ဖြေးဖြေးချင်းခပ်မှ အရုပ်တွေက ရမှာ။ ကလေးတွေက သူတို့အားလေးနဲ့ ဆယ်တာတောင် ခဏလေး ဇကာပြဲသွားတယ်။ တစ်ခါဆယ်ရင် ယန်း ၅၀၀ ပေးရတယ်။ ဆယ်လို့ ရရ မရရ ကလေးတွေကို ရေထဲက အရုပ်လေး ၃ ခုယူချင်ရင် ယူလို့ရတယ်။ မယူချင်ရင်လည်း ကာတွန်းရုပ် လက်ကိုင်အိတ်လေးတွေ ယူလို့ရတယ်။
*အပေါ်က ကစားနည်းအတိုင်းပါပဲ။ ငါးတွေ လိုက်ဖမ်းရတာ။ တခါဖမ်း ယန်း ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ ကလေးတွေအသက်အရွယ်ပေါ်လိုက်ပြီး ပေးရတာပေါ့။ ဖမ်းလို့ရတဲ့ ငါးတွေကို အိမ်ကို ယူသွားလို့လည်း ရတယ်။ တချို့ကလေးလေးတွေက ငါးတွေ ဆယ်ပြီးသွားတော့ Bye Bye ဆိုပြီး ပြန်လွှတ်ပေးလိုက်ကြတယ်။
*ဒီမုန့်ကို ဓာတ်ပုံချည်းပဲ မြင်ရရင် ဘာမုန့်မှန်းသိမယ် မထင်ဘူးရယ်။ ကျမကတော့ တကယ်ကို မသိခဲ့ဘူး။ ငှက်ပျောသီးကို ချောကလက်အရည်သုတ်ပြီး ရောင်းတာ။ အချိုမကြိုက်လို့ မ၀ယ်စားဖြစ်ဘူး။ တမင် ဓာတ်ပုံရိုက်ယူထားတာ။
*အထုပ်ကြီးက ယန်း ၁၀၀၀ တဲ့။ အသေးက ယန်း ၅၀၀။*ဈေးဆိုင်နောက်ဖက်မှာ ထိုင် စားလို့ရအောင် နေရာခင်းထားတာ။ လူရှင်းလို့ ဓာတ်ပုံရိုက်လို့ရတာ။ အဲဒီ ဆိုင်က ရောင်းတာ အသားကင်နဲ့ အအေးမျိုးစုံပါ။ အောက်က ကမာကောင် နဲ့ ပြည်ကြီးငါးကင်ကို ယန်း ၁၀၀၀ ပေးလိုက်ရတယ်။ တစ်ခု ယန်း ၅၀၀။ ၀ယ်စားလိုက်တာ မတန်ဘူး..
*ခေါက်ဆွဲဆိုင်ရှေ့ရောက်တော့ ရောင်းနေတဲ့ ဘိုးဘိုးကြီးကို သနားတာနဲ့ ၀ယ်စားလာတာ။ တစ်ပွဲ ယန်း ၅၀၀ ပေးရတယ်။
*ပွဲဈေးတန်းဆုံးရင် Osaka ရဲ့ နာမည်ကြီးတဲ့ လမ်းမကျယ်ကြီးကို ရောက်ပါတယ်။ အဲဒီလမ်းမကြီးတစ်လျှောက်မှာက Branded ဆိုင်တွေ အတော်များများရှိတယ်။ အရွက်ဝါနေတော့ မီးပွိုင့်နီနေတုန်း ၂ ယောက်သား လမ်းလယ်ကနေ တက်ရိုက်ထားကြတာ။
နိုဝင်ဘာ ၂၃၊ ၂၀၀၈။