February 23, 2009

မျက်မှန်


Image Link:


ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးတုန်း က ဆေး သွားစစ်ခဲ့ရပါတယ်။ ဆေးစစ်ခ ကိုတော့ ရုံးနဲ့ ချိတ်ထားတဲ့ Insurance Company က အကုန်ကျ ခံပါတယ်။ ဘာတွေကို စစ်ရမယ်ဆိုတာ ကိုယ့်ရဲ့ အသက်နဲ့၊ ပြီးခဲ့တဲ့နှစ် ဆေးစစ်ပြီးသား ပေါ်မူတည်ပြီး လိုအပ်တာကို ဒီနှစ်မှာ ထပ်စစ်ရတာပါ။ ကျမတို့ ရုံးက တစ်နှစ်ကို တစ်ခါ စစ်ခိုင်းပြီး တချို့ရုံးတွေက တစ်နှစ်မှာ နှစ်ခါ ဆေးစစ်ခိုင်းတယ်လို့ ပြောတာ ကြားဖူးတယ်။ ကျမအတွက် ဂျပန်မှာ ဆေးစစ်ဖူးတာ ပထမဆုံး အကြိမ်ပါ။


ဆေးစစ်တာက မဖြစ်မနေ စစ်ရမယ် မဟုတ်ပါဘူး။ ကိုယ်က မစစ်ချင်လို့ သွားမစစ်လည်း ရပါတယ်။ ဒါပေမယ့် ကျမကတော့ တစ်နှစ်တစ်ခါ ဆေးစစ်တာ မမှားဘူး ဆိုပြီး သွားစစ်ဖြစ်ခဲ့တယ်။ နောက်ပြီး ကိုယ့်ဘာသာကိုယ် အပြင်မှာ ဆေးစစ်ချင်ရင်လည်း ပိုက်ဆံက ပေးရမှာ မဟုတ်လား။ အဲဒါဆိုတော့ ရုံးက ဆေးစစ်ခိုင်းတဲ့ အချိန် စစ်လိုက်ရင် ပိုက်ဆံ မကုန်တော့ဘူးပေါ့။ ရုံးက တချို့သူတွေ ကျတော့လည်း သွားမစစ်ကြပါဘူး။


ဒီတစ်ကြိမ် ဆေးစစ်ရတာက သွေး၊ ဆီး၊ နား၊ မျက်လုံး၊ သွေးပေါင်ချိန် အပြင် အမျိုးသမီး သီးသန့်အတွက်ဆိုပြီး ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာပါ ထပ်စစ်ရပါတယ်။ အဲဒီလို ကင်ဆာရှိမရှိ စစ်ချင်တယ်ဆိုရင်တော့ ယန်း ၁၀၅၀ သပ်သပ် ထပ်ပေးရတယ်။ ဒီနှစ်ပိုင်းတွေမှာ အမျိုးသမီးတွေ သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ အဖြစ်များလာတာမို့ စစ်ခိုင်းတယ်လို့ ထင်ပါတယ်။ ကိုယ်က ကင်ဆာအတွက် မစစ်ချင်ဘူးဆိုရင်တော့ ပိုက်ဆံပေးစရာမလိုပါဘူး။ နောက်ပြီး သွားစစ်ရမယ့် ရက်ကိုလည်း ရုံးကပဲ သတ်မှတ်ပေးပါတယ်။

*****


ဆေးစစ်ရမယ့် နေ့မှာ ကျမနဲ့အတူ အမျိုးသားက အဖော်လိုက်ခဲ့ပေးပါတယ်။ သူက ကျမအရင် ဆေးစစ်ဖူးတာမို့ ဆေးခန်းနေရာရော ဆေးစစ်ရမှာတွေရော ကို သိထားပြီးသားပါ။ ဒါပေမယ့် ကျမ စစ်ရတဲ့နေ့က အမျိုးသမီး သီးသန့်ဆိုတော့ ဆေးရုံမှာ တွေ့ရတာ အမျိုးသမီးတွေချည်းပဲ။ တခြား ယောင်္ကျားဆိုလို့ ကျမ အမျိုးသားပဲ ရှိတယ်။ သူကတော့ ကျမကြောင့်သာ ဆေးခန်းလိုက်လာရတယ်၊ အတော်လေး အနေခက်နေတဲ့ပုံပဲ။


ဆေးရုံရောက်တော့ ပထမဆုံး Form ဖြည့်ရတယ်။ နောက်ပြီး သူတို့ မေးတဲ့ မေးခွန်းတွေကိုလည်း Form ထဲမှာ ထည့်ရေးထားသေးတယ်။ ကျမက ဂျပန်လို ရေးထားတာ သိပ် မဖတ်တတ်တာမို့ အင်္ဂလိပ်လို ရေးထားတဲ့ နမူနာ စာရွက်လေး ထုတ်ပေးပါတယ်။ အဲဒါကို ဖတ်ပြီး မေးထားတဲ့ မေးခွန်းတွေ မှာ အမှတ်ခြစ်ပြီး ဖြေလိုက်ယုံပဲ။ ပြီးတော့ ဆေးရုံက ထုတ်ပေးတဲ့ အင်္ကျီကို လဲဝတ်ရတယ်။ အပေါ်ယံလောက်ပဲ စစ်မယ်ဆို ဆေးရုံဝတ်စုံကို အပေါ်ပိုင်း အင်္ကျီပဲ လဲရပါတယ်။ အားလုံး စစ်ရမယ်ဆို ည၀တ်ရင်ဖုံးအင်္ကျီလိုမျိုး လဲဝတ်ရတယ်။ ကျမက အားလုံး စစ်ရမှာမို့ ည၀တ် ရင်ဖုံး အင်္ကျီကို ၀တ်ထားရပါတယ်။

