November 30, 2007

Sweet December


ဒီဇင်ဘာလ ၁ ရက်နေ့ ရောက်ရင် နှစ်တစ်နှစ်ကုန်ဆုံးတော့မယ်ဆိုတဲ့ အချက်ပြ ခေါင်းလောင်းသံ ကြားလိုက်ရသလို မကြာခင်မှာ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကို ပြောင်းတော့မှာပါလား လို့ တွေးမိတယ်။ ရာသီစက်ဝိုင်း တပတ်လည်ပြန်ပြီ။


နှစ်သစ်ကို မကြိုခင်မှာ အေးမြပြီး ပျော်ရွှင်စရာကောင်းတဲ့ ဒီဇင်ဘာလလေး ကို အရင်ဆုံး ကြိုဆိုလိုက်ကြရအောင်နော်....


'SWEET DECEMBER'

ဒီဇင်ဘာ ၁၊ ၂၀၀၇။

November 27, 2007

မြခွာညို



တေးဆို- ဗစ်တာခင်ညို
တေးဆို - ရဲသွင်

ချမ်းအေးတဲ့ နှင်းအလှ ပြာသို
အုံ့မှိုင်းလို့ ၀ိုးတ၀ါး မစိုတစို
သစ်ရွက်တို့ တဆတ်ဆတ် ရှိုက်ကာငို...
ကြွေရစ်လွန့်လူးတဲ့ ဆောင်းသဇင်
ရနံ့ကြိုင်ကာ သင်းတဲ့ဆောင်းလေ
ကြည်စယ်သလို ရင်မှာပုန်းရှောင်ခို...

မခို့တရို့နဲ့ သူ့အလှ ကဗျာဆန်
ကြည့်ရင်းနဲ့ စွဲမက်လာတာ
မှတ်မိသေး မင်းနဲ့ ချစ်ချိန်တွေ ...
ကိုယ် ကိုယ်တိုင် ခူးပေးခဲ့တဲ့
ဆောင်းသဇင်တွေ မင်းဆံမြိတ်ထက်မှာ
ဘယ်အချိန် ဘယ်အခါ ကိုယ်မမေ့နိုင်ပါ...

နှင်းမြူတွေ ဆိုင်းရင်...
ဆောင်းသဇင်တွေ ပွင့်နေ...
မင်းလာမဲ့လမ်းက အမြဲကိုယ်
ကြိုလင့်စောင့်ရင်း...

အရှေ့လေပြေသွေးရင်...
အချစ် ဘယ်ဆီကို ရောက်နေ...
မကြွေခင်မှာ လာလေပေါ့အချစ်
မေ့မရ ကိုယ့် အချစ်ဆုံး မြခွာညို...

ဒီသီချင်းကို မူရင်း သီဆိုသူက ဗစ်တာ ခင်ညိုပါ။ ကျမတို့ ငယ်ငယ်ကဆိုရင် တီဗွီ တေးဂီတအစီအစဉ်က မကြာ မကြာ လာတတ်ပြီး ကြိုက်နှစ်သက်ခဲ့ ရတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သီချင်းစာသားက သီချင်းထက် ကဗျာဘက်ကို ပိုနွယ်သလို ခံစားရပါတယ်။ အခုခေတ် လူငယ်တွေတော့ နားထောင်လို့ရပါ့မလား မသိပါဘူး။ ကျမကတော့ အခုတလော ခဏခဏ နားထောင်ဖြစ်ပါတယ်။

ဒီသီချင်းကိုပဲ ရဲသွင်ကလည်း ပြန်ဆိုထားပါတယ်။ ရဲသွင် ဆိုထားတဲ့ သီချင်းကိုတော့ MyanmarMP3.net မှာ Download လုပ်ယူလို့ရပါတယ်။ ဗင်တာခင်ညို ဆိုထားတဲ့ သီချင်းကတော့ Download မပေးထားပါဘူး။ Version နှစ်မျိုးစလုံး တစ်မျိုးစီတော့ နားထောင်လို့ကောင်းပါတယ်။

မှတ်ချက် - ယခုသီချင်းကို MyanmarMP3.net “မြခွာညို” နှင့် “အသိတရား” Album များမှ ကူးယူ၍ ဖော်ပြပါသည်။

နိုဝင်ဘာ ၂၇၊ ၂၀၀၇။

November 25, 2007

Momiji Festival

ဂျပန်တွေက ချယ်ရီပန်းပွင့်ချိန်ဆိုရင် ချယ်ရီပန်းကြည့်ပွဲ လုပ်ကြသလို ဆောင်းဦးပေါက် ရာသီရောက်ပြီဆိုတာနဲ့ မေပယ်လ်ရွက်တွေ အရောင်ပြောင်းတဲ့အချိန်မှာ Momiji Festival လုပ်လေ့ရှိကြပါတယ်။ ကြော်ငြာစာအုပ်၊ website link တွေက တဆင့် ဖတ်မိတာကတော့ Momiji ရာသီဆိုရင် Kyoto နဲ့ Nikko ဘက် က အလှဆုံးလို့ဆိုပါတယ်။ တခြားနေရာတွေလည်း လှကြပေမယ့် အဲဒီနေရာတွေကတော့ အလှဆုံးဖြစ်တယ်လို့ဆိုလိုချင်တာပါ။ ကျမကတော့ အဲဒီဘက်တွေကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ အအေးပိုလာတာနဲ့ အမျှ အရွက်တွေက တဖြည်းဖြည်း အရောင် ပြောင်းလာတာဆိုတော့ ကြည့်လို့ အလှဆုံးဖြစ်မဲ့အချိန်ကို နိုဝင်ဘာ လလယ်လောက်က စပြီး လကုန်လောက်အထိဖြစ်တယ်ဆိုပြီး အကြမ်းအားဖြင့် ကြော်ငြာထားကြတာ တွေ့ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလရဲ့ ရုံး ပိတ်ရက်တွေမှာ ဂျပန်လူမျိုး တော်တော်များများ က Momiji ပွဲတော် ရှိတဲ့ နေရာကို အပန်းလည်းဖြေရင်း အရွက်တွေ အရောင်ပြောင်းတာလည်း ကြည့်ရင်း ရက်တို ရက်ရှည် ခရီးထွက်လေ့ ရှိတတ်ကြပါတယ်။

ကျမတို့ ၂ ယောက်ကတော့ Osaka ကနေ သိပ်မဝေးတဲ့ နေရာမှာရှိတဲ့ Mino မြို့ ရဲ့ Momiji ပွဲတော်ကို ပြီးခဲ့တဲ့ ပိတ်ရက်က ရောက်ဖြစ်ခဲ့ပါတယ်။ Osaka ကနေ မိနစ် ၃၀ လောက်ရထားစီးရင် ရောက်တာမို့ နေ့ချင်းပြန်သွားလို့ရတာကြောင့်လည်း အဲဒီ နေရာကို သွားဖြစ်ခဲ့တာပါ။ Mino မှာ Momiji ရာသီရောက်ပြီဆိုရင် အရွက်တွေ အရောင်ပြောင်းတာ လာကြည့်ကြသလို တချို့ကြလည်း ရေပူ လာစိမ်တဲ့ သူတွေလည်း ရှိပါတယ်။ အဓိက နာမည်ကြီးတာက Mino ပန်းခြံမှာရှိတဲ့ သဘာဝ ရေတံခွန်ကြောင့်ပါပဲ။ ရာသီဥတု လေးမျိုးစလုံး ရေတံခွန်က တမျိုးစီလှပေမယ့် Momiji ရာသီဆိုရင် Mino ကို လာတဲ့လူတွေ ပိုများလှပါတယ်။

Mino Hankyu ဘူတာရုံ ကနေ ထွက်လိုက်တယ် ဆိုရင်ပဲ ပွဲတော်ရက်က နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်ဆိုတဲ့ စာတန်းချိတ်ဆွဲထားတာ မြင်နေရပါပြီ။ တောင်ခြေဖြစ်တဲ့ ဘူတာ ကနေ ရေတံခွန်ဆီရောက်ဖို့က ၂.၈ ကီလိုမီတာ လမ်းလျှောက်ရပါတယ်။ လမ်းတလျှောက်မှာလည်း ဈေးဆိုင်တန်းလေးတွေ ရှိသလို ခဏအနားယူလို့ ရအောင် ဆောက်ထားတဲ့ အဆောင်တွေလည်း ရှိပါတယ်။ ဈေးဆိုင်တွေမှာအများဆုံးရောင်းတာက Momiji Tempura (မိုမိဂျိ အရွက်ကို မုန့်နှစ်နဲ့ ကြော်ရောင်းတာပါ) ၊ ခြံထွက် အသီးအနှံတွေအပြင် second hand ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေကို ပါ တွေ့ခဲ့ရပါသေးတယ်။

