*****
အခုလ ၁၂ ရက်နေ့မှာ ကျမတို့ရုံးက Bonus ပေးပါတယ်။ တခြားရုံးတွေလည်း ဒီလထဲမှာ Bonus ပေးကြမယ်ထင်ပါတယ်။ ပေးတဲ့ရက်ချင်းသာ မတူတာပဲ ရှိလိမ့်မယ်။ ဂျပန်က ရုံးအလုပ်လုပ်တဲ့သူတွေအားလုံး တစ်နှစ်မှာ Bonus ၂ ခါ ရကြတယ်။ ဇွန် နဲ့ ဒီဇင်ဘာမှာပေါ့။ ကိုယ်လည်း အစကတော့ “ဟာ .. Bonus ရတယ်ဆိုရင် ပွတာပဲ” ဆိုပြီး တွေးထားခဲ့မိတယ်။ တကယ်တမ်းတော့ ဒီက ပေးတဲ့ Bonus ဆိုတာ ကိုယ့်လခကို ကိုယ့်ကို ပြန်ပေးတာမျိုးပါပဲ။ မျက်စိလည်သွားမှာပဲနော်။ Bonus လည်းပြောသေးတယ် ကိုယ့်လခ ကိုယ်ပြန်ရတယ်ဆိုတာ မကြားဖူးဘူးလို့ ထင်ကြမှာပဲ။
ဂျပန်မှာ ရုံးဝန်ထမ်းတွေရဲ့ လုပ်အားခကို တစ်လချင်းစီနဲ့ ပြောလေ့မရှိကြဘူး။ ရာထူးအလိုက် အလုပ်အပေါ်မူတည်ပြီး တစ်နှစ်စာပြောလေ့ရှိကြတယ်။ အင်တာနက်က အလုပ်ရှာတဲ့ website တွေမှာဆိုရင်လည်း အလုပ်ရှင်က ပေးမယ့် လခကို တစ်နှစ်စာ ယန်း ၁ သန်း ၂ သန်း အစရှိသဖြင့် ပြောပြီး အလုပ်ခေါ်ကြတယ်။ အလုပ်ဝင်လို့ လခရပြီဆိုရင်လည်း တစ်နှစ်စာပြောထားတဲ့ လစာကို ၁၂ နဲ့ မစားပဲ ၁၆ နဲ့ စားပြီးမှ ပေးတယ်။ အဲဒါကြောင့် ပိုတဲ့ ၄ လစာ ပိုက်ဆံတွေကို Bonus အနေနဲ့ တစ်နှစ်မှာ ၂ ကြိမ်ပြန်ခွဲပေးတာမို့ အဲဒီပိုက်ဆံဟာ ကိုယ်ရမယ့် လခပါပဲ။ ဘာလို့ အဲဒီလို လုပ်ရတာလည်းလို့ မေးစရာ ရှိလာတာပေါ့။
အရင်တုန်းက Bonus ဆိုတာ ကိုယ့်ရဲ့ လုပ်အားခ မဟုတ်ပဲ အပိုဆုကြေးဖြစ်လို့ အဲဒီငွေပေါ်မှာ အခွန်ဆောင်စရာ မလိုပါဘူး။ အဲဒါဆိုတော့ နောက်ပိုင်း ရုံးတော်တော်များများက Bonus ပေးတဲ့နည်းကို ကျင့်သုံးပြီး အခွန်ရှောင်လာကြတယ်။ အဲဒီလို လုပ်လာတာတွေ များလာတော့ ဂျပန်အစိုးရကလည်း သူတို့ ပြဌာန်းထားတဲ့ ဥပဒေကို ပြင်လိုက်ပြီး Bonus ဆိုတာလည်းလခပဲဖြစ်လို့ အခွန်ဆောင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တာလို့ ပြောသံကြားဖူးပါတယ်။ ဒါကြောင့် Bonus ရလည်း ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ဂျပန်မှာ အလုပ်အပြောင်းအရွှေ့ အများဆုံးအချိန်ဟာ Bonus ရပြီးချိန်ဖြစ်တဲ့ ဇူလိုင်လ နဲ့ ဇန်န၀ါရီ လတွေမှာပါ။ လက်ရှိအလုပ်ကနေ နားတာပဲဖြစ်ဖြစ် နောက်အလုပ်တစ်ခုကို ပြောင်းတာပဲ ဖြစ်ဖြစ် Bonus ငွေ ရပြီးမှ ပြောင်းကြ ရွှေ့ကြပါတယ်။
ကျမတို့ရုံးမှာကတော့ Special Bonus ဆိုပြီး နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒီ Bonus ကတော့ နှစ်ကုန်မှာပေးလေ့ရှိပါတယ်။ နှစ်ကုန်ရင် ကိုယ့် မန်နေဂျာရဲ့ ထောက်ခံပေးမှုကြောင့် ပုံမှန် Bonus အပြင် Special Bonus ရတတ်ပါတယ်။ အဲဒီပိုက်ဆံကတော့ သူတို့စေတနာရှိသလောက်ပေးတာမို့ ကိုယ်တွေက နည်းတယ်များတယ် မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီ ပိုက်ဆံအပေါ်မှာလည်း အခွန်ဆောင်ပေးရပါသေးတယ်။ ကိုယ့်လက်ထဲကို Company Director ဆီက Bonus ပေးတယ်ဆိုတဲ့စာလေးရလာပြီး ဘဏ်ထဲကို ပိုက်ဆံလွှဲလိုက်ပြီဆိုတာနဲ့ အခွန်ပိုက်ဆံက ဖြတ်ပြီးသား။