*****


ဆေးစစ်မယ်ဆိုတော့ အရင်ဆုံး BMI (Body Mass Index) စစ်ရပါတယ်။ အဲဒါက ကိုယ်အလေးချိန်နဲ့ အရပ်ကို တိုင်းယူတာပါ။ ပြီးတော့ သွေးပေါင်ချိန် ရတယ်။ နောက် မျက်လုံးစစ်ရတယ်။ ကျမက နဂိုကလည်း မျက်မှန်တပ်ရပါတယ်။ မျက်မှန်က တပ်ချင်ရင် တပ်လိုက် မတပ်ချင်ရင် ချွတ်ထားလိုက် ဆိုတော့ မျက်လုံးက ကြည့်ရတာ သိသိသာသာကို မကောင်းတော့ပါဘူး။ အနီးဆိုရင် ကောင်းကောင်းမြင်ရပေမယ့် ရထားဘူတာမှာ ရှိတဲ့ လမ်းညွှန်မြေပုံ၊ လမ်းပြ ဆိုင်းဘုတ်တွေဆို အဝေးက ကြည့်ရင် ၀ါးတားတားနဲ့မို့ သိပ်မမြင်ရပါဘူး။ မျက်မှန်သွားစမ်းမယ်ဆိုပြီး ချိန်နေတာလည်း တစ်နှစ်ကျော်လောက် ရှိလာပြီ။ ပျင်းနေတာရော ဘယ်နားသွားပြရမှန်းမသိ၊ ဘယ်လိုပြောရမှန်းမသိတာရော ပေါင်းပြီး မျက်မှန် မစမ်းမိတာ နှစ်နှစ်ကျော်အတွင်း မျက်လုံးက တဖြည်းဖြည်း အားနည်းလာပါတယ်။ နောက်ပြီး မျက်မှန်ကိုင်းကလည်း ၂၀၀၄ ခုနှစ်ကတည်းက လုပ်ခဲ့တာမို့ အတော်လေး ဟောင်းနေပြီး ဘေးကားလို့ တပ်မကောင်းတော့ပါဘူး။ ဒါပေမယ့်လည်း တပ်စရာ မျက်မှန်မရှိသေးတာကြောင့် ရှိတာပဲ ကုပ်ကပ်ပြီး တပ်ထားလိုက်၊ မတပ်ချင် ချွတ်ထားလိုက်နဲ့ လုပ်လာ လိုက်တာ ဆေးလည်း စစ်ရော ကောင်းကောင်းထိတော့တာပါပဲ။


မျက်လုံးစစ်ဖို့အတွက် ဆရာမလေးက ကျမကို “မျက်ကပ်မှန် တပ်သလား၊ မျက်မှန်တပ်သလား” လို့မေးပါတယ်။ ကျမက “မျက်ကပ်မှန် မတပ်ဘူး၊ မျက်မှန်တော့ ကွန်ပျူတာ သုံးရင် တပ်ပါတယ်” လို့ပြောတော့ “အခု ပါ လာရင် သွားယူပြီး တပ်ပါ” လို့ပြောပါတယ်။ ဒါနဲ့ ကျမလည်း အိတ်တွေ ထားတဲ့နေရာ ပြန်လာပြီး ပါလာတဲ့ မျက်မှန်အစုပ်လေး ထုတ်တပ်ရင်း သူ့ဆီ တစ်ခါ ပြန်ပြေးရပါတယ်။ မျက်မှန်တပ်ပြီးတော့မှ သူက မျက်လုံး စမ်းတဲ့ စက်ကလေးပေါ် မျက်နှာအပ်ခိုင်းရင်း အထဲက “ဂ”ငယ် ပုံစံမျိုးစုံကို ကြည့်ခိုင်းတော့တာပါပဲ။ အဲဒီ “ဂ” ငယ် ပုံစံမျိုးစုံ တွေကို မျက်စိ စစ်ဖူးသူတိုင်း သိကြမှာပါ။ ကျမ ကြည့်ခဲ့တဲ့ “ဂ”ငယ်တွေမှာ နံပါတ် ၁ ဂငယ်က အကြီးဆုံး ဖြစ်ပြီး ဒုတိယ စာလုံး ဆိုရင် နည်းနည်း သေး လာပါတယ်။ နောက်ပိုင်း နံပါတ် ကြီးလာလေ စာလုံးတွေက တဖြည်းဖြည်းနဲ့ သေး သေးလာတာပေါ့။ အဲဒီ ဆိုဒ်စုံ ဂငယ်ကြည့်ခိုင်းတော့မှ ကျမ မျက်လုံးတွေ မကောင်းတော့ဘူး ဆိုတာ ဘူးပေါ်သလိုပေါ်တာပါပဲ။