လမ်းတလျှောက်မှာတော့ ရေတံခွန်ကနေ စီးဆင်းလာတဲ့ တောင်ကျချောင်းရဲ့ ရေစီးသံကြားနေရတာမို့ လမ်းလျှောက်ရတာ မောပန်းတယ်လို့ မခံစားမိပါဘူး။ ရေတံခွန်ဆီသွားရင်း မြင်ရတဲ့ မြင်ကွင်းတွေထဲမှာ တချို့ အဘိုးအဘွားတွေကျတော့လည်း တယောက်နဲ့ တယောက် အမှီသဟဲပြုပြီး တဖြည်းဖြည်းချင်း တွဲလျှောက်လာတာမျိုးရှိသလို သားငယ် သမီးငယ်တွေကို လက်တွဲပြီး လျှောက်လာတဲ့ အဖေနဲ့အမေ၊ ကလေးက လမ်းလျှောက်ရတာ များလို့ ဂျီကြပြီး ငိုယိုနေတာ အဖေ၊အမေက ချော့နေတာမျိုးလည်း မြင်ရပါတယ်။ တချို့မိသားစုတွေ ကျတော့လည်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးငယ်ကို တွန်းလှည်းလေးထဲထည့်ပြီး အဖေနဲ့အမေက တလှည့်စီ တွန်းနေကြတာမျိုးလည်း မြင်ခဲ့ရပါတယ်။ တချို့တချို့သောသူတွေကျတော့လည်း ၂ ယောက်သား လက်တွဲပြီး လောကကြီးမှာ နှစ်ယောက်တည်းရှိတယ်လို့ ထင်နေတဲ့ စုံတွဲတွေနဲ့ အားလုံးဟာ ရေတံခွန်စီကို ဦးတည်ပြီး တလှုပ်လှုပ် သွားနေကြတာပါပဲ။

ကျမတို့ ၂ ယောက်လည်း စကားပြောရင်း လမ်းလျှောက်လိုက်၊ မောလာရင် ခဏနားပြီ်း လိမ္မော်သီးစားလိုက်၊ လှတဲ့နေရာတွေ့ရင် ဓာတ်ပုံပြေးရိုက်လိုက်နဲ့ နောက်ဆုံး ၄၅ မိနစ်ကျော်ကျော် ၁ နာရီနီးပါးရှိတော့မှ ရေတံခွန်နားကို ရောက်ပါတယ်။

ရေတံခွန်နား ၀န်းကျင်မှာတော့ စားသောက်ဆိုင်ခန်းတွေရယ် အနားယူတဲ့သူတွေရယ်နဲ့ အတော်လေး လူများနေပါပြီ။ ကျမတို့လည်း ရေတံခွန်က ကျလာတဲ့ ရေစီးသံနဲ့ သဘာဝ ရှုခင်းကို ခဏလောက် ခံစားပြီး နေ့လည်စာ စားဖို့ စားသောက်တန်းဘက်ဆီ လှမ်းလာခဲ့ပါတော့တယ်။ စားသောက်ပြီးလို့ အပြန်ကျတော့ အလာတုန်းကထက် ပိုမြန်သွားပါပြီ။ အလာတုန်းကတော့ တောင်တက်လမ်း ဆိုတော့ ခရီးက သိပ်မတွင်လှပါဘူး။ အပြန်ကျတော့ ၂ ယောက်သား ကလေးတွေနဲ့အပြိုင် ပြေးဆင်းလာလိုက်တာ တောင်အောက်ကို မိနစ် ၃၀ ကျော်ကျော်လောက်နဲ့ ပြန်ရောက်ပါတယ်။ တောင်ခြေရောက်မှ Mino က နာမည်ကြီးတဲ့ Momiji Tempura ကျော်ကို ၀ယ်စားရင်း ရထားဘူတာရုံဆီကို ပြန်လျှောက်လာလိုက်ပါတော့တယ်။

တကယ်လို့ ရေတံခွန်ရှိတဲ့ နေရာကနေ နောက်ထပ် ၃ ကီလိုမီတာ လောက်ဆက်လျှောက်ရင် ပန်းခြံတစ်ခုကို ရောက်မှာဖြစ်ပြီး မျောက်တွေကို တွေ့ရမယ်လို့ပြောပါတယ်။ ကျမတို့လည်း လမ်းဆက်မလျှောက်နိုင်တာနဲ့ ရေတံခွန်ကနေပဲ လှည့်ပြန်လာခဲ့တာပါ။ Mino ရဲ့ Momiji festival ကို အားလုံးလည်း ကြည့်လို့ရအောင် Virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။



နိုဝင်ဘာ ၂၅၊ ၂၀၀၇။

November 22, 2007

ှ့Shinno Festival

လွန်ခဲ့တဲ့ ၂ ရက်လောက် ကစပြီး ကျမတို့ Company ရှေ့လမ်းတလျှောက်မှာ မီးပုံးတွေ ချိတ်ဆွဲထားတာရယ်၊ နောက်ပြီး ရုံးတိုင်းရဲ့ Building အရှေ့တွေ မှာလည်း ၀ါးပင်မှာ ဆေးဘူးအခွံမျိုးစုံ အစီအရီ ချိတ်ဆွဲထားတာ တွေ့ရတော့ “Shinno Festival” နီးလာပြီ ဆိုတာ သတိရမိပါတယ်။

Osaka ရဲ့ “Shinno Festival” အကြောင်းကို Internet မှာရှာရင်း PDF file တစ်ခုမှာ ဖတ်လိုက်မိတာက..


Since the 17th century, Dosho-machi Street in Osaka has had the reputation of being the centre of pharmacy in Japan as it's where many of the countries leading pharmacy wholesalers and manufacturers are based. It's also where on November 22 and 23 each year, people from across the country come to mark the Shinno festival to celebrate Japan's gods of pharmacy.

Shinno was the Chinese King who is believed to have written the oldest Chinese herbal pharmacopoeia. His legend spread to Japan and to this day he is still worshipped as a god of pharmacy. Japan also has its own pharmacy god called Sukuna-hikona no Mikoto, but over the years the legends of Shinno and Sukuna-hikona no Mikoto have been merged and now both are worshipped as pharmacy gods at special shrine in Dosho-machi Street.

The symbol of the Shinno festival is branches of bamboo grass with a hanging paper tiger. It's another tradition stemming from the important role that pharmacy has played in Japan's history. Around 180 years ago, Japan was struck by a serious cholera epidemic. The pharmacy wholesalers and manufacturers on the Dosho-machi Street gathered to discuss the situation and to develop a potion to combat the disease. They developed a pill from the bones of a tiger and it was said to be so effective that it stopped the spread of the disease. During the festival people crowd around the shrine to the pharmacy gods, holding bamboo grass and paper tigers, believing that by doing so they will ward off evil.

Copy from: http://www.pjonline.com/students/tp2003/southeastasia.html


အပေါ်က စာပိုဒ်ကို ဖတ်ပြီးတော့မှ ဘာကြောင့် ၀ါးပင်မှာ
ဆေးဘူးတွေ ချိတ်ဆွဲထား ရသလဲဆိုတာကို ရော ဘုရားကျောင်းရဲ့ ရာဇ၀င်ရော နားလည်သွားပါတော့တယ်။ ကျမ လက်ရှိ အလုပ်လုပ်နေတဲ့ Company ကလည်း ဆေးဝါးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ Company ဆိုတော့ ရုံးကလည်း Dosho-machi လမ်းပေါ်မှာပါပဲ။ ဒါကြောင့် ပွဲတော်ရက် ရောက်တော့မယ်ဆိုရင် လမ်းတလျှောက် အပြင်အဆင် ကြည့်တာနဲ့ အလွယ်တကူ သိနေရပါပြီ။


ဒီနေ့က ၂၂ ရက်နေ့ဆိုတော့ ပွဲတော် စတဲ့နေ့ပါ။ ဒါကြောင့် နေ့လည် ထမင်းစားချိန်မှာ ပွဲဈေးတန်းဘက်လျှောက်ဖို့ သူငယ်ချင်းတွေနဲ့ လိုက်သွားဖြစ်ခဲ့ပါတယ်။ ရုံးကထွက်လိုက်တယ်ဆိုရင်ပဲ လမ်းတလျှောက်က ပွဲဈေးတန်းကို မြင်နေရပြီ။ ဘုရားကျောင်း (Sukunahikona Shrine) ကို လာတဲ့သူတွေရယ် အနီးနားဝန်းကျင်က နေ့လည်စာ ထွက်စားကြတဲ့ ရုံးဝန်ထမ်းတွေရယ်နဲ့ ပွဲဈေးတန်းက စည်ကားလို့နေပါတော့တယ်။ ဘုရားကျောင်းကို လာကြတဲ့ သူတွေရဲ့ လက်ထဲမှာ ပွဲတော် အထိမ်းအမှတ်ဖြစ်တဲ့ ၀ါးကိုင်း နဲ့ စက္ကူကျားရုပ်လေးတွေ ကိုင်ထားကြတာ တွေ့ရပါတယ်။ တချို့လူတွေက ၀ါးကိုင်းအခြောက်ကို ကိုင်လာကြပြီး၊ တချို့ကတော့ အစိုလေးတွေ ကိုင်ထားတာ မြင်လို့ ရုံးက သူငယ်ချင်းကို မေးကြည့်တော့မှ အဲဒီ ၂ ခု ကွာခြားချက်ကို သိရတာပါ။ ၀ါးကိုင်းအစိုကို ဘုရားကျောင်းကနေ အိမ်ကို ယူသွားရင် ဆေးနတ်ဘုရားတွေက တစ်နှစ်ပတ်လုံး စောင့်ရှောက်တယ်လို့ ဂျပန်လူမျိုးတွေ အယူရှိကြပါတယ်။ နောက်တစ်နှစ် ပွဲတော်ချိန်ရောက်ရင် အိမ်က ၀ါးကိုင်း အခြောက်ကို ဘုရားကျောင်းကို ပြန်ယူလာပြီး ၀ါးကိုင်းအစိုနဲ့ ပြန်လဲကြတယ်။ဲဒါကြောင့် ၀ါးကိုင်းအခြောက်တွေ ကိုင်တဲ့သူက ကိုင်လာပြီး တချို့က အစိုအကိုင်းလေးတွေ ကိုင်လာကြတာပါ။ ထူးခြားတာ တစ်ခုက တနှစ်ပတ်လုံး အိမ်မှာ ထားတဲ့ ၀ါးကိုင်းက ခြောက်ယုံတင် ခြောက်နေပြီး အရွက်တွေက ကြွေမကျသွားပါဘူး။ သူ့အခက်အတိုင်းလေးပဲ ပုံစံမပျက် ရှိနေပါတယ်။


