*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ်” မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်က ဧကူဒါနလို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဧကူဒါနကို ပုဒ်ခွဲရင် ဧက-ဥဒါနပါ။ အဓိပ္ပါယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး အဲဒီဂါထာတစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲ ရပေမယ့် အဲဒီ ဂါထာတစ်ပုဒ်က ပြောတဲ့အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။ နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ အတိအကျ လိုက်နာကျင့်သုံးသူပါ။ အဲဒီလို အသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း မကြာခင်ကာလမှာဘဲ ရဟန္တာမထေရ်တစ်ပါး ဖြစ်သွားခဲ့ရပါတယ်။
ဧကူဒါနမထေရ်ဟာ တောထဲမှာ တစ်ပါးထဲပဲနေပြီး သူရတဲ့ ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ရှိပါတယ်။ ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင် တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူဒါနမထေရ် ဂါထာလေးရွတ်ပြီးလို့ ဆုံးတာနဲ့ တောထဲမှာနေကြတဲ့ နတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့ သာဓုခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ ရှိပါတယ်။
ဒီအစီအစဉ်လေးဟာ ဥပုသ်နေ့တိုင်း ပြုမူနေကျ အစီအစဉ်လေးပါ။
ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ ဂါထာလေးကိုလည်း ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။
အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကာ နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော။
ဒီလိုနဲ့ တစ်နေ့မှာတော့ ပိဋကသုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်အခြံအရံငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာကြပါတယ်။
တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ ဧကူဒါနမထေရ်က တော်တော်လေး ၀မ်းမြောက်သွားပါတယ်။ နေရာထိုင်ခင်းပေးပြီး ဧကူဒါနမထေရ်က ဘာစလျှောက်သလဲဆိုတော့-
“အရှင်ဘုရားတို့ ... တပည့်တော်ကို တရားဟောပါဦးဘုရား၊ တပည့်တော် တရားနာချင်လို့ပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။
တိပိဋက ဆရာတော်နှစ်ပါးက “တရားနာမယ့်သူက အရှင်ဘုရား တစ်ပါးပဲလား”လို့ ပြန်မေးလိုက်ပါတယ်။
ဧကူဒါနမထေရ်ကလည်း “တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူးဘုရား၊ တောထဲက နတ်တွေလည်း လာနာလေ့ရှိပါတယ်ဘုရား၊ တရားဆုံးရင် သူတို့က သာဓုခေါ်လေ့ရှိပါတယ် ဘုရား” လို့ ပြန်ဖြေလိုက်ရပါတယ်။
ဒီလိုနဲ့ တိပိဋကဆရာတော်နှစ်ပါး တစ်လှည့်စီ တရားဟောရော ဆိုပါတော့။
တိပိဋကဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲက တကယ့်အနှစ်တွေကို ရွေးပြီး ဟောပြောကြပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်၊ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။
ဒီတော့ တိပိဋကဆရာတော်နှစ်ပါးက မေးခွန်းထုတ်ပါတော့တယ်။
“အရှင်ဘုရားပြောတော့ နတ်တွေက သာဓုခေါ်တယ်ဆို၊ အခုဘာသံမှ မကြားရပါလား၊ တပည့်တော်တို့မှာ ဟောလိုက်ရတာ ဖတ်ဖတ်ကို မောရော”
“တပည့်တော်ဟောရင်တော့ အမြဲသာဓုခေါ်လေ့ ရှိတယ်ဘုရား”
“ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး”
“မှန်ပါ့ဘုရား”
အဓိစေတသော အပ္ပမဇ္ဇတော၊
မုနိနော မောနပထေသုသိက္ခတော။
သောကာ နဘ၀န္တိ တာဒိနော၊
ဥပသန္တဿ သဒါ သတီမတော။
ဧကူဒါနမထေရ်က သူရွတ်ဆိုနေကျ ဂါထာလေးကို ရွတ်လိုက်ပါတယ်။ ဂါထာဆုံးတာနဲ့ နတ်တွေက တစ်တောလုံး ညံသွားအောင် ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။
နတ်တွေရဲ့ သာဓုခေါ်သံကြားတော့ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက ဘယ်လိုပြောသလဲဆိုတော့ “နတ်တွေက မျက်နှာလိုက်တာ”တဲ့။
ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီးမကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေ မျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာဘုရားရှင်ကို လျှောက်ပြကြပါတယ်။
မကျေနပ်တဲ့စကားဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက ဘယ်လိုပြန်ရှင်းပြသလဲဆိုတော့-
“ချစ်သားတို့ သင်လည်းသင်ပါရဲ့၊ သိလည်း သိပါရဲ့၊ ဟောလည်း ဟောပါရဲ့၊ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ မခေါ်သေးဘူး၊ သိရုံတင်မကဘူး၊ ကျင့်လည်း ကျင့်ပါမှ တရားဆောင်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်”လို့ ဟောပြလိုက်ရပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ အဓိက ဆိုလိုချက်ကတော့ သိရုံနဲ့တင် မလုံလောက်သေးဘဲ အသိနဲ့ အကျင့် တွဲပါနေမှ၊ အသိနဲ့အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။
*****
ဘာရယ်တော့မဟုတ်ပါဘူး၊ ဒီအတောအတွင်း အသိနဲ့အကျင့် အကြောင်းလေး စဉ်းစားနေမိလို့ ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာပါ။
ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့် သိသလောက်ကို ကျင့်သူပါ။ ကျင့်ပြီး မြတ်စွာဘုရားမျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း ရောက်နေသူပါ။
တိပိဋက ဆရာတော်နှစ်ပါးကတော့ အသိနဲ့ပတ်သက်လို့ ပိဋကသုံးပုံတောင် ဆောင်ထားတာဆိုတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။ အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။
လောကမှာ ဘယ်လောက်ပဲသိသိ၊ မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါ တွဲမပါနိုင်သေးဘူးဆိုရင် ဘ၀က အဓိပ္ပါယ်မရှိသေးပါဘူး။ အကျင့်ဟာ လူတစ်ယောက်ရဲ့ ဘ၀ကို သိပ်ပြီး ပြဋ္ဌာန်းပါတယ်။
ဒီနေရာမှာ အသိနဲ့ အကျင့်ကို အခြေခံပြီး လူတော်နဲ့လူကောင်းဆိုပြီး ထပ်ခွဲလို့ရပါသေးတယ်။
လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ် ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင် တတ်မြောက်တာပါ။
လူကောင်းဆိုတာ ကိုယ့်ရဲ့ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ်အောင်နေတယ်၊ ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်။ နောက် ... ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။
ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကိုလည်း နားထောင်နေဖြစ်ပါတယ်။ လူတော်နဲ့လူကောင်း ခွဲတဲ့နေရာမှာ ဆရာမ ပြောပြထားတာလေးက ပိုရှင်းပါတယ်။ ဆရာမက “လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊ လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊ အသိနဲ့ပြည့်စုံရင် လူတော်၊ အကျင့်နဲ့ပြည့်စုံရင် လူကောင်း” ပါတဲ့။
တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်း တိတ်ခွေပါ တွဲနားထောင်ဖြစ်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။
လောကမှာ လူတော်နဲ့လူကောင်း၊ ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင် အထူးဖြေစရာ မလိုတော့ပါဘူး။
ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှုပညာကို အခြေခံပြီး လူကောင်းတစ်လှမ်းစာ လုပ်နိုင်ရင် သူက ငါးလှမ်းဆယ်လှမ်းစာ ပိုလုပ်နိုင်ပါတယ်။
ထပ်ပြီး “ဒါပေမယ့် ရရင်တော့” တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်။ ဥပမာ- အထူးကုဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ သိပ်တော်တယ်၊ နိုင်ငံခြားကလည်း ဘွဲ့တွေ အများကြီး ရထားတယ်၊ ဒါပေမယ့် မကောင်းဘူး၊ ဆေးခန်းကို လူနာများများလာဖို့ပဲ မျှော်လင့်နေမယ်၊ ပိုက်ဆံကို ပုံမှန်ထက် ပိုပိုယူမယ်၊ ငါးမိနစ် ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်၊ ဆေးကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီး “ဆရာရေ ... ဒါ ကျွန်မတို့ စမ်းဖော်ထားတဲ့ဆေး၊ ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ။ ဒါက ဆရာ့အတွက် မာစီဒီးကား” ဆိုပြီး ပေးလာတဲ့လာဘ်ကို ယူပြီး လူနာတွေကို ဆေးအစမ်းသပ်ခံပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့ လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။
လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်းဆိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ကံ, ဉာဏ်,ဆန္ဒ, လုံ့လ, ကျန်းမာ, ဆရာမိဘအားပေးမှုတွေနဲ့ ပြည့်စုံမှပါ။
ဒီအချိန်ကျမှ ဆရာဝန် အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။
အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့် လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်။ အဲဒါကတော့ လူကောင်းဖြစ်ချင်တဲ့စိတ်ကလေး ရှိလိုက်ဖို့ပါပဲ။
အဲဒီ လူကောင်းဖြစ်ချင်တဲ့စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ ကံသုံးပါးကို အထူးစောင့်စည်းလိုက်ရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို ကံသုံးပါးက အဓိက ပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို ဂရုစိုက်လိုက်ရင်ပဲ အားလုံးပြည့်စုံသွားပါတယ်။
ချဲ့ပြောရရင်တော့ ရှင်ရာဟုလာကို ဆုံးမတဲ့အတိုင်းပါပဲ။
အတွေးတစ်ခု တွေးတော့မယ်ဆိုရင် မတွေးခင် စဉ်းစားလိုက်ပါဦး။ ကိုယ်တွေးမယ့်အတွေးဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့၊ ဒီလိုပါပဲ စကားတစ်ခွန်း ပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာစဉ်းစားလိုက်ပါဦး၊ ကိုယ်ပြောလိုက်မယ့်စကားဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့၊ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင် စဉ်းစားလိုက်ပါဦး၊ ကိုယ်လုပ်မယ့် အလုပ်ဟာ မိမိကော, သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့။
တကယ်လို့ အမှတ်တမဲ့တွေးမိ, ပြောမိ, လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေး, အပြော, အလုပ်တွေဟာ မိမိ, သူတစ်ပါး, ထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့ ပြန်ပြန်စဉ်းစားရပါတယ်။
ဒီတွေး, ပြော, လုပ် ကံသုံးပါးလေးကို မတွေးခင်၊ မပြောခင်၊ မလုပ်ခင် ကြိုကြိုစဉ်းစားတတ်တဲ့ အကျင့်လေးကို စွဲသွားအောင် အကျင့်လေး လုပ်လုပ်သွားဖို့ပါပဲ။ စွဲသွားရင် နောက်ပိုင်း အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။
အဲဒီကတဆင့်တက်ပြီး သူတစ်ပါး အကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ်၊ သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်ကလေးတွေ လုပ်သွားမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာမှာပါ။
တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း (ကိုယ့်စိတ်ကိုယ်ပဲ အသိဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက တော်ပြီးသားဆိုတော့ ကောင်းဖို့ပြုပြင်တဲ့နေရာမှာ သိပ်ပြီး ခက်မယ် မထင်ပါဘူး။
လူ့ဘ၀ဆိုတာ ခဏလေးပါ။ သေတော့လည်း ထားခဲ့ရတာပါပဲ။ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက,ကတော့ ကောင်းချင်တဲ့ စိတ်ကလေး ရှိဖို့ပါပဲလေ။
*****
ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်း သူများမကြားအောင် စိတ်ထဲကနေ အသာလေး ပြန်မေးကြည့်မိပါတယ်။
“ရဝေနွယ်ရယ် သူများသာ အသိတွေ အကျင့်တွေ၊ လူတော်တွေ လူကောင်းတွေ ပြောနေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့် ထပ်တူကျပြီလား၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်းဖြစ်ပြီလဲ”
“.................................”
အဖြေက ထွက်မလာပါဘူး၊ အဖြေအစား သက်ပြင်းရှည်ပဲ ထွက်လာပါတယ်။
ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့် လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးတော့ ရှိနေတာဆိုတော့ “လူကောင်း ဖြစ်ချင်တဲ့ စိတ်ကလေး ရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ အခွင့်အလမ်းတစ်ခုပဲလေ” လို့ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ရင်း အတွေးမေးခွန်းကို ခပ်မြန်မြန် ရပ်လိုက်ရပါတော့တယ်။
ကျမ်းကိုး -
၁။ ဓမ္မပဒအဋ္ဌကထာ (ဒုတွဲ)။
ဧကူဒါနမထေရ်ဝတ္ထု။
၂။ ဓမ္မဗျူဟာဆရာမ
ဒေါ်ခင်လှတင်၏
ပါရမီကျင့်စဉ်ပို့ချချက်တိတ်ခွေများ။
Future Light မဂ္ဂဇင်း
ဇွန်၊ ၂၀၀၅။
မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။
သြဂုတ် ၃၀၊ ၂၀၀၇။