အစတုန်းက ကိုယ်ကိုကိုယ် ညာနေသေးတယ်။ မကောင်းပေမယ့် ဘယ်လောက်အထိ မကောင်းဘူးလည်း ဆိုတာ သိမှ မသိတာ။ အခု ဆရာမက ကြည့်ခိုင်းတဲ့ စက်ရဲ့ အပေါက်ကလေးက ချောင်းကြည့်ရတဲ့ ဂငယ်မှာ ကျမ မြင်ရတာဆိုလို့ နံပါတ် ၁ ဂငယ်ပဲ ရှိပြီး ကျန်တဲ့ ဂငယ်တွေက အပေါက် ဘယ်ဘက်ကို လှည့်နေမှန်း မသိလောက်အောင်ေ၀၀ါးနေတာပါပဲ။ ဆရာမက ကျမကို “ ဂ ငယ် ဘယ်ဘက် လှည့်နေလဲ မြင်ရလား” လို့မေးရင် ကျမ ဘာမှ မမြင်ရလို့ အဆင့် ၁ ကနေကို မတက်ပါဘူး။ သူလည်း “သေချာ ကြည့်ပါဦး” လို့ပြောပြီး ၂ ခါ ၃ ခါ ထပ်စစ်ပေမယ့် ဂငယ်ရဲ့ အဖွင့်ဘက်ကို မှန်အောင်မပြောနိုင်လို့ နောက်ဆုံး “မျက်လုံး မကောင်းဘူးပဲ” လို့ မှတ်ချက်ချပါတယ်။ မျက်လုံးပြီး နားစစ်တာတော့ အခြေအနေ ကောင်းတယ်။ မှန်လုံခန်းထဲမှာ နေရပြီး အသံတိုးတိုးလေး “တီ”လို့ ကြားရင် လက်ထဲမှာ ရှိတဲ့ ခလုပ်လေးကို နှိပ်လိုက်ယုံပဲ။ အသံတိုးတိုး သွားပေမယ့် အားလုံး ကြားရပါတယ်။ (တော်သေးတာပေါ့ .. ၀ူး..)


သွေးစစ်တာက သွေးစုပ်တဲ့ ဆရာမကြောင့် တော်တော်လေး ခံစားလိုက်ရတယ်။ လက်ထဲကို အပ်ကြီး စိုက်ရက်သားကနေ သွေးကြောရှာမတွေ့ပဲ ဟိုစမ်းဒီစမ်းနဲ့ လက်ကို အပ်နဲ့ မွှေ့နေတာ သွေးစုပ်တာ မနာပဲ သူအပ်နဲ့ မွှေ့လို့ အရမ်းနာပါတယ်။ ဆရာမက အသစ်မို့ထင်တယ်။ အကြောရှာတာ သိပ်မကျွမ်းကျင်ဘူး။ ပိန်လို့ အကြောတွေပေါ်နေတာ သူ့ကျမှ အကြောရှာမတွေ့ဘူးရယ်လို့။ လိုသလောက် သွေးစုပ်ထုတ်ပြီးတော့ ကျမလည်း တအားနာတာ ခပ်မျော့မျော့ပဲ ကျန်တယ်။ ဒါတောင် သတ္တိ အတော်ကောင်းတာနော်။ တစ်ချက်မှ သွေးစုပ်ထုတ်နေတာကို မကြည့်ဘူး။ မျက်နှာလေး အသာလွှဲထားရင်း လုပ်ချင်သလိုသာ လုပ်၊ ထုတ်ချင်သလိုသာ ထုတ်တော့လို့ သဘောထား လိုက်တော့တယ်။ အပ်စွဲထုတ်လိုက်တော့ သွေးတွေ ထပ်ထွက်လာတာ အများကြီးပဲ။ ဆရာမလည်း တောင်းပန်လိုက်တာ ပျာနေတာပဲ။ အပ်စိုက်တဲ့နေရာမှာ သွေးခြေဥနေတာ ရက်အတော်ကြာ ခံလိုက်ရတယ်။


ကျန်တာတွေက ဓာတ်မှန်ရိုက်တယ်။ ပြီးတော့ အမျိုးသမီးဆရာဝန်နဲ့ စမ်းသပ်ရတယ်။ ဆေးစစ်တာ ၇ မျိုးလောက်ရှိတော့ အသေးစိပ် ရေးမပြတော့ဘူး။ ဆေးစစ်ပြီး ထွက်လာတော့ အမျိုးသားက ဧည့်ကြိုကောင်တာမှာ စောင့်နေတာပါ။ ကျမကလည်း ဆေးစစ်ပြီးပြီးချင်း သူ့ကို “ကျန်တာတွေတော့ကိစ္စမရှိဘူး။ မျက်လုံးစစ်တာတော့ ကျမယ်ထင်တယ်” လို့ စောင့်ရတဲ့သူ အားရှိအောင်ပြောလိုက်ပါတယ်။ တကယ် ဆေးစစ်တဲ့အဖြေ သိရတော့လည်း မျက်လုံးပဲ ဆေးကျပါတယ်။

*****


ဆေးစစ်ပြီးတော့ သိပ်မကြာဘူး စာမေးပွဲဖြေဖို့ ရှိတာနဲ့ မျက်လုံး သွားစမ်းပြီး မျက်မှန်အသစ် လုပ်ဖြစ်ခဲ့တယ်။ ဒီမှာက မျက်မှန် လုပ်မယ်ဆိုရင် မျက်စိ အလကား စမ်းသပ်ပေးပါတယ်။ မျက်မှန်ကိုင်းတွေကတော့ အစားစားပါပဲ။ ကျမ လုပ်ခဲ့တဲ့ မျက်မှန်ဆိုင်က မျက်မှန်ကိုင်းနဲ့ မှန်ကို ယန်း ၅၀၀၀ ပေးခဲ့ရတယ်။ အဲဒါ ဈေးအသက်သာဆုံးပါ။ နောက်ပြီး မှန်မှာ UV Protect ထပ်ဖြည့်ချင်တယ်၊ အလွယ်တကူ အစင်း မထင်ချင်ဘူး ဆိုရင် နောက်ထပ် ပိုက်ဆံ သပ်သပ် ထပ်ပေးရတယ်။ ကျမ လုပ်ခဲ့တုန်းက မျက်မှန်ကိုင်းရော နောက်ထပ် function ထပ် ထည့်တာက ၃ ခုဆိုတော့ ယန်း ၁၀၅၀၀ ပေးလိုက်ရတယ်။ ၁၀ မိနစ်စောင့်ပြီးတာနဲ့ မျက်မှန် တစ်လက် လက်ထဲ ရောက်လာတော့တာပဲ။ မျက်မှန်ထည့်ဖို့ အိတ်ကိုတော့ ဆိုင်က လက်ဆောင်ပေးပါတယ်။