ဘုရားကျောင်းထဲကိုတော့ ဘယ်သူမဆို အလကား ၀င်လို့ရပြီး ၀ါးကိုင်းနဲ့ စက္ကူကျားရုပ်တွဲ ထားတာကို တော့ ၀ယ်ရတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။ ကျမလည်း အထဲဝင်ကြည့်ချင်ပေမယ့် ရုံးက ထမင်းစားနားချိန်ခဏလေးမှာ ရောက်ဖြစ်တာက တစ်ကြောင်း၊ ဘုရားကျောင်းထဲကို ၀င်မဲ့ သူတွေက အများကြီး တန်းစီနေတာ ဆိုတော့ တန်းစီဖို့ အချိန်မရှိတာနဲ့ပဲ ပြန်လာခဲ့ရတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံ တစ်ခု ကို မြင်လိုက်ရတော့ ဂျပန်လူမျိုးတွေလည်း အယူအစွဲ ကြီးကြတာပဲလို့ ကောက်ချက်ချမိပါတယ်။


ညဘက် ရုံးဆင်းတော့ ဘုရားကျောင်း ရှေ့က ဖြတ်သွားရင်း ကျောင်းထဲကို ၀င်ကြည့်ချင်တာနဲ့ အထဲဝင်ကြည့်လိုက်တော့လည်း ထူးထူးခြားခြား မရှိလှပါဘူး။ ကျမတို့ရှေ့မှာ တန်းစီနေတဲ့သူတွေထဲက တချို့လည်း ဆုတောင်းပြီး ခေါင်းလောင်းထိုးကြတယ်။ တချို့ကျတော့လည်း ၀ါးခက်လေးတွေ ၀ယ်၊ သတင်းစာ နဲ့ ပတ်ပြီး အိမ်ကို ပြန်သယ်သွားကြတယ်။ ကျမ နဲ့ ကျမခင်ပွန်းလည်း အထဲရောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ရှေ့က လူတွေ လုပ်သလို လက်အုပ်ချီပြီး ခေါင်းလောင်းကြိုးပဲ ဆွဲလိုက်ပါတယ်။ ၀ါးကိုင်း ကတော့ ယန်း ၂၀၀၀ ဆိုတာနဲ့ မ၀ယ်ဖြစ်တော့ပါဘူး။ အလှူခံပုံးထဲကိုပဲ အလှူငွေ ထည့်ပြီး ဘုရားကျောင်းကနေ ပြန်ထွက်လာလိုက်ပါတော့တယ်။ ပိုပြီး ပြည့်စုံသွားအောင် ဓာတ်ပုံတွေနဲ့ ယှဉ်တွဲကြည့်ကြပါနော်။



မနေ့က ပွဲတော်မစခင် လမ်းတလျှောက် ပြင်ဆင်ထားတာကို ရိုက်ယူထားတာပါ။ အခု မြင်ရတဲ့ လမ်းမကြီးက ဆေး Company တွေ အများဆုံးရှိတဲ့ Dosho-machi Street ပါပဲ။


Building တွေရဲ့ ရှေ့မှာတော့ ပွဲတော်အထိမ်းအမှတ်အဖြစ် ပုံမှာ တွေ့ရသလိုမျိုး ၀ါးလုံးမှာ ဆေးဘူးတွေကို အစီအရီ ချိတ်ဆွဲပြီး ထောင်ထားကြပါတယ်။


ဘုရားကျောင်းရဲ့ ၀င်ပေါက်ပါ။ ညာဘက်က ၀င်ရပြီး ဘယ်ဘက်က ပြန်ထွက်ရပါတယ်။ (ဒါက နေ့လည် ၄ နာရီလောက်က ရုံးက ခဏခိုးထွက်ပြီး ဓာတ်ပုံ ရိုက်ယူထားတာပါ.. )


ဘုရားကျောင်းရှေ့မှာ ရှိတဲ့ ကျားရုပ်တု ပါ။


မနှစ်က ၀ါးကိုင်းနဲ့ ကျားရုပ်ကို လွှင့်ပစ်ထားတဲ့ နေရာပါ။ ၀ါးကိုင်းအသစ်ရောင်းတဲ့ နေရာက လူများလို့ ဓာတ်ပုံမရိုက်ခဲ့လိုက်ရပါဘူး။


ပုံမှာ ရေးထားတဲ့ အတိုင်း ၀ါးကိုင်းနဲ့ စက္ကူကျားရုပ်တစုံ ကို ယန်း ၂၀၀၀ ပေးရမယ်တဲ့။ အစက ဘယ်လောက်မှန်း မသိပေမယ့် အဲလောက် ဈေးကြီးမယ် မထင်မိဘူး။


ကျောင်းဆောင်ရှေ့မှာပါ။ ကျောင်းဆောင်ထဲမှာတော့ ဂျပန်ရိုးရာ ၀တ်စုံဝတ်ထားတဲ့ သူတွေ ထိုင်နေကြပါတယ်။ သူတို့ရှေ့မှာ ကျားရုပ်တုလည်း ရှိတယ်။


သူတို့က ၀တ်ပြု ဆုတောင်းပြီးသွားရင် ခေါင်းလောင်းကြိုးကို ဆွဲကြတယ်။

နိုဝင်ဘာ ၂၂၊ ၂၀၀၇။

November 18, 2007

မြန်မာ့ စာပို့စနစ်

“ဂျပန် စာပို့ စနစ်” ဆိုတဲ့ ပို့စ်ကိုရေးပြီး ကျမတို့ မြန်မာပြည်ရဲ့ စာပို့စနစ် ကိုရေးဖို့ အခွင့်ကြုံလာပါတယ်။ စိတ်ရင်းနဲ့ပြောရရင် ဒီပို့စ်ကို ကျမ ရေးချင်စိတ်မရှိပါဘူး။ ဘာလို့လည်းဆိုတာ ဒီပို့စ်လေး ဆုံးအောင် ဖတ်ပြီးရင် နားလည်ပါလိမ့်မယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့သူ တော်တော်များများဟာ လက်ရှိနေထိုင်ရတဲ့ နိုင်ငံရဲ့ အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေ ကြုံလာတိုင်းမှာ ကိုယ့်အမိနိုင်ငံနဲ့ ယှဉ်ပြီး သတိတရ တွေးမိ တတ်ကြပါတယ်။ ကောင်းတဲ့ စနစ်၊ ကောင်းတဲ့ အကျင့်လေးတွေ မြင်ရင် “ငါတို့ နိုင်ငံမှာလည်း အဲလိုဖြစ်ရင် ကောင်းမယ်” ဆိုပြီး စိတ်ကူးမိသလို၊ မကောင်းတဲ့ စနစ်၊ အကျင့်တွေ နဲ့ ကြုံလာရင်လည်း “ဟင်း.. ငါတို့ နိုင်ငံမှာဆိုရင် အဲလိုမဟုတ်ဘူး” ဆိုပြီး အမြဲတမ်း ယှဉ်တွဲ စဉ်းစားလေ့ရှိပါတယ်။ ဒါဟာလည်း ကျမအယူအဆ တစ်ခု သက်သက်ပါပဲ။ လူတိုင်းအတွက်တော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

၂၀၀၅ ခုနှစ်ကစပြီး ကျမ မြန်မာပြည်ရဲ့အပြင်ဘက်ကိုရောက်ခဲ့ရတယ်။ အိမ်ကို ကိုယ့်အတွက် အလုပ်ပိုမှာလည်း စိုးတယ်၊ ၀န်ပိမှာလည်း စိုးတဲ့အတွက် စာတိုက်ကနေ ဘာပစ္စည်း၊ ဘာစာမှ မပို့ခိုင်းခဲ့ပါဘူး။ ကျမနဲ့အတူနေ သူငယ်ချင်းတွေဆီကို သူတို့အိမ်က စားစရာ ပစ္စည်းဖြစ်ဖြစ်၊ စာဖြစ်ဖြစ် ရောက်လာတိုင်း ကျမ ၀မ်းနည်းခဲ့ရပါတယ်။ သူငယ်ချင်းတွေလိုမျိုး ကိုယ့်အိမ်က စာများရောက်လာမလား၊ အစားအစာများ ရောက်လာမလားဆိုပြီး မသိစိတ်က မျှော်လင့်မိတတ်ပေမယ့် တကယ်တမ်းမှာတော့ ကျမရဲ့ မိသားစုကို တစ်ခါမှ ပစ္စည်းပို့ပေးပါလို့ မမှာခဲ့ဖူးပါဘူး။ နေရမှာလည်း တစ်နှစ်တည်းမို့ စားချင်တာရှိရင်လည်း တိုကျိုကိုပဲ လှမ်းမှာပြီး အိမ်ကိုတော့ ဒုက္ခ မပိုစေခဲ့ပါဘူး။

