ရုံးက ဂျပန်မသူငယ်ချင်းတွေနဲ့ နေ့လည်စာ ထွက်စားတော့ သူငယ်ချင်းတစ်ယောက်က “ဂျပန်တိုဖူးဆိုင် သွားဖူးလား”လို့ မေးပါတယ်။ ကျမက “ဂျပန်စာ သိပ်မပြောတတ်တော့ ဂျပန်စားသောက်ဆိုင်ဆိုရင် မမှာတတ်လို့ မသွားဖူးပါဘူး”လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူတို့က “ဂျပန်တိုဖူး သွားစားရအောင်” လို့ ခေါ်တာနဲ့ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က သွားစားဖြစ်ခဲ့ပါတယ်။
မသွားခင် သူငယ်ချင်းက “ဈေးကြီးတယ်၊ ရပါ့မလား”ဆိုပြီး ကျမကို ခဏခဏ မေးပါတယ်။ “တစ်ယောက်ကို ယန်း ၅၀၀၀ ပေးရမယ်၊ အရည်တခုခုသောက်မယ်ဆိုရင် ပိုက်ဆံ ထပ်ပေးရမယ်”လို့ အရင်ကြိုပြောပြထားပါတယ်။ ကျမလည်း သွားမယ်လို့ ကတိပေးထားပြီးသား၊ ပြောထားပြီးသား စကားတစ်ခုကို ပြန် မပြင်ချင်ဘူး၊ သွားမယ်လုပ်ပြီးကာမှ ဈေးကြီးလို့ မလိုက်ဘူးဆိုတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲဒီလိုမှ သူတို့နဲ့မသွားရင်လည်း ဘယ်နေရာမှ သွားရမှာ မဟုတ်ဘူးလေ။ သူတို့အတွက်ကတော့ ယန်း ၅၀၀၀ ဆိုတာ ဘာမှ မပြောပလောက်ပေမယ့် ကိုယ့်အတွက်ကတော့ မလိုအပ်ရင် မသုံးချင်ဘူးပေါ့။ ဒါပေမယ့် ဒီမှာ ရောက်တုန်း စားဖူးတယ်ရှိအောင် “ရပါတယ်၊ ငါသွားချင်ပါတယ်။ လိုက်ပို့ပေးပါ”ဆိုပြီး လင်မယား ၂ ယောက်စလုံး လိုက်သွားဖြစ်ကြတာပါ။
ဆိုင်ရှိတဲ့ Building က တကယ့် Osaka မြို့လယ်မှာ ရှိတာပါ။ အဲဒီ Building အထဲမှာကိုပဲ နာမည်ကြီး Company ရုံးခန်းတွေ အပြင် British Councilor ရုံးခန်းလည်း ရှိပါသေးတယ်။ Building နာမည်က Epson Osaka ပါတဲ့။ ဆိုင်က အပေါ်ဆုံးအထပ် (၂၂ ထပ်) မှာပါ။ အဲဒါကြောင့်မို့ပဲ ဈေးပိုကြီးသလားတော့ မပြောတတ်တော့ပါဘူး။
ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ ဆိုင်ရှေ့ကို ရောက်သွားပါတယ်။ ဆိုင်က အပေါ်ဆုံးအထပ်မှာ ဆိုတော့ အပြင်ဘက် ညရှုခင်းကြည့်ရတာလည်း အရမ်းလှပါတယ်။ ဆိုင်ထဲမှာ ဂျပန်သီချင်း တီးလုံးသံကလွဲရင် တခြား ဆူဆူညံညံသံ မကြားရပါဘူး။ ဆိုင်ကို လာတဲ့ ဧည်သည်ကလည်း မများလှဘူးဆိုတော့ ကျမတို့ အားလုံး ၅ ယောက်စာအတွက် ပေးထားတဲ့အခန်းက တော်တော်လေး ကျယ်ပါတယ်။ ဒါနဲ့ ကျမတို့လည်း စကားပြောလိုက် စားပွဲထိုးတွေ လာချပေးတာ တစ်ခုပြီး တစ်ခုစားလိုက်နဲ့ ည ၁၁ နာရီကျော် လောက်မှ ဆိုင်က ပြန်လာခဲ့ကြတာပါ။ ဘာတွေ စားခဲ့လဲဆိုတာတော့ဓာတ်ပုံထဲ ကြည့်လိုက်ကြပါနော်။
