
ဂျပန်မှာ ဟိရဂန (Hiragana), ခတခန (Katakana) နဲ့ တရုတ်စကားလုံး ခန်းဂျီး (Kanji) ကို သုံးတယ်ဆိုတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောမှာက ခန်းဂျီး (Kanji) စာလုံး အကြောင်းပါ။ ဂျပန်မှာ ဒီဇင်ဘာလရောက်ပြီဆိုရင် ပြီးဆုံးမယ့် ခုနှစ်ကို ကိုယ်စားပြုတဲ့ ခန်းဂျီးစာလုံးတစ်လုံးကို မဲရွေးချယ်ပြီး စာလုံးရေးဆွဲတဲ့ပွဲကို ပြုလုပ်ပါတယ်။ ဒီအကြောင်းကို မနှစ်က ဒီဇင်ဘာလ ကုန်ခါနီးမှာ ရုံးက သူငယ်ချင်းနဲ့ ကျမ စကားစမြည်ပြောဆိုရင်း သိခဲ့ရတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပို့စ်အဖြစ် ရေးဖို့အတွက် အင်တာနက်က website တွေမှာ သိချင်တဲ့အချက်တွေကို ရှာဖတ်ခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ထားတာတွေလည်း ဖတ်ကြည့်မိတယ်။ အဲဒီလိုတွေ ဖတ်ကြည့်ရင်းက နောက်ဆုံး ဘယ်လိုမှ နားမလည်တော့တဲ့အခါမှာ ရုံးက အလုပ်အတူတူ လုပ်တဲ့ ဂျပန်ဦးလေးကြီးကို မေးခဲ့ရပါတယ်။ ဒါကြောင့် အခုပို့စ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက website တစ်ခုတည်းကို ဖတ်ပြီး တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ အင်္ဂလိပ် websiteနဲ့ ဂျပန်လို website တွေ ဖတ်ထားတာရယ် အလုပ်ထဲက သူတစ်ချို့ကို မေးပြီး ကျန်တာတွေက ကိုယ်သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတယ်ဆိုတာ စကားခံပါရစေ။
*****
ဂျပန်မှာ ၁၉၉၅ ခုနှစ်က စပြီး "今年の漢字" (Kotoshi no kanji) လို့ခေါ်တဲ့ "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" ကို နှစ်စဉ် ရွေးချယ်လာတာ ၂၀၀၈ ခုနှစ်က ၁၃ ကြိမ်မြောက်ပါ။ ဒီပွဲကို Japanese Language Proficiency Kanji Society (日本漢字能力検定協会 ) က စီစဉ်ကျင်းပတာပါ။ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း အင်တာနက်ကဖြစ်စေ၊ ပို့စ်စကဒ်ပို့ပြီးတော့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေ စိတ်ဝင်စားသူတွေက ဒီနှစ်အတွက် ကိုယ်ကြိုက်ရာ ခန်းဂျီး စာလုံးနဲ့ ဘာကြောင့် ဒီခန်းဂျီး စာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းကိုပါရေးပြီး ပို့ပေးရပါတယ်။ မဲအများဆုံးရတဲ့ ခန်းဂျီးစာလုံးကို Japanese Language Proficiency Kanji Society က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Kyoto မြို့ Kiyomizu-dera Temple (清水寺) မှာ ကြေငြာပေးပြီး ဘုရားကျောင်းက ဘုန်းကြီးက အဲဒီ ခန်းဂျီးစာလုံး ကို ရေးဆွဲပေးပါတယ်။ ရွေးချယ်လိုက်တဲ့ ခန်းဂျီးစာလုံးက တစ်လုံးထဲ ဖြစ်ပေမယ့် အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ဟာ တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို အခြေခံပြီး လက်ရှိ ပြီးဆုံးတော့မယ့်နှစ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ဒါကြောင့် ဂျပန်မှာ နှစ်တစ်နှစ်ကုန်တော့မယ်ဆိုရင် "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" က ဘာများဖြစ်မလဲဆိုပြီး လူအနည်းနဲ့ အများဆိုသလို စိတ်ဝင်စားကြတာပါပဲ။
ဒီနှစ်အတွက် ပေးပို့တဲ့ မဲပေါင်း ၁၁၁,၂၀၈ ထဲကမှ မဲ ၆,၀၃၁ နဲ့ ပထမ ရသွားတဲ့ ခန်းဂျီး စာလုံးက မြန်မာလို ဘာသာပြန်ရရင် “ပြောင်းလဲခြင်း” (Change) ဒါမှမဟုတ် “ထူးဆန်းခြင်း” (Strange) လို့ အဓိပ္ပာယ်ရတဲ့「変」 “ဟန်း” ဆိုတဲ့ ခန်းဂျီးစာလုံးပါ။
ဘာကြောင့် ဒီစာလုံးကို ရွေးချယ်လိုက်ရတာလဲ ဆိုတဲ့ အကြောင်းကတော့ website တစ်ခုနဲ့တစ်ခု မှာပြောထားတာခြင်း မတူပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် တူညီတာက နံပါတ် ၁ အချက် အနေနဲ့ တကမ္ဘာလုံး လူသိများတဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးချယ်ပွဲမှာ အိုဘာမား (Barack Obama) ဟာ မဲဆွယ်ပွဲတောက်လျှောက် "Change" ဆိုတဲ့ စာလုံးကို Slogan အနေနဲ့ အသုံးပြုပြီး လက်ရှိသမ္မတသစ် ရာထူးကို အရယူနိုင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတွေအပေါ်မှာ အမေရိကန်ရဲ့ အရေးဟာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။