အခု တစ်ခေါက် ဂျပန်ကို ပြန်ရောက်လာတော့ ကျမရဲ့ ယောင်းမနဲ့ မတ်က “အမ ဘာလိုချင်လဲ၊ ဘာပို့ပေးရမလဲ”လို့ စာရေးတိုင်း၊ ဖုန်းဆက်တိုင်းပြောလာတာနဲ့ မတ်တော်မောင်ကို ဖတ်စရာ စာအုပ်ပို့ပေးပါဆိုပြီး ကျမခင်ပွန်းကတဆင့် ပြောခိုင်းလိုက်တာ၊ သိပ်မကြာပါဘူး မဂ္ဂဇင်း နဲ့ စာအုပ် စုစုပေါင်း ၃ ထုပ် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါလေရော.. စိတ်ထဲမှာလည်း တွေးမိတာပေါ့.. “ကောင်းလိုက်တဲ့ စာပို့စနစ်။ မြန်မာပြည်လည်း မဆိုးပါဘူး။ တို့နိုင်ငံက စာတိုက်ကြီးလည်း လုပ်ပေးရှာသား။ ပိုက်ဆံပေးရတာတော့ ပေးရတာပေါ့။ ဒီလိုလေးတွေ မကြာခဏ ရောက်လာတာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ရပါတယ်..” လို့ စိတ်က ချီးကျူးမိပါသေးတယ်။ ပိုက်ဆံပေးရပေမယ့် မြန်မာပြည်က ပို့လိုက်တဲ့ ပစ္စည်းလေးတွေ မြင်ရတော့ ပျော်လည်းပျော်တယ်။ မြန်မာစာအုပ်၊ မဂ္ဂဇင်းတွေ မြင်ရတော့ မြန်မာပြည် ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရတာ မငြင်းပါဘူး။ အဲဒီ စာအုပ်ထုပ်တွေက ကျမကို ပျော်ရွှင်မှုတွေ ဖြစ်စေတာ ၂ ရက် ၃ ရက်လောက်အထိအောင်ပါပဲ။ စာအုပ်တွေ မဂ္ဂဇင်းတွေ တကိုင်ကိုင်နဲ့ မျောက်အုန်းသီး ရသလို လက်က ကို မချချင်တော့ဘူး။ ဒီကြားထဲ ယောင်းမကလည်း သူနိုင်သလောက် စားစရာ အထုပ်လေးတွေ၊ ဂျာနယ်ထုပ်တွေကို မကြာမကြာ ပို့ပေးတတ်တော့ ကျမလည်း ကျမရဲ့ မိဘ ၂ ပါးနဲ့ မောင်လေးကို ဒီအကြောင်းတွေ ပြောပြမိရင်းက ဇာတ်လမ်းစလာတော့တာပါပဲ..

ယောင်းမနဲ့ မတ်တော်မောင်ကို နမူနာထားပြီး ကျမ မောင်လေးကို စကားနာထိုးမိတာပေါ့။ “ညီညီ.. သူစိမ်းက ငါ့ကို ပစ္စည်းတွေ စားစရာတွေ ပို့ပေးတယ်၊ နင်ကတော့ ငါ့ဆီက မုန့်ဖိုးပဲ တောင်းနေတော့တာပဲ”လို့ ပြောမိတော့ မောင်လေးက “နင်ဘာလိုချင်လဲ၊ ငါပို့ပေးမယ်လေ.. နင်လိုချင်တဲ့ ပစ္စည်းစာရင်းတွေသာ ငါ့ဆီလှမ်းပို့လိုက်လို့” ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ရန်ကုန် စာတိုက်ကြီးရဲ့ ပစ္စည်းပို့ခ ဈေးနှုန်းကို အရင် စုံစမ်း တော့တာပေါ့။ ၁ ကီလိုဆိုရင် ၂၆ ဒေါ်လာ၊ ၂ ကီလိုဆိုရင် ၃၇ ဒေါ်လာ၊ ၃ ကီလိုဆိုရင် ၄၆ ဒေါ်လာ.... ၁၀ ကီလိုအထိ အများဆုံးပို့လို့ရပြီး ၁၀ ကီလိုဆိုရင် ဒေါ်လာ ၁၂၀ ကြပါတယ်လို့ပြောပါတယ်။ ( ဒေါ်လာဈေးက အတိအကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်.. ဈေးကတော့ အဲဒီဝန်းကျင်ပါပဲ.. မှားရင်လည်း ခွင့်လွှတ်ပါ.. ) ပစ္စည်းပို့ခ ဈေးနှုန်းကို ကြည့်ရတာ များများပို့ရင်တန်တဲ့သဘောရှိတယ်။ ကျမလည်း ရန်ကုန်ကို ပိုက်ဆံလွှဲတော့ ငွေပိုလွှဲရင်း မှာချင်တဲ့ ပစ္စည်းစာရင်းတွေပါ တခါတည်း ထည့်ပေးလိုက်တာပေါ့။

မှာလိုက်တဲ့ ပစ္စည်းတွေကလည်း များ၊ အိမ်ကလည်း စေတနာတွေပိုပြီး ထည့်ပေးလိုက်တာ တကယ်တမ်း စာတိုက်မှာ ချိန်ကြည့်တော့ ၉ ကီလို နီးပါးရှိတာနဲ့ ၁၁၁ ဒေါ်လာ ပေးလိုက်ရတဲ့အပြင် စာတိုက်ကြီးက ၀န်ထမ်းကိုလည်း မြန်မာငွေ ၆၀၀၀ ကျော်လောက် ရှင်းလိုက်ရတယ်လို့ မောင်လေးက ဖုန်းဆက်တော့ ပြောလာပါတယ်။ ကျမလည်း ဒေါ်လာ ၁၁၁ ဆိုတော့ မျက်လုံး ပြူးသွားပေမယ့် “အို.. ဘယ်တတ်နိုင်ပါ့မလဲ၊ အိုဆာကာကနေ တိုကျိုမှာရင်လည်း အဲလောက်ပေးရမှာပဲ၊ ဒီမှာဆိုရင် ပစ္စည်းတွေက သေချာရွေးတတ်မှ ရမှာ၊ နို့မို့ဆိုရင် ဒိတ်အောက်တာတွေ ပါလာရင်ဒုက္ခ”လို့ ကိုယ့်ကိုယ် ကိုယ်ဖြည့်တွေးရင်း အိမ်က ရောက်လာမဲ့ ပစ္စည်းတွေကို မျှော်တာပေါ့။ မျှော်ယုံတင် မျှော်ရင်တော့ အကြောင်းမဟုတ်ပါဘူး။ ကျမကိုယ်တိုင်က ရန်ကုန်က ပို့လိုက်တဲ့ ပစ္စည်းတွေ ရောက်လာရင် အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ဆို တအားများနေမယ်ဆိုပြီး လက်ထဲရှိတဲ့ ဇီးထုပ်တွေ၊ စားစရာ လက်ကျန်တွေကို အပြတ်ရှင်းထားလိုက်တာပေါ့.. ဘယ်ရမလဲ.. ပစ္စည်းတွေက နောက်တစ်ပတ် ထပ်ရောက်လာတော့မှာလေ.. ဟုတ်ဘူးလား။

ပစ္စည်းတွေ ရောက်တာတော့ စာပို့သမားက ထုံးစံအတိုင်း ည ၇ နာရီခွဲလောက်မှာ စက္ကူပုံးကြီးကိုင်ပြီး ၀င်လာပါတယ်။ ကျမ မျက်စိထဲမှာဖြင့် သူသယ်လာတာ စက္ကူပုံးလို့ မမြင်ဘူး။ ရွှေအိုးသယ်လာတယ်လို့ ပဲ မြင်တယ်။ ကျမကို ပိုတယ်လို့ပဲ ဆိုကြပါတော့။ ဟုတ်တယ်လေ.. ကျမ စားချင်တာတွေ မှာထားတာတွေ၊ အမေရဲ့ သားသမီး အပေါ်မှာရှိတဲ့ စေတနာ၊ မေတ္တာတွေဟာ အဲဒီပုံး ထဲမှာရှိနေတာကိုး။ ဒီမှာပိုက်ဆံရှိရင်တောင် ၀ယ်လို့မရနိုင်တဲ့ အရာတွေပေါ့။ ကျမအတွက်တော့ “ရွှေ” ထက်ကို အဖိုးတန်တယ်။ အမေ ကိုယ်တိုင်ကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်၊ ပုဇွန်ခြောက်ကြော်၊ ကျမ ကြိုက်တတ်မှန်းသိလို့ ၀ယ်ထည့်ပေးလိုက်တဲ့ အချဉ်ထုပ် မျိုးစုံ၊ လက်ဖက်၊ ဆေးပေါင်ဒါ.... ဒါတွေကို ကျမအခု ရတော့မယ်။ ဘယ်လိုစားပစ်လိုက်မယ်၊ ဘာလုပ်ပစ်လိုက်မယ်ဆိုပြီး စိတ်ကူးလည်း ယဉ်လိုက်ရသေးတယ်။