အရင်တုန်းက မျက်မှန်တပ်ပေးမယ့် မျက်လုံးက ကြည့်ရတာ ၀ါးတားတားမို့ အမြင် သိပ်မကြည်လင်ပါဘူး။ မျက်မှန်အသစ်လည်း တပ်လိုက်ရော ကြည့်ရတာ ၀ါးတားတား မြင်ခဲ့သမျှ အရာအားလုံး ကြည်လင် ပြတ်သား နေတော့ စစ တပ်ချင်း မနေတတ်ဘူး။ မျက်မှန်အသစ်ရတဲ့နေ့က မျက်မှန်တပ်ပြီး Blog တွေ အတော်များများ လိုက်ဖတ်ဖြစ်ပါတယ်။ မျက်မှန်ဝယ်တုန်းက ရည်ရွယ်တာ စာမေးပွဲအတွက်ပါ။ မျက်မှန်တပ်ပြီး Blog ဖတ်တာ မြင်တော့ ကျမ အမျိုးသား ရင်ကျိုးပါတယ်။ စာဖတ်စေချင်လို့ မျက်မှန်အသစ် တစ်လက်ဝယ်ပေးတာလို့လည်း ပြောသေးတယ်။ အခုတော့ စာမေးပွဲလည်း တဆင့်ပြီးသွားတာမို့ မျက်မှန်လေး တပ်လျက် Blog ရေးပြီး ပို့စ်အသစ် တင်လိုက်ရပါတော့တယ်။



ဖေဖေါ်ဝါရီ ၂၃၊ ၂၀၀၉။

February 14, 2009

Valentine's Dinner



Photo Link

ဒီနေ့ Valentine Day ဆိုတော့ အမျိုးသားက ညစာကို အပြင်မှာ လိုက်ကျွေးပါတယ်။ သွား စားဖြစ်တဲ့ ဆိုင်က Osaka Station နားမှာရှိတဲ့ အာရှစားသောက်ဆိုင်မှာပါ။ ဆိုင်နာမည်က “Monsoon” ဆိုတော့ မြန်မာလိုဆိုရင် “မုတ်သုန်” ပေါ့။ အဲဒီဆိုင်မှာ အာရှ အစားအစာတွေ စားလို့ကောင်းသလို ဈေးလည်းကြီးတယ်။ ကျမတို့ ဆိုင်ရောက်သွားတော့ ပါတီ တစ်ခု လုပ်နေတာနဲ့ ကြုံလို့ ညစာ စားဖို့ကို ၁ နာရီ နီးပါးလောက် စောင့်လိုက်ရတယ်။ နောက်ပြီး ဆိုင်ကို လာကြတဲ့ စုံတွဲတွေလည်း မနည်းဘူး။


ဆိုင်က အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာ ရှိတာမို့ ညဘက်မြင်ရတဲ့ ရှုခင်းကို အသားပေးပုံရတယ်။ ဆိုင်ထဲ ၀င်လိုက်ရင် မီးမှိန်မှိန်လေးပဲ ထွန်းထားတယ်။ ကျမတို့ ၂ ယောက်အတွက်တော့ အခုတစ်ခါ နဲ့ဆို အဲဒီ ဆိုင်ကို ရောက်ဖြစ်တာ ၃ ခါရှိပါပြီ။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ် အစားအစာတွေ မှာလို့ ရပါတယ်။ ၃ ခါ သွားတာ တခါနဲ့ တခါ menu က မတူဘူး။


နောက်ပြီး ဆိုင်က နေရာကျယ်တော့ မင်္ဂလာဆောင်ဧည့်ခံပွဲတို့ မွေးနေ့ပါတီတို့ လာလုပ်ကြတာ တွေ့ရဖူးတယ်။ ဒီနေ့မှာကိုပဲ မွေးနေ့ ၂ ခုနဲ့ ကြုံခဲ့ရတယ်။ လူအများကြီး ဖိတ်တဲ့ မွေးနေ့ပွဲမျိုးတော့ မဟုတ်ပါဘူး။ ကိတ်မုန့်တွေ ဘာတွေ လှီးတာမျိုး မဟုတ်ပဲ မှာထားတဲ့ အစားအသောက်တွေ အားလုံး စားပြီးလို့ နောက်ဆုံး အချိုပွဲမှာ ဖယောင်းတိုင်နဲ့ မီးပန်းသေးသေးလေး ထွန်းပြီး ဆိုင်က ၀န်ထမ်းတစ်ယောက်က မွေးနေ့ရှင် စားပွဲကို ယူလာပေးပါတယ်။ အဲဒီအချိန်မှာ မီးအားလုံး မှိန်ထားလိုက်ပြီး ဆိုင်က မန်နေဂျာကအစ စားပွဲထိုးရော မီးဖိုချောင်က စားဖိုမှူးတွေပါ မကျန် အကုန် လိုက် ထွက်လာပါတယ်။ မွေးနေ့ရှင်ရှိတဲ့ စားပွဲရောက်တော့မှ Happy Birthday to you သီချင်းနဲ့ လက်ခုပ်ဝိုင်းတီးပြီး ဆုတောင်းပေးကြတာမျိုးပါ။ ဘေးစားပွဲတွေက ထိုင်နေတဲ့ သူတွေလည်း ကိုယ်နဲ့သိသိ မသိသိ လက်ခုပ်တီးပြီး သီချင်းဝိုင်းဆိုပေးကြတာပါပဲ။ မွေးနေ့ရှင်ကတော့ အံ့သြပြီး ၀မ်းသာတာပေါ့။ ကျမတို့ ၂ ယောက်လည်း လက်ခုပ်တီးပြီး သီချင်းဆိုရင်း ဘေးကနေ ဘာမဆိုင် ညာမဆိုင် ပျော်နေသေးတာ။ ကြည်နူးတာပေါ့။ Valentine Day နဲ့ မွေးနေ့ တရက်တည်းဆိုတော့ ပျော်စရာကြီး။ သူတို့တွေလည်း ပျော်သလို အားလုံးသော ချစ်သူစုံတွဲတွေလည်း ပျော်ရွှင်ပါစေ။