နံပါတ် ၂ အချက်ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဂျပန်စီးပွားရေးလောကမှာသာ မကပဲ ကမ္ဘာ့စီးပွားရေးမှာ စတော့ရှယ်ရာဈေး အတက်အကျ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေ တန်ဖိုးဟာ အတော်လေးမြင့်မားလာပြီး အမေရိကန်ဒေါ်လာဈေးကတော့ ဒီနှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေကဆို တစ်ဒေါ်လာကို ယန်း တစ်ရာကျော်အထက်မှာရှိနေရာကနေ အခုဆို တစ်ဒေါ်လာကို ယန်း ၉၀ ၀န်းကျင်နားမှာပဲ ကစားနေတယ်။ စီးပွားရေး အပြောင်းအလဲတွေကြောင့် ဂျပန်မှာသာမက တခြားနိုင်ငံတွေမှာပါ အဲဒီဂယက်က အခုထိ ရိုက်ခတ်နေတုန်းပါပဲ။
နောက် နံပါတ် ၃ အချက် အနေနဲ့က ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်အစမှာ တရုတ်ပြည်ကနေ တင်သွင်းတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ထဲမှာ ပိုးသတ်ဆေးတွေ့ရာကနေ ဇာတ်လမ်းစခဲ့တယ်ဆိုရမှာပါပဲ။ နောက်ပြီး စားသုံးလို့ မသင့်တော်တဲ့ တခြားပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆန်တွေကို စက်မှုလုပ်ငန်း (industrial) လုပ်ကိုင်သူတွေကို ထုတ်ရောင်းရမယ့် အစား အရက်၊ မုန့်အစရှိတဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ သူတွေကို ထုတ်ရောင်းထားတာကို အခုနှစ်မှာမှ ဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီအချက်ဟာလည်း ဂျပန်ပြည်လို တိုင်းပြည် အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ပြီးတော့ တရုတ်ပြည်က တင်သွင်းလာတဲ့ မယ်လမင်း ပါတဲ့ နို့မှုန့်ကို သုံးပြီး ဂျပန်ပြည်တွင်းက စားသောက်ကုန်ပစ္စည်းတချို့မှာ ပြန်အသုံးပြုတာတွေ ရှိလာတယ်။ ဒီလို အဖြစ်အပျက်တွေအပေါ် နမူနာယူပြီး ဂျပန်လူမျိုးတွေဟာ စားသောက်ကုန်ပစ္စည်း ၀ယ်ယူရာမှာ အရင်တုန်းကလို ပေါ့ပေါ့တန်တန် သဘောမထားပဲ Food Security အနေနဲ့ သတိထားဆင်ခြင်ရမယ်ဆိုတဲ့ အတွေး စိတ်ကူးတွေ ပြောင်းလဲလာကြတယ်လို့လည်း ဆိုပါတယ်။
နံပါတ် ၄ အချက်ကတော့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အပြောင်းအလဲပါပဲ။ ၂၀၀၇ ခုနှစ်မှာ ရှင်ဇိုအဘဲ (Shinzō Abe) က ၀န်ကြီးချုပ်နေရာ ရလာပြီး သိပ်မကြာခင်မှာပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အဲဒီနောက် ဖုကုဒါ (Yasuo Fukuda) ဟာ ၂၀၀၇ ခုနှစ် အကုန်မှာ ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် တရိုအစို (Taro Aso) ကို လွှဲပြောင်းပေးလိုက်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲတဲ့လက ဂျပန်လူမျိုးသိပ္ပံပညာရှင်တွေ နိုဘယ်ဆုရတာရယ် ပေကျင်းကမ္ဘာ့အိုလံပစ်မှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာကို ကြည့်ပြီး ဂျပန်ပြည်ရဲ့ အနာဂတ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။
ဒုတိယ အများဆုံး မဲရတဲ့ စာလုံးက ရွှေ (Gold - 金) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးဖြစ်ပြီး ပေကျင်းအိုလံပစ်မှာ ဂျပန်က ရွှေတံဆိပ်ဆုရခဲ့တာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ တတိယစာလုံးက စတော့ရှယ်ရာဈေးတွေ ကျဆင်းတာကြောင့် တချို့လူတွေကလည်း ကျဆင်းခြင်း (Fall/Drop - 落) လို့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေ ရွေးချယ်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ကစပြီး ရွေးလာခဲ့တဲ့ ခန်းဂျီးစာလုံးတွေပြန်ကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာကြောင့် ဒီစာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း သူ့ခေတ် သူ့အခါအရတော့ သင့်လျော်နေတာ တွေ့ရပြီး အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်။
*****
အရာရာဟာ ပြောင်းလဲနေတာ အချိန်စက္ကန့်အမျှပါပဲ။ နောင်လာမယ့် ၂၀၀၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ ဘာတွေ ဖြစ်လာမယ်၊ ကမ္ဘာ့အရေးမှာ ဘာတွေဖြစ်မယ်လို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၀၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ရွေးချယ်မယ့် စာလုံးဟာ ကောင်းသော အဓိပ္ပာယ်ဆောင်တဲ့ ခန်းဂျီး စာလုံးဖြစ်ပါစေလို့ နှစ်သစ်အတွက် ဆုတောင်းလိုက်ရပါတယ်။
ဒီဇင်ဘာ ၂၇၊ ၂၀၀၈။
Ref:
http://japanvisitor.blogspot.com/2008/12/kanji-character-for-2009-change.html
http://www.japanprobe.com/?p=7772
http://en.wikipedia.org/wiki/Kanji_of_the_year
http://sankei.jp.msn.com/life/trend/081212/trd0812121830010-n1.htm