စက္ကူပုံးကြီးကို မပြီး ကျမ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေတာကို အမျိုးသားက “ကဲ.. ကဲ.. ပစ္စည်းရလာပြီ။ မင်းလိုချင်တာတွေ ပါလာပြီးလားဆိုတာ ကြည့်ပေတော့” ဆိုပြီး စက္ကူပုံးကို ဖွင့်ဖောက်ပေးပါတယ်။ ကျမလည်း ပစ္စည်းတွေ တခုချင်း ထုတ်ကြည့်ရင်းက “အမေက ကျမ မမှာတာတွေရော ထည့်ပေးလိုက်တာကိုး။ ဟင်.. ကျမ မှာထားတဲ့ ချဉ်ပေါင်ကြော်လည်း မပါပါလား၊ အို... ဇီးထုပ်တွေလည်း မပါဘူးတော့.. အင်း.. အမေ ပစ္စည်းတွေ များလို့ မထည့်ပေးလိုက်နိုင်ဘူးနဲ့တူတယ်။ ငါးခြောက်တွေ ပုဇွန်ခြောက်တွေကတော့ အများကြီးပဲ။ ပရုပ်လုံး အထုပ်လေးတောင် ပါလိုက်သေး။ အမေကတော့ အဲလိုကို သေချာတာ။ ဒီမှာကြည့်တွေ့လား.. ”ဆိုပြီး ခင်ပွန်းဖြစ်သူကိုလည်း လှမ်းကြွားရင်းပေါ့လေ.. ။

ကျမက Allergic ရှိတော့ အေးလာရင် အသားက ယားတတ်တဲ့အပြင် ကျောကုန်းမှာ အဖုသေးသေးလေးတွေရှိလို့ လူးရအောင် အမေက တရုတ်ဆေးနီမှုန့်လေးတွေ ထည့်ပေးလိုက်တယ်ပြောတယ်။ ဆေးနီမှုန့်ရှာအုံးမှပဲဆိုပြီး စက္ကူပုံးကို တစ်ခါပြန်ဖွင့် ပစ္စည်းတွေကို နောက်တစ်ခါပြန်ကြည့်တော့ “ဆေးနီမှုန့်လည်း မပါပါလား” ဆိုပြီး သတိထားမိပေမယ့် “တော်ပြီ။ ညဥ့်နက်နေပြီ။ နောက်နေ့မှ အိမ်ကို ဖုန်းဆက်ပြီး မေးကြည့်အုံးမယ်။ ပစ္စည်းတွေလည်း သေချာပြန်စစ်ကြည့်ရမယ်”လို့ တွေးပြီး အဲဒီညက ကျမ ပျော်ရွှင်စွာပဲ အိပ်ပျော်သွားခဲ့တယ်။

နောက်နေ့ မနက် အိမ်ကို ဖုန်းဆက်မေးတော့ အိမ်ကလည်း “ဆေးနီမှုန့် သေချာထည့်ပေးလိုက်တယ်။ ကိုယ့်ဟာကိုယ် သေချာ ပြန်ရှာကြည့်”လို့ ပြောတာနဲ့ ရုံးကပြန်ရောက်တော့မှ စက္ကူပုံးမှာ ကပ်ထားတဲ့ပစ္စည်းစာရင်းနဲ့ ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို တစ်ခုချင်းဆီ ပြန်တိုက်ကြည့်မိတော့မှ မနေ့က ပျော်ထားတဲ့ အပျော်တွေ အကုန်ပျောက်ကုန်ပြီး လူတစ်ကိုယ်လုံး ဒေါသထွက်လွန်းလို့ တုန်နေတာပဲ။ ဖြစ်ချင်တော့ အဲဒီရက်အတွင်းက ဂျပန်ကနေ ရန်ကုန်ကို ဖုန်းခေါ်တာလည်း ဘယ်လိုမှ ဖုန်းခေါ်မရဘူး။ ကြံရာမရတဲ့အဆုံး စင်ကာပူက အကိုဆီ ဖုန်းဆက်ပြီး “အိမ်ကို ပြောပေးပါ ပစ္စည်းတွေက ထည့်ပေးလိုက်တဲ့ စာရင်းနဲ့ မကိုက်ဘူး၊ ဘာတွေ ထည့်ပေးလိုက်လဲ” ဆိုပြီး ရန်ကုန်ကို တဆင့် ပြောခိုင်းရတယ်။

အိမ်ကလည်း “နင်လိုချင်တာတွေ အကုန်ထည့်ပေးလိုက်တယ်”လို့ပဲ သိရတယ်။ ကျမလည်း မရတဲ့ ပစ္စည်းတွေကို ပြန်တွက်ကြည့်လိုက်တော့ မပါတဲ့ပစ္စည်းက သိပ်မများလှပါဘူး ၊ လက်ဖက် ၄ ထုပ်ထည့်ပေးလိုက်ရင် ကျမဆီမှာ ၁ ထုပ်ပဲပါတယ်၊ ဆတ်သားခြောက် ၂ ထုပ်ဆိုရင် ၁ ထုပ်ပဲ ပါလာတယ်၊ နှစ်ပြန်ကြော်တဲ့.. စာရင်းထဲပဲရှိတယ် ပစ္စည်းက လေထဲပျောက်သွားတယ်ထင်တယ် ပါမလာဘူး၊ ငါးပိထောင်းတဲ့ ဘယ်လိုပုံစံရှိမှန်းတောင် မသိရဘူး။ ချဉ်ပေါင်ကြော် ၂ ဗူးဟာ တစ်ဗူးမှ မပါ လာပါဘူး။ ဇီးထုပ် ၁၀ ထုပ်ကလည်း တစ်ထုပ်မှ မပါလာဘူး (ကျမ ချောင်းဆိုးမှာစိုးလို့ စာတိုက်ဝန်ထမ်းတွေက အဲလောက် စေတနာ ထားတာ အခုမှ သိရတယ်။) အဆိုးဆုံးက ဆေးပေါင်ဒါပါပဲ။ ကျမ အတွက် အရေးအကြီးဆုံးပစ္စည်းကိုမှ သူတို့ သဘောနဲ့ သူတို့ ချန်ထားခဲ့တာ စိတ်အဆိုးဆုံးပါပဲ။ ၂ ရက်လောက် ကျမ ဒေါသတွေ နဲ့ ပူလောင်ရင်း “သူတို့ မဆန့်လို့ ၂ ထုပ်ခွဲပို့တာ ဖြစ်နိုင်တယ်၊ ပိုက်ဆံလည်း ပေးထားတာပဲ သူတို့ မလုပ်လောက်ပါဘူး။ နောက်ပစ္စည်းတစ်ထုပ်များ ထပ်ရောက်လာမလား” ဆိုပြီး စာတိုက်ပုံးကို အရင်ကထက် ပိုချောင်းဖြစ်ပေမယ့် တစ်ပတ်ကျော်လာတဲ့အထိ ရောက်မလာတော့တဲ့အဆုံး ကျမ စိတ်ကို ဒုံးဒုံးချရင်း ပစ္စည်းက နှစ်ထုပ်ခွဲပို့တာ မဖြစ်နိုင်ဘူးဆိုပြီး အမှန်ကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတယ်။

ဖုန်းလိုင်းပြန်ကောင်းလို့ မောင်လေးကို မေးကြည့်တော့ သူ့ရှေ့မှာပဲ စက္ကူပုံးထဲ ပစ္စည်းတွေ ထည့်ချိန်ပြီး ပုံးကို ပိတ်ပြီးမှ ပစ္စည်းပို့ခ ပိုက်ဆံ ၁၁၁ ဒေါ်လာ ရယ် ပုံးရယ်ကို မပြီး စာတိုက် ၀န်ထမ်းက အထဲယူသွားတာတဲ့။ အထဲရောက်မှ ကိုယ်ရွှေဝန်ထမ်းက သူ့ဘာသာသူ လိုတိုးပိုလျော့လုပ်ရင်း သူလိုမယ်ထင်တာ သူ့စိတ်ကူးနဲ့သူထည့်ပြီး သူ မလိုဘူးလို့ ထင်ထားတာတွေကို ဖယ်ထုတ်ပစ်လိုက်တာ သူမလိုဘူးထင်တဲ့အရာတွေက ကျမ အသုံးလိုနေတာတွေပါပဲ။ ကျမဆီရောက်လာတဲ့ စက္ကူပုံးဟာ ဘယ်လိုမှ ၉ ကီလို အပြည့်ရှိမနေတော့ပါဘူး။ ဒါကြောင့် စာတိုက်ဝန်ထမ်းဟာလည်း ပစ္စည်းပို့ခ ပိုက်ဆံရှင်းရင် ၉ ကီလိုဖိုး ရှင်းစရာမလိုတဲ့အတွက် ဒေါ်လာ ၂၀ ကျော် ၃၀ လောက်တော့ ရသွားမှာပါ။ သူတို့ ဘာကြောင့် ဒီလိုမျိုး လုပ်ရတာလဲ.. အဖြေက ရှင်းရှင်းလေးပဲ.. “သူတို့ ပိုက်ဆံလိုချင်လို့ပေါ့.. သူတို့ မိသားစု စားဝတ်နေရေး မပြေလည်ကြလို့ပေါ့..သူတို့ လစာနဲ့သူတို့ မလုံလောက်လို့ပေါ့...”ဆိုတဲ့ အတွေးတွေ ကျမခေါင်းထဲကို တန်းစီပြီး ၀င်ရောက်လာပါတယ်။