ဒီနေ့ မှာစားဖြစ်တာတွေပါ။ ထမင်းနဲ့ အအေးခွက်တွေတော့ မရိုက်ခဲ့တော့ပါဘူး။

* Monsoon Style Indonesian Fried Rice


* Satay Set (Chicken, Pork, Beef, Shrimp)


* Fried Pork Ribs flavored with Garlic


* Grilled Rack of Lumb (Served with Asian BBQ Sauce)



ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၉

February 10, 2009

မိသားစု လူဦးရေ

ရန်ကုန်မှာဆို အစိုးရနဲ့ သတင်းဌာနတွေ တွေ့ဆုံပြီး မေးမြန်းကြတာကို သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်လို့ ပြောကြတယ်။ အဲဒီလို ရှင်းလင်းပွဲမျိုးကို တခြားသူတွေတော့ မပြောတတ်ဘူး ကျမတော့ တခါမှ စိတ်ပါဝင်စားစွာ မကြည့်ဖြစ်ဘူး။ အခု ကျမ blog မှာတော့ သတင်းစာ ရှင်းလင်းပွဲအကြောင်း ရေးမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ပို့စ်ရဲ့ comment တွေ ဖတ်ပြီး အပြင်က သူငယ်ချင်းတွေကရော စာလာဖတ်တဲ့ သူတွေကရော သို့လော သို့လော အတွေးတွေ ဖြစ်လာကြလို့ အခုလို ပို့စ်ရေးပြီး ရှင်းလင်းရပါတယ်။ ရန်ကုန်က သတင်းစာ ရှင်းလင်းပွဲမှာက သတင်းထောက်တွေ မေးတာကို ပညာသားပါပါ လှည့်ပတ်ပြီး ဖြေတတ်ကြတာ။ ကျမက ဘာမှ လည့်ပတ် လိမ်ညာစရာ တစ်ခုမှ မရှိတဲ့အတွက် အမှန်အတိုင်းပဲ ဖြေမှာပါ။


အဖြစ်က မနှစ်ကနဲ့ မတူ လို့ ပြောရမယ်။ အခုတလော ကျမ ပတ်ဝန်းကျင်မှာ သူငယ်ချင်း တော်တော်များများ ကိုယ်ဝန်ဆောင်ကြတယ်။ ကလေးမွေးကြတယ်။ ရုံးကနေ maternity leave ယူ ကုန်ကြတယ်။ ကျမနဲ့ အလုပ်အတူတူ လုပ်နေကြတဲ့သူထဲမှာကို ၂ ယောက်က ကိုယ်ဝန်ဆောင်ထားကြပြီး နောက်တစ်ပတ်လောက်ဆို ခွင့်ယူကြတော့မှာ။ နောက်ပြီး ကျမတို့ မန်နေဂျာကလည်း သူ့မိန်းမမှာ ဒုတိယ ကလေး ကို ကိုယ်ဝန်လွယ်ထားနေရပြီ။ အဲဒါဆိုတော့ လောလောဆယ် အိမ်ထောင်ကျပြီး ကလေး မရှိသေးတာဆိုလို့ ကျမတစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် သူတို့အတွက် ကျမဟာ မျက်စောင်းထိုးစရာ မျက်စေ့ဆံပင်မွှေး စူးစရာ များဖြစ်နေသလားပဲ။ လူစုံလို့ စကားပြောကြပြီဆို ကလေးယူဖို့ တရား ထိုင်နာရတာ အနည်းလေး ၂ နာရီလောက် ကြာတယ်။ ရုံးကနေ နေမကောင်းဖြစ်လို့ ခွင့်ယူတိုင်းလည်း ကလေး ရှိပြီလား၊ ကလေး ရလို့လား ဆိုပြီး တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီး လည်းကောင်း မေးကြတယ်။ မဟုတ်ပါဘူးလို့ ဖြေရပေါင်းလည်း များလှပါပြီ။