အပေါ်ပုံက ဆိုင်မှာ ခင်းကျင်းထားတာကို ရိုက်ထားတာပါ။ ရှေ့က သစ်သားပြားအုပ်ထားတဲ့အောက်မှာက တိုဖူးအရည်ထည့်ထားတာ။ ဖွင့်မကြည့်မိတော့ ဘယ်လိုပုံစံ ရှိမှန်းမသိလိုက်ရဘူး။ စားပွဲထိုးက ပလပ်ပေါက်ထိုးတာပဲမြင်လိုက်ရတယ်။ နာရီဝက်လောက်ကြာတော့ ပလပ်ပေါက်ဖြုတ်ပေးပြီး စားလို့ရပြီလို့ လာပြောတော့မှ တိုဖူး ကျိုထားမှန်းသိရတာ။
ကျမတို့ထိုင်တဲ့ အခန်းရဲ့ နံရံမှာ ပန်းထိုးထားတာ လှလို့ ဓာတ်ပုံရိုက်ယူထားလိုက်တာ။
ပထမဆုံး ချထားပေးထားတဲ့ ဂျပန်စာပါ။ ဘယ်ဘက်အစွန်ဆုံး ပန်းကန်ပြားထဲက ပုဇွန်ပြုတ်ရယ် ပြီးတော့ ထမင်းဆုပ်ပေါ်မှာ ငါးရှည့်တင်ထားတာရယ်။ နောက်ပြီး အလယ်မှာက တိုဖူးအအေး၊ အရွက်သုပ်၊ ညာဘက်အစွန်ဆုံးက အသားပေါက်စီ (ဂျပန် dumpling)။ ပေါက်စီချည်းပဲစားရင် ကောင်းတယ်။ အပေါ်က အ၀ါလေးပါ ထည့်စားရင် အရမ်းစပ်ပြီး မွှန်တယ်။ ၀ါဆာဘိ လိုပဲ။ ပေါက်စီနဲ့ ရောစားလို့ မကောင်းဘူး။
ဒီဟာက ကျမ မကြိုက်တဲ့ ဆာရှိမိ(Sashimi)။ တစ်ခု နှစ်ခုလောက်ပဲ မြည်းပြီး စားလိုက်တယ်။ အကုန်တော့ မစားနိုင်ဘူး။
ကျိုထားပြီးသား တိုဖူး။ ဇွန်းနဲ့ ခပ်ပြီး ပန်းကန်လုံး ၂ လုံးထဲကို ခွဲထည့်ထားရတယ်။ ပြီးရင် စားပွဲထိုးက အရည် ၂ မျိုး လာချပေးတယ်။ အဲဒီအရည်နဲ့ ဆမ်းစားရတာ။
ပထမတစ်မျိုးက ပဲငံပြာရည်ကို စပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ကို တိုဖူးထည့်တဲ့ပန်းကန်လုံးထဲ ကိုယ်ကြိုက်သလောက် ထည့်ပြီးမှ အပေါ်က ဂျင်းထောင်းထားတာရယ်၊ နှမ်းရယ်၊ နောက်ပြီး ဂျပန်အမှုန့်တစ်မျိုးပဲ နာမည်တော့ မသိဘူး။ အဲဒါတွေ အပေါ်ကထပ်ဖြူးပြီး ထည့်စားရတယ်။ တိုဖူးက နူးညံ့ပြီးတော်တော်စားလို့ကောင်းတယ်။
နောက်တစ်မျိုးကတော့ အရွက်နည်းနည်း၊ မှိုနဲ့ မုန်လာဥနီ ရောကျိုထားတဲ့ ကော်ရည်လို အရည်မျိုးပါပဲ။ အရည် ၂ မျိုးလုံးက တိုဖူးပေါ်မှာ ဆမ်းစားရတာဆိုတော့ အရသာ မတူပေမယ့် တစ်မျိုးစီတော့ စားကောင်းပါတယ်။
ဒါကတော့ အမဲသားကင်ပါ။ မီး အပူတိုက်ထားတဲ့ ကျောက်တုံးပေါ်ကို အသားတင်ပြီး ကင်ရတာ။ အမဲသားက တခုခုနဲ့များ စိမ်ထားသလားတော့ မသိဘူး။ အသားကို မီးအပူပေါ် တင်ပြီး သိပ်မကြာခင်ပဲ သူတို့က ယူပြီး ပဲငံပြာရည်နဲ့တို့စားနေပြီ။ ကိုယ့်မှာသာ ကျက်အောင်ဆိုပြီး အကြာကြီးထားပြီး ဟိုဘက်လှန်ပေးလိုက် ဒီဘက် လှိမ့်ပေးလိုက်နဲ့ သွေးရောင်ပျောက်အောင်လုပ်ရတယ်။ တကယ်စားကြည့်တော့ အမဲသားက နူးညံ့ပြီး လုံးဝ မညှီပါဘူး။
ဒါက ထမင်းကြော်လိုမျိုးပါ။ ဟင်းချိုရယ်။ ချဉ်ဖတ်အချဉ်ရယ်။ ထမင်းကြော်လိုမျိုးရယ်။ ရှေ့က ဟိုနည်းနည်း ဒီနည်းနည်း စားလာပြီး ထမင်းအလှည့်ရောက်တော့ ကုန်အောင်မစားနိုင်တော့ပါဘူး။ တစ်လုတ် နှစ်လုတ်လောက်ပဲ စားနိုင်တော့တယ်။
နောက်ဆုံးက Dessert အနေနဲ့ ပူတင်းလာချပေးတာပါ။ ပူတင်းက ဆိမ့်ပြီး စားလို့ကောင်းပါတယ်။ အရမ်းလည်း မချိုဘူး။ ဓာတ်ပုံလည်းမရိုက်လိုက်ရပါဘူး။ ကြားထဲက ဟင်း ၁ မျိုး ၂ မျိုးလောက် ကျန်နေသေးတယ်။ ဓာတ်ပုံမရှိတော့ မမှတ်မိတော့ဘူး။ လာချပေးတဲ့ အစာတွေက များလို့။ ဓာတ်ပုံရှိသလောက်ပဲ တင်ပေးလိုက်နိုင်ပါတယ်။
အဲဒီက ပြန်လာပြီး ကျမကတော့ “တော်ပြီ နောက်တစ်ခါ အဲဒီလိုဆိုင်မျိုး မသွားတော့ဘူး”လို့ တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ပါတယ်။ အစားအစာတွေက ဂျပန်စာတွေဆိုတော့ ရှင်းရှင်းပြောရရင် မြန်မာပါးစပ်နဲ့ မကိုက်လှပါဘူး။ အခုဟာကလည်း တစ်ခါတစ်လေ စားတာဆိုတော့ စားကောင်းပါတယ်။ ခဏခဏစားချင်တယ်ဆိုပြီး တောင့်တလောက်အောင်တော့ မဖြစ်မိပါဘူး။ တစ်ရုံးတည်း အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူသွားကြတယ်။ မစားဖူးသေးတဲ့ အစာတစ်ခု စားဖူးလိုက်တယ်။ သူတို့တစ်တွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်ဆိုတော့ ကျမအတွက် အတွေ့အကြုံအသစ်အဆန်းတခုပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီညက ကျမတို့ ပျော်ခဲ့ကြပါတယ်။
အောက်တိုဘာ ၂၅၊ ၂၀၀၇။