အဲဒီနောက်တော့ ကျမလည်း အလှူပေးတယ်လို့ သဘောထားလိုက်ပြီး ဘယ်လိုမှ ပြန်မရတော့မဲ့ ပစ္စည်းတွေအပေါ် စိတ်ကိုဖြတ်ချလိုက်ရင်း.. သူတို့အတွက် စေတနာနဲ့ လှူလိုက်တယ်လို့ သဘောထားလိုက်ရပါတယ်။ အဲဒါဆိုရင် ၀န်ထမ်းလည်း အကုသိုလ်မဖြစ်တော့သလို ကျမလည်း ကုသိုလ်ရတာပေါ့။ ကျမတို့အတွက် ဒီလောက်ပိုက်ဆံက ဘာမှ မဟုတ်ပေမယ့် တကယ် လိုအပ်တဲ့ သူ့ ဆီ အဲဒီပိုက်ဆံရောက်သွားပြီး အသုံးကျရင် ၀မ်းသာရမှာပါ။ စာတိုက်ဝန်ထမ်းဟာ သူ့နာမည်၊ သူ့လိပ်စာ၊ သူ့မှတ်ပုံတင် အမှန်နဲ့ တောင် အခုလို အဖြစ်မျိုးကို ကျူးလွန်ရဲတာတော့ သတ္တိကောင်းတယ်လို့ပဲ ပြောပါရစေတော့။ ငယ်ငယ်တုန်းက ရွတ်နေသလို “မိုး.. မိုး ဘာလို့ရွာ၊ ဖားအော်လို့ရွာ...”ဆိုပြီး အပြစ်ပုံချရရင်မယ်ဆိုရင် ပထမဆုံး အပြစ်ရှိသူက ကျမပါပဲ။ ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား.. ဒါတွေကတော့ အထူးပြောပြနေဖို့ မလိုတော့ပါဘူးနော်။ “ဘယ်သူမပြု မိမိမှု” လို့လည်း ဆိုစကားရှိတယ်မဟုတ်လား။

အခုဆိုရင် ဇီးထုပ်လေး စားချင်လိုက်တာလို့ ရေရွတ်မိရင်တော့ ကျမ အမျိုးသားရဲ့ မျက်စောင်းက “မင်းဘာသာမင်း လက်ကျန် ဇီးထုပ်တွေ အကုန်စားပစ်လိုက်ပြီးတော့ ခုကျမှ ရေရွတ်မနေနဲ့။ ဘာမှ မတတ်နိုင်ဘူး”လို့ ရည်ရွယ်ပြီး ပြောနေသလိုပါပဲ။ တတ်နိုင်ဘူးလေ.. တကယ်လည်း စားချင်တာကိုး။ အမေကတော့ ကျမ စားချင်တာတွေ မစားရလို့ “ကြည့်နေ.. ထပ်ယူချင် ယူကြအုံး.. ငါကတော့ ထပ်ပို့ပေးအုံးမယ်”လို့ ကြိမ်းဝါးနေတုန်းပါပဲ။ တစ်ခါ မဟုတ် တစ်ခါတော့ ကျမ လိုချင်တဲ့ ပစ္စည်းတွေ ပါလာမှာပါလို့ တွေးရင်း “
မြန်မာပြည် ပြင်ပကို ရောက်နေတဲ့သူများ ကျမလို အဖြစ်မျိုးမှ အမြန်ဆုံး ကင်းဝေနိုင်ပါစေ.....” လို့ ဆုတောင်းလိုက်ရပါတယ်။

နိုဝင်ဘာ ၁၉၊ ၂၀၀၇။

November 15, 2007

Sukiyaki

မနေ့က ဂျပန်စာ သင်တန်းရှိပေမယ့် စာမသင်ဖြစ်ပဲ ဆရာမတွေနဲ့အတူ Sukiyaki Party လုပ်ဖြစ်ပါတယ်။ ကျမအတွက် Sukiyaki ကို ပထမဆုံးအကြိမ် စားဖူးတာပါပဲ။ ဂျပန်တွေက Sukiyaki ကို အိမ်မှာပဲ ကိုယ်တိုင် ချက်စားလေ့ရှိပြီး တိုကျိုက ချက်တဲ့ပုံစံနဲ့ အိုဆာကားက ချက်တဲ့ပုံစံ မတူဘူးလို့ ဆရာတွေက ပြောပြပါတယ်။ ချက်နည်းမတူပေမယ့်လည်း အရသာက သိပ်မကွာလှပါဘူး။



အဓိက ပါဝင်တဲ့ ပစ္စည်းတွေက အမဲသားရယ်၊ ဟင်းရွက်၊ ဂျပန် ပဲငံပြာရည်၊ သကြားနည်းနည်း နဲ့ ဟင်းချက်အရက်လိုမျိုးပါ။ Sukiyaki ချက်ဖို့အတွက် မရှိမဖြစ်လိုအပ်တာက စားပွဲတင် ဂက်စ်မီးဖိုနဲ့ Sukiyaki အိုးပါပဲ။ ဟင်းရွက်နဲ့ တခြားလိုအပ်တဲ့ပစ္စည်း အမည်တွေကို စာအုပ်ထဲ မှတ်ထားတာ မှန်သမျှ အကုန်ချ ရေးလိုက်တော့....

- အမဲသား
- မုန်ညှင်းထုပ် (Hakusai)
-ကြက်သွန်နီမိတ် (ဒီမှာ -ကြက်သွန်မိတ်တွေက တော်တော်ကြီးတယ်။)
-Tofu (သူတို့ကတော့ yaki - tofu လို့ခေါ်ကြတယ်။ ရိုးရိုး tofu က ပျော့ဖတ်နေပေမယ့် yaki tofu က နည်းနည်းမာတော့ မြန်မာပြည်က ပဲပြားနဲ့ဆင်တူတယ်)
-Kikuna (ကိကုန) လို့ခေါ်တဲ့ ဟင်းရွက် (ဒီအတိုင်း နမ်းကြည့်ရင် ဆေးရွက်လိုလို စိမ်းရွှေရွှေနဲ့ ဟင်းထဲ ထည့်စားတော့လည်း စားလို့ကောင်းပါတယ်)
-ပဲကြာဇံလို ဂျပန်ခေါက်ဆွဲ (ဂျပန်လိုတော့ shirataki ရှိရတကိ လို့ခေါ်ကြတယ်။ ဂျယ်လီလိုပဲ။ ခေါက်ဆွဲမျှင်တွေကို စုပြီး အထုံးလေးဖြစ်အောင် ထုံးထားတယ်)
-မှို (ဂျပန်အခေါ်က maitake မအိတခဲ)
-ကြက်ဥ
-ပဲငံပြာရည်
-ဟင်းချက်အရက် (mirin) က သကြားရယ် ဂျပန်အရက်ရယ်ကို ရောထားတာပါ။
-သကြားနည်းနည်း
-Udon (အုဒွန်း) ခေါက်ဆွဲ ကတော့ နောက်ဆုံးမှ စားတာပါ။



ဟင်းရွက်နဲ့ မှို ကို ရေဆေး၊ သင့်သလို လှီးဖြတ်ပြီး ဗန်းထဲထည့်ထားလိုက်ပါတယ်။ ပြီးတော့ ပဲပြားကိုလည်းအတုံးလေးတွေ တုံး ထားလိုက်တာပေါ့။ ရှိရတကိ ခေါက်ဆွဲအထုံးတွေကိုလည်း ဘူးထဲက ဖောက်ပြီး ဘေးမှာ စီထားလိုက်ပါတယ်။ ကျမကပါ ဆရာမနဲ့အတူ ၀ိုင်းကူလုပ်ပေးတော့ သူတို့ လုပ်သမျှကို လိုက်ကြည့်ထားရင်း မှတ်စရာ ရှိရင် စာအုပ်ထဲမှတ်လိုက်၊ မသိတာရှိရင် စပ်စုလိုက်၊ ဆရာမခိုင်းတာလေး လုပ်ပေးလိုက်နဲ့ နောက်ဆုံး အားလုံးပြင်ဆင်ပြီး စားပွဲပေါ်မှာ စုတင်ထားလိုက်တော့ ဒီလိုလေးရလာတာပါပဲ။ ချက်စားဖို့ အသင့်ဖြစ်ပါပြီ။