အမှန်တော့ ကျမတို့ ရုံးက ကလေးမီးဖွားမယ်ဆို ခွင့် ၁ နှစ်ပေးပါတယ်။ ခွင့် ၁ နှစ်အတွင်းမှာ Insurance Company ကလည်း ပိုက်ဆံပေးထားပါသေးတယ်။ အဲဒါဆိုတော့ ကျမတို့ရဲ့ မန်နေဂျာရော ဒါရိုက်တာကပါ ဒီကို စပြီး ရောက်ကတည်းက ကလေး ယူဖို့ ပြောပါတယ်။ ပြီးတော့ သူတို့ မွေးနေ့အတိုင်း ကလေးကို ချိန်ကိုက်ပြီးလည်း မွေးခိုင်းလို မွေးခိုင်း၊ ပြီးရင် နာမည်ပါ သူတို့ နာမည်တပ်ခိုင်းချင်ကြပါသေးတယ်။ ကျမကတော့ ရီပဲ နေလိုက်တော့တယ်။ အဲဒီလိုသာ အချိန်ကိုက် ကိုယ်လိုချင်တဲ့ အချိန် ကလေးရနေမှတော့ ကလေးတွေ ထားစရာ နေရာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒီစရောက်တုန်းကသာ ပတ်ဝန်းကျင်အသစ်မှာ နေရတာ အဆင်မပြေဖြစ်မှာစိုးလို့ ကလေး မရချင်သေးတာပဲ ရှိပါတယ်။ တကူးတက မလာပါနဲ့လို့လည်း မတားထားသလို လာပါလို့လည်း မခေါ်ဖြစ်ပါဘူး။ အဲဒါဆိုတော့ အရာရာကို ကလေးနဲ့ ကိုယ့်ရဲ့ ကံတရားလို့ပဲ သဘောထား ထားပါတယ်။


ပြီးခဲ့တဲ့ ပို့စ်မှာတုန်းက comment ထဲမှာ မေးသွားတဲ့ မကေ၊ မ၀ါဝါခိုင်မင်း၊ ၀မ်းသာစရာ သတင်းဘယ်တော့ ကြားရမလဲလို့ မေးတဲ့ မမသက်ဝေ နဲ့အတူ သတင်းထူးရင် ပြောပါဦးဆိုပြီး လှမ်းမေးကြတဲ့ သူငယ်ချင်းများ အားလုံးအတွက် အဖြေကတော့ “မိသားစု လူဦးရေ တိုးတက်မှု မရှိသေးပါဘူး” လို့ စိတ်မကောင်းစွာနဲ့ ဖြေလိုက်ပါတယ်။


ဖေဖေါ်ဝါရီ ၁၁၊ ၂၀၀၉။

February 6, 2009

နရော - ၁




ဒီနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့မှာ Osaka ကိုရောက်လာတာ ၂ နှစ်ပြည့်သွားပါပြီ။ ၂ နှစ်ဆိုတဲ့ အချိန်ကို အခုနေ ပြန်တွေးကြည့်လိုက်ရင် ခဏလေးလိုပဲ။ ဒီကို ရောက်ခါစ မှာ နေဖို့ အိမ်က အဆင်သင့် မရှိသေးတော့ အခန်း တစ်ခါ ထပ်ရှာရပြန်တယ်။ မြန်မာပြည်မှာ အခန်းရှာခဲ့တဲ့ အကြောင်းကိုလည်း ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ အခုရေးမှာက လက်ရှိ နေနေတဲ့ အခန်းအကြောင်းပါ။ ကျမတို့ ဘ၀ရဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ ၀င်ခိုခဲ့ရတဲ့ အိမ်တွေ အကြောင်း အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။


*****


Osaka ကို ရောက်တော့ ရုံးက စီစဉ်ပေးတဲ့ Mansion မှာ ခဏနေဖြစ်ခဲ့တယ်။ ဒီကြားထဲ အမျိုးသားက အခန်းရှာပေါ့။ အိမ်ရှာဖို့အတွက် ရုံးက HR ၀န်ထမ်းတွေကပဲ အကျိုးဆောင်ကုမ္ပဏီနဲ့ ဆက်သွယ်ပေးပါတယ်။ ဘယ်လိုအခန်းမျိုး ရှာပေးပါဆိုပြီး လိုအပ်တဲ့ အချက်အလက်တွေ သူတို့ (HR ၀န်ထမ်းတွေ) ကို ကြိုပြောပြထားပေးလိုက်တယ်။ အဓိက အခန်းကျယ်ပြီး ဟင်းချက်ဖို့ မီးဖိုချောင်နဲ့ အိပ်ခန်းသတ်သတ်ဆီပါတာရယ်၊ နောက်ပြီး ဘေးခန်း ဖြစ်ရမယ်၊ ဟင်းချက်ရမယ့် မီးဖိုခန်းမှာ ပြူတင်းပေါက်ဖြစ်ဖြစ်၊ တံခါးဖြစ်ဖြစ် ပါရမယ်။ ပြီးတော့ ကိုယ်ပေးနိုင်မယ့် ဈေးရယ်ကို တလက်စတည်း ပြောပြထားလိုက်ပါတယ်။


အဲဒီအချိန်မှာ ကျမက အလုပ်မရှိသေးပါဘူး။ အိပ်လိုက် စားလိုက် ဂရိတ်ဖိုက် ဖြစ်နေချိန်ပေါ့။ အလုပ်ကလည်း မရှိ၊ အမျိုးသားလည်း အလုပ်သွားပြီဆို တနေကုန်လိုလို အိပ်ယာထဲ ခွေနေတာများတယ်။ နေ့လည် ရုံးကနေ သူ ဖုန်းခေါ်မှ ထမင်း ထ စားတာ။ ညနေစောင်းရင် အ၀တ်လျှော်စရာ ရှိတာ လျှော်ပြီး ညစာ စားဖို့ပြင်ဆင်ရတယ်။ Mansion မှာ နေ နေတုန်း တရက်ပေါ့။ အမျိုးသား မနက်ပိုင်း ရုံးသွားပြီး ကျမလည်း ပြန်အိပ်ပျော်သွားတာ၊ နိုးလာတော့ အိပ်ယာက ထလို့ မရတော့ဘူး။ ထ လိုက်ရင် ဇက်က တအားနာတာပဲ။ အိပ်ယာပေါ် ပြန်လှဲမယ်ဆိုလည်း အဲဒီလိုပဲ တအားနာတာ။ ညနေ သူ ရုံးက ပြန်လာတော့ ကျမအဖြစ်ကိုကြည့်ပြီး ရီရမလို ငိုရမလိုနဲ့။ လမ်းလျှောက်ရင် တောင့်တောင့်ကြီးနဲ့ ခေါင်း လှည့်လို့မရဘူးလေ။ တခုခုကို ကြည့်ချင်ပြီဆို လူတစ်ကိုယ်လုံး လှည့်မှ အဆင်ပြေတယ်။ ရာသီဥတုကလည်း အရမ်းအေးနေချိန်ဆိုတော့ ၂ ရက် ၃ ရက်လောက် ခံစားလိုက်ရတယ်။ နောက်ပိုင်း အဲဒီလိုပြန်ဖြစ်မှာ ကြောက်လို့ အိပ်ရင် သတိထားပြီး အိပ်တယ်။


အိမ်ငှားတဲ့ ကုမ္ပဏီက အခန်းတွေ လိုက်မပြခင် အရင်ဆုံး အခန်းပုံစံ စာရွက်တွေ ရုံးယူလာပေးပြီး စိတ်ကြိုက်ဖြစ်မဖြစ် ကြည့်စေပါတယ်။ စိတ်ကြိုက်ဖြစ်မယ့် ၃ ခန်းလောက်ကို ကားနဲ့ လူကိုယ်တိုင် လိုက်ပြပေးတာပါ။ အဲဒီထဲက ကိုယ့်စိတ်ကြိုက်အခန်းကို ရွေးလိုက်တာ။ အခြေအနေက ရွေးချယ်ဖို့ အချိန်အကြာကြီးလည်း မရသလို သိပ်လည်း ဂျေးများနေလို့မဖြစ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်အောင် ရွေးရပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်ခဏခဏ ပြောင်းနေရတာကို မကြိုက်တာရော၊ နောက်ပြီး အိမ်စပေါ်တင်တဲ့ပိုက်ဆံကို ရုံးက ပေးမှာမို့ တကယ်လို့သာ အခုရွေးထားတဲ့အိမ်ကို မကြိုက်လို့ နောက်တစ်အိမ်ပြောင်းမယ်ဆိုရင် အိမ်စပေါ်ငွေကို ကိုယ့်ဘာသာ ပေးရမှာပါ။ အိမ်စပေါ်ငွေက အခန်းပေါ်မူတည်ပြီး အနည်းဆုံး ယန်း ၅ သိန်းဝန်းကျင်လောက် ပေးရပါတယ်။ အဲဒါကြောင့် အဆင်ပြေမယ့် အခန်းကိုပဲ တစ်ခါတည်း ရွေးလိုက်ရတာ။


အခန်း ငှားတာ၊ လိုက်ကြည့်တာ အားလုံး အမျိုးသားက သူ့ဘာသာ သူပဲ စီစဉ်ပါတယ်။ ကျမကတော့ လိုက်ကြည့်ချင်ပေမယ့်လည်း အုန်းလွဲနေတာမို့ အိပ်ယာထဲနေ နေရတဲ့အချိန်ပေါ့။ အဲဒါလည်း တမျိုးတော့ ကောင်းတာပဲ စိတ်မရှုတ်ရဘူး။ လူမပင်ပန်းဘူးပေါ့နော်။ သူကတော့ ပြန်လာပြီဆို အခန်းက ဘယ်လိုဖြစ်တာ၊ ဘယ်နေရာကတော့ ဘယ်လိုလုပ်ထားတာ ဆိုပြီး ပြောပြပါတယ်။ ကိုယ်က အိပ်ယာထဲကနေ မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြရတာပေါ့။ ခေါင်းမှ ညိတ်မရတာကိုး။ သူကတော့ ကျမ စိတ်ကြိုက်ဖြစ်မှာပါ ဆိုပြီး အခန်းပုံစံကို မျက်လုံးထဲမြင်အောင် သေချာ ရှင်းပြရှာတယ်။ ကျမကတော့ ကိုယ့်အိမ်ပိုင်လည်း မဟုတ်တဲ့အပြင်၊ ဒီမှာ အမြဲနေချင်မှလည်း နေဖြစ်မှာ ဆိုပြီး တော်ယုံလည်း ဂျေးများ မနေတော့ဘူး။ ကိုယ်နဲ့နေလို့ အဆင်ပြေတယ်ဆို ပြီးတာပဲပေါ့။


*****


ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ဒီအခန်းကို ပြောင်းပြီး စ နေဖြစ်ခဲ့တယ်။ ကိုယ်တွေအနေနဲ့ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့ပေမယ့် လစ်ကွက် ဟာကွက်တော့ ရှိနေခဲ့တာပဲ။ ကျမတို့အခန်းက အောက်ဆုံးထပ်ဆိုတော့ အပြင်လူ (သူခိုး) ၀င်လွယ် ထွက်လွယ်တဲ့ အခန်းမျိုးပါ။ security မကောင်းလို့ တော်ရုံ ဂျပန်လူမျိုးတွေက အောက်ဆုံးထပ် မကြိုက်ကြပါဘူး။ အဲဒါတစ်ခုကတော့ မြန်မာပြည်နဲ့ ကွာပါတယ်။ မြန်မာပြည်မှာတော့ အောက်ဆုံးထပ်က ဈေးအကြီးဆုံးဖြစ်ပေမယ့် ဒီမှာတော့ ဈေးအပေါဆုံးပါ။ အခန်းမှာ အိပ်ခန်း ၁ ခန်း၊ အကျယ်ဆုံးက မီးဖိုခန်း၊ ပြီးတော့ ဧည့်ခန်းလို ဂျပန် မြက်ဖျာခင်းထားတဲ့ အခန်း နဲ့ ရေချိုးခန်း အိပ်သာ ပါ ပါတယ်။ ရောက်ရောက်ချင်း အခန်းထဲမှာ အိမ်ထောင် ပရိဘောဂ ပစ္စည်း ဘာမှ မရှိတာကြောင့် အကုန်လုံး နီးပါး ၀ယ်ဖြည့်ရတာပါပဲ။ အိုးခွက် ပန်းကန် အိပ်ယာခင်း သေးသေးမွှားမွှားက အစ ကြီးကြီးမားမား အဆုံး တဖြည်းဖြည်းချင်းစုရတာပေါ့။


နောက်တစ်ချက်က ကျမတို့ နေတဲ့ နေရာ နဲ့ အနီးဆုံး မြေအောက် ဘူတာဆီ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လမ်းလျှောက်သွားရတယ်။ ဒါကြောင့် ဧည့်သည်လာရင် မျက်နှာပူရပါတယ်။ တစ်နေရာရာ သွားဖို့ကို ဘူတာဆီ လမ်းအဝေးကြီး လျှောက်ရလို့ပါ။ ကျမတို့က ရထားစီးမယ်ဆို ဘူတာကို စက်ဘီးစီးသွားတော့ အဆင်ပြေတာပေါ့။ ဘူတာဆီ သွားရတာသာ ဝေးတာပါ၊ စီးလို့ရတဲ့ ရထားလိုင်းတော့ များတယ်၊ မြို့လည်ဖြစ်တဲ့ Osaka ဘူတာနဲ့ဆို စက်ဘီးစီးသွားရင် ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ဘတ်စကားလိုင်းတွေ ရှိပေမယ့် သိပ်မစီးဖြစ်ဘူး။

*****


ဘယ်လိုပဲ မကောင်းတဲ့ အချက်တွေ ရှိနေပေမယ့် ကျမကတော့ အခု အခန်းလေးကို သဘောကျတယ်။ ဟင်းချက်ရင်လည်း တံခါးဖွင့်ပြီး ကြိုက်သလို ချက်လို့ရတယ်။ ငါးပိရည်ပဲ ကျိုကျို၊ ငရုတ်သီးပဲ ဆီသတ်သတ် ဘေးဘက်မှာ နီးနီးကပ်ကပ် အိမ်မရှိတဲ့အတွက် အခုထိတော့ အတိုင်မခံရသေးပါဘူး။ ဒီလိုပဲ ကောင်းတဲ့ အချက်တွေ ဖြည့်စဉ်းစားပြီး ဖြေသိမ့်ရတာပေါ့။ နောက်ပြီး ကျမတို့ အိမ်ရှေ့ထွက်လိုက်ရင် ယိုဒိုဂ၀ (Yodogawa) မြစ် ရှိပါတယ်။ လမ်းထဲ ၀င်လိုက်လို့ အိမ်နား ရောက်တော့မယ်ဆို မြစ်ဘက်ကနေ တိုက်လာတဲ့လေကို ရှုရတာ လတ်ဆတ်တယ်လို့ ခံစားရတယ်။ မြက်နံ့လေးတွေပါ ရောပြီး ပါလာတော့ လယ်ကွင်းတွေကို ဖြတ်ပြီး တိုက်လာတဲ့ လေကို ရှုရသလိုပဲ မြန်မာပြည်ကို သတိရမိတယ်။ ပျင်းရင် ကန်ဘောင်ပေါ်တက်ပြီး လမ်းလျှောက်မယ်လို့ စိတ်ကူးထားလည်း နွေဘက် မီးပန်းလွှတ်ပွဲ တက်ကြည့်တာကလွဲရင် မြစ်ကမ်းဘောင်ပေါ် သိပ်မသွားဖြစ်ပါဘူး။ ရုံးပိတ်ရက် မနက်ပိုင်းတွေဆို ခွေးကျောင်းတဲ့သူတွေ၊ လမ်းလျှောက်နေတဲ့သူတွေ၊ စက်ဘီးစီးနေတဲ့သူတွေနဲ့ ကန်ဘောင်မှာတော့ လူစည်ကားနေတာပဲ။


နေလာတာ ကြာလာတာနဲ့အမျှ ဒီပတ်ဝန်းကျင်မှာ နေသားကျလာသလိုပဲ။ အပြင်က ပြန်လာရင် ကိုယ့်အိမ် ကိုယ့်ရာ ပြန်ရောက်သလို ခံစားရပြီး ပင်ပန်းတာတွေ ပြေရတာပဲ။ အိမ်ရှင်က ဆက်ငှားနေသရွေ့ ကျမတို့ကလည်း Osaka မှာနေသရွေ့ ဒီအိမ်မှာပဲ နေဖြစ်မယ်ထင်ပါရဲ့။


ဖေဖော်ဝါရီ ၆၊ ၂၀၀၉။