ပထမဆုံး ဒယ်အိုးထဲကို အမဲသားရယ် သကြားနည်းနည်း ထည့်ပြီး မွှေပါတယ်။



ခဏလေး ကြာတော့မှ ပဲငံပြာရည်နဲ့ ဟင်းချက် အရက် ကို အပေါ်က ထပ်ဆမ်းပြီး မွှေပေးရပါတယ်။



အမဲသားကျက်လောက်ပြီဆိုတော့မှ ဟင်းရွက်ရယ် ပဲပြားရယ် မှိုရယ် ခေါက်ဆွဲထုံးတွေ ကို သင့်သလိုထည့်ပြီး တူနဲ့ မွှေပေးရင်း တအောင့်လောက် နေရင် စားလို့ရပါပြီ။


မစားခင် ပန်းကန်လုံးထဲကို ကြက်ဥ အစိမ်း ဖောက်ထည့်ပြီး မွှေထားပြီးမှ ကြက်ဥနှစ်အရည်နဲ့ စားရတာပါ။ ကျမက ကြက်ဥအစိမ်း မစားဖူးတော့ ညှီမယ်ထင်တာ။ တကယ်တမ်းစားကြည့်တော့ ညှီနံ့ မရှိပဲ စားလို့ကောင်းပါတယ်။


နောက်ဆုံးမှ အစာပိတ်အနေနဲ့ အုဒွန်းခေါက်ဆွဲထည့်ပြီး စားပါတယ်။ ကျမကတော့ ဗိုက်ပြည့်သွားလို့ နည်းနည်းလေး မြည်းကြည့်ယုံလောက်ပဲ စားနိုင်ပါတော့တယ်။ စားသောက်ပြီးစီးလို့ ဆရာ၊ ဆရာမတွေ ပြန်တော့ ည ၁၁ နာရီလောက် ရှိပါပြီ။ Sukiyaki ကိုတော့ ကျမလည်း အခုမှ စားဖူးပေမယ့် စားရတာ သဘောကျပါတယ်။ ဒါကြောင့် နောက်လည်း ချက်စားဖြစ်မယ် ထင်ပါရဲ့.....

နိုဝင်ဘာ ၁၅၊ ၂၀၀၇။

November 6, 2007

ဂျပန် စာပို့ စနစ်



ကျမ ရုံးက ပြန်လာတိုင်း အမြဲတမ်း မပျက်မကွက် လုပ်ရတဲ့ အလုပ်က အိမ်အ၀င် စာတိုက်ပုံးကို ချောင်းကြည့်တတ်တာပါ။ ဘယ်သူများ စာပို့မလဲ။ ဘာအကြောင်းကြားစာများ လာမလဲ ဆိုပြီး အိမ်ထဲမ၀င်ခင် စာတိုက်ပုံးကို အရင်ဖွင့်ပြီး စစ်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်လိုချင်တာ ရှိရင်တော့ အိမ်ထဲ ယူလာခဲ့လိုက်တာပေါ့။ မလိုချင်ရင်တော့ အနီးအနားမှာ ရှိတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်တာပါပဲ။ များသောအားဖြင့် က ကြော်ငြာ စာရွက်တွေ များပါတယ်။ စိတ်ကူးထဲ မျှော်တတ်တာက ကိုယ့်ကို မြန်မာပြည်က ဘယ်သူများ စာပို့မလဲဆိုပြီး သူငယ်ချင်းနဲ့ မိသားစုဝင်တွေဆီက စာကို မျှော်တာပါပဲ။ မျှေုာ်သာ မျှော်ပေမယ့် ဘယ်တော့မှ အဲလိုစာမျိုး ကျမဆီကို ရောက်လာလေ့မရှိပါဘူး။ သူတို့ဆီက စာမလာဘူးဆိုတာလည်း သေချာပေါက်ကို သိနေတယ်လေ။ ကိုယ်ကမှ သူငယ်ချင်းတွေဆီ စာမှ မထည့်တာ။ သူတို့ကရော ကိုယ့်ဆီ စာမရေးတာ အဆန်းတော့ မဟုတ်ပါဘူး။ မိသားစုဝင်တွေဆီက စာလာရအောင်ကလည်း ရန်ကုန် ကို ဖုန်းအမြဲဆက်နေတာ အလွန်ဆုံးခြား ၂ ရက်ပါပဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကတော့ စာတိုက်ပုံး ဖွင့်လိုက်တာ ပို့စ်ကဒ်လေး တစ်ခုကို တွေ့လိုက်ပါတယ်။ စိတ်ထဲကလည်း “ဟာ သွားပြီ” ဆိုပြီး ဖြစ်လိုက်မိတယ်။ အဲဒီ ပို့စ်ကဒ်က အိမ်ကို စာပို့သမားဖြစ်ဖြစ်၊ ပါဆယ်ထုပ်ပဲဖြစ်ဖြစ်၊ Register လုပ်ထားတဲ့ စာပဲဖြစ်ဖြစ်၊ ၀ယ်ထားတဲ့ ပစ္စည်းတွေ လာပို့လို့ ပဲဖြစ်ဖြစ် အိမ်မှာ လူမရှိရင် ပစ္စည်း လာပို့တဲ့သူက ထားသွားတဲ့ Undeliverable Item Notice ဆိုတဲ့ ပို့စ်ကဒ်လေးပါ။

ဂျပန်ရဲ့ စာပို့စနစ်ကို ကျမ သေချာ မသိပါဘူး။ သတိထားမိ သလောက်ကတော့ စာ ရယ် ပစ္စည်းတွေ ရယ် ကို Public Holidays နဲ့ တနင်္ဂနွေ နေ့က လွဲရင် ကျန်နေ့တွေမှာပို့ပေးပါတယ်။ ဒီကို စရောက်ကတည်းက အမြဲတမ်း လာလေ့ရှိတာက အဲဒီ ပို့စ်ကဒ် ပါပဲ။ စာပို့သမား ပစ္စည်းလာပို့ရင် ကျမတို့ အိမ်မှာ မရှိကြပါဘူး။ ရုံးဖွင့်ရက်ဆိုရင်လည်း ရုံးမှာမို့လို့။ ပိတ်ရက်ဆိုရင်လည်း အိမ်မှာ မရှိတာမို့လို့ ဘယ်တော့မဆို စာပို့သမား လာရင် ၁ ခေါက်တည်းနဲ့ လက်ခံ ယူထားလိုက်ရတာမျိုး တစ်ခါမှကို မရှိသေးပါဘူး။ အဲဒီတော့ စာတိုက်ပုံးမှာ စာပို့သမား ထားခဲ့တဲ့ ပို့စ်ကဒ်လေးယူပြီး ရုံးက သူငယ်ချင်းဆီမှာ အကူအညီ တောင်းရပါတယ်။ သူငယ်ချင်းက နောက်တစ်ခါ ပြန်လာပို့ပေးဖို့ စာတိုက် ကို ဖုန်းဆက်ပြီး ပြောပေးပါတယ်။ ကိုယ်က အိမ်မှာရှိမယ့် အချိန်ကို ပြောလိုက်ပြီး ချိန်းထားတဲ့ အချိန်မှာ အိမ်ကနေ စောင့်နေယုံပါပဲ။ ကျမတို့ကတော့ ရုံးဆင်းပြီး ချိန်ဖြစ်တဲ့ ည ၇ နာရီ ကနေ ၉ နာရီ အချိန်ကို ပဲ အမြဲတမ်း ယူဖြစ်ပါတယ်။


အခု ကူညီနေကျ သူငယ်ချင်း အကိုကြီးက အလုပ်ကိစ္စနဲ့ တရုတ်ပြည်ကို ရောက်နေတော့ ကျမတို့လည်း အဲဒီ ကဒ်လေးကို ရုံးသာ ယူသွားရတယ် ဘယ်သူ့ကို ပြောပြီး အကူအညီ တောင်းရမလဲဆိုတာ မသိဘူးဖြစ်နေတာ။ နောက်ဆုံး သူငယ်ချင်း ဂျပန်မလေးက ပို့စ်ကဒ်ထဲမှာ ဂျပန်လို ရေးထားတာတွေကို ဖတ်ပြပေးရင်း အင်တာနက်ကနေ Redelivery အတွက် Register လုပ်ရင်လည်း ရတယ် ပြောပါတယ်။ အင်တာနက်ကနေ လုပ်တာဆိုတော့ တခုခု လွဲမှား ခဲ့ရင်ဖြစ်ဖြစ် ပစ္စည်း ရောက်မလာရင်ဖြစ်ဖြစ် Register လုပ်ထားတဲ့ Code Number ကို print out ထုတ်ပြီး သိမ်းထားဖို့နဲ့ တကယ်လို့ ကိုယ်ပြောထားတဲ့အချိန် ပစ္စည်းလာမပို့ရင် စာတိုက်ကို သူ ကိုယ်တိုင် ဖုန်းဆက်ပေးပါ့မယ်လို့ ဂျပန်မလေးက ပြောပါတယ်။


ပစ္စည်းကို လာပို့ပေးဖို့ ပြောထားတာက ထုံးစံအတိုင်း တနင်္လာနေ့ ည ၇ နာရီကနေ ၉ နာရီအချိန်ပါပဲ။ အဲဒါဆိုတော့ ည ၇ နာရီလောက်ကတည်းက အိမ်မှာ စောင့်နေကြတာပေါ့။ အရင်အခေါက်တွေက ပစ္စည်း လာပို့ရင် ၇ နာရီ ၀န်းကျင်လောက်ဆို လာပို့တတ်ပါတယ်။ မနေ့ကတော့ မိုးကလည်း ကောင်းနေတာနဲ့ စာပို့သမားက ၇ နာရီလည်း မလာ၊ ၈ နာရီလည်း ရောက်မလာပါဘူး။ ၈ နာရီ ခွဲလောက်ကျတော့ ကျမတို့လည်း စိတ်လျော့ပြီး အင်တာနက်က လုပ်တာမို့လို့ မရတာလား၊ မိုးရွာလို့လား၊ ဟိုတွေး ဒီတွေးနဲ့ ၂ ယောက်သား ထမင်းမစားနိုင်ဘဲ စောင့်နေရာက ၈ နာရီခွဲကျော်တော့ စာပို့သမား ရောက်လာပါတယ်။ သူ့တစ်ကိုယ်လုံးလည်း မိုးရေ ရွှဲနစ်နေပြီး ခိုက်ခိုက်တုန်နေတာမို့လို့ စိတ်ထဲမှာ သနားစိတ် ဖြစ်မိတယ်။ အလုပ်နဲ့ပတ်သက်ပြီး တိကျတာကိုလည်း ချီးကျူးမိတယ်။


အခုဆိုရင် ဆောင်းဦးပေါက်ပြီဆိုတော့ ရာသီဥတုက ပြန်အေးလာပါပြီ။ ဂျပန်က မိုးရာသီ သတ်သတ် မရှိပေမယ့် မိုးရွာရင် လေ ပါ ပါလာပြီး စိမ့်နေအောင် အေးပါတယ်။ အဲဒါဆိုတော့ ကျမတို့ ထင်တာက မိုးရွာလို့ သူတို့ မလာတော့ဘူးလို့ ထင်ထားတာပါ။ တကယ်တမ်း လာပေးတဲ့ ပစ္စည်းကတော့ ယောင်းမ ထည့်ပေးလိုက်တဲ့ စာနဲ့ ဓာတ်ပုံတွေပါပဲ။ ဒီရက်ပိုင်း အတွင်း ရန်ကုန်ကိုလည်း ဖုန်းခေါ်မရတာနဲ့ ယောင်းမ စာထည့် ပေးလိုက်တယ် ဆိုတာ ကြိုမသိထားပါဘူး။ အခုတော့ ကျမ မျှော်နေတဲ့စာက ရောက်လာခဲ့ပါပြီ။ ရန်ကုန်ကနေ စာကို Register လုပ်ပြီး ထည့်လိုက်တာမို့လို့ ဒီစာအိတ်သေးသေးလေးကို စာတိုက်ပုံးထဲ ထည့်လို့ရရဲ့သားနဲ့ မထည့်ပဲ ကျမတို့လက်ထဲကို ရောက်အောင်ပို့ပေးခဲ့တာပါ။ လက်ခံရရှိကြောင်း ဖြတ်ပိုင်းမှာ အမျိုးသားက လက်မှတ်ထိုးပေးလိုက်ပြီး တာဝန်တခုပြီးသွားလို့ စာပို့သမား လှည့်ထွက်သွားတဲ့ အချိန်မှာတော့ မိုးက တဖြောက်ဖြောက်နဲ့ ရွာလို့ ကောင်းနေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ စာပို့စနစ်ကိုတော့ တကယ်ကို ကျေးဇူးလည်းတင်မိပါတယ်။


အိမ်တံခါးပြန်ပိတ်ရင်း ကျမ သတိရမိလိုက်တာက စိုးမြတ်သူဇာနဲ့ စိုးသူ ရိုက်ထားတဲ့ အမြန်ချောပို့ ကြော်ငြာထဲက စိုးမြတ်သူဇာ ပြောသွားတဲ့ စကားလေးပါ။ “စိုးသဘောကျ ကျေနပ်တဲ့ မွေးနေ့လက်ဆောင်ကို ရန်ကုန်ကနေ မန္တလေးထိ အရောက်ပို့ပေးခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ အမြန်ချောပို့စနစ်ကို အထူးပဲ ကျေနပ် နှစ်သက် သဘောကျမိပါတယ်ရှင်.. ”ဆိုတာလေးပေါ့။ ဒီကြော်ငြာလေးက ကြာလည်း ကြာလှပါပြီ။ အဲဒါဆိုတော့ စိုးမြတ်သူဇာ ပြောစကားကို အတိအကျ မမှတ်မိတော့ပါဘူး။ မှားရင်လည်း ပြင်ပေးကြပါ။ ကျမ တဆက်တည်း တွေးမိတာက ကြော်ငြာဆိုတာက “ကျော်” အောင် “ညာ” တာများလား။


နိုဝင်ဘာ ၆၊ ၂၀၀၇။

November 5, 2007

What's in my bag?



မဂျစ် က What's in my bag လို့ tag တာနဲ့ အိတ်ထဲမှာ ရှိတာတွေ ရေးလိုက်ပါတယ်။ အခုလို အိတ်ထဲ ရှိတာလေးတွေကို သူငယ်ချင်းတွေကို ချပြရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိဖူးပါဘူး။ ဒါကြောင့် ပထမဆုံး အိတ်ထဲမှာ ရှိတဲ့ပစ္စည်းတွေ ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးပြီး Blog ပေါ်တင်လိုက်ပါပြီ။ လိုချင်တာရှိလည်း ယူသွားကြပါ... (ယူလို့ရရင်.. :D)

၁။ ဆေးဘူး

၂။ သော့တွဲ (စက်ဘီး သော့နဲ့ အိမ်သော့ကို တွဲချိတ်ထားတာ။ ပျောက်ရင် အိမ်ထဲလည်း ၀င်မရဘူး။ စက်ဘီးလည်း စီးမရတော့ဘူး.. :D )

၃။ ဟန်းဖုန်း (ဘယ်သွားသွား သူပါပေမယ့် အမျိုးသားကလွဲရင် သူစိမ်းဆီက ဖုန်းလာတာဆိုလို့ Blogger သူငယ်ချင်း ၁ ယောက်ကြီးများတောင် ရှိတာ။)

၎။ သီချင်းနားထောင်လို့ရအောင် iPod

၅။ ဘဏ် စာအုပ် ၂ အုပ် (သွားလေရာ သူပါတယ်။ ပိုက်ဆံထုတ်ပြီးတိုင်း စာအုပ်မှာ update လုပ်လို့ရအောင်။ တစ်အုပ်က ကိုယ့်စာအုပ်၊ နောက်တစ်အုပ်ကတော့ အမျိုးသားရဲ့ စာအုပ်။ အထင်မကြီးပါနဲ့နော်။ စာအုပ်ပဲ ရှိတာ ဘဏ်ကဒ်က သူယူထားတယ်။ :P)

၆။ မှတ်စုစာအုပ် (ခေါင်းထဲ မမှတ်နိုင်လို့ သူ့ကို ဆောင်ထားရတယ်... )

၇။ ဘုရားစာအုပ်

၈။ ပိုက်ဆံအိတ် (အိတ်ထဲမှာ ပိုက်ဆံကလွဲပြီး Bank Card၊ Foreign Registration Card, Health Insurance ကဒ်၊ ဈေးဝယ်ရင် သုံးတဲ့ Point Card..၊ ကျောင်းသားကဒ်၊ စာကြည့်တိုက်ကဒ်၊ အသင်းဝင်ကဒ်.. ကဒ်ပေါင်းစုံ ... အဲဒါတွေပဲ ရှိတယ်)

၉။ ဘောပင်ထည့်တဲ့အိတ်

၁၀။ တိုတိုထွာထွာ အိတ် (မိတ်ကပ်၊ နှုတ်ခမ်းနီဘူး မိန်းခလေး အသုံးအဆောင်ပစ္စည်းတွေကို ရှာရတာ ရှုတ်လွန်းလို့ အိတ်တစ်လုံးထဲစုပြီး ထည့်ထားလိုက်တော့ အေးရော.. )

၁၁။ ထီး

၁၂။ လက်သုတ်တဲ့ တဘက်အသေး

ကုန်ပြီ.. ရှိတော့ဘူး။ ( ဒီစာသားက သူများတွေ blog မှာ ရေးထားတာ သဘောကျလို့ ကူးယူပြီး ရေးလိုက်တာပါ... ) ကဲ..ကျမကတော့ အိတ်ထဲ ရှိတာ အကုန်ထုတ်ပြလိုက်ပါပြီ။ နောက်လာလည်တဲ့ သူငယ်ချင်းလေးတွေထဲက မရေးရသေးသူတွေကို ထပ်ပြီး tag လုပ်လိုက်ပါတယ်။

- မမသမုဒယ
- မမြရွက်ဝေ
- Dilo
- Totto Chan

အဆင်ပြေရင်တော့ ရေးပေးကြပါနော်.. ပျော်စရာ သက်သက်မို့ပါ..

နိုဝင်ဘာ ၅၊ ၂၀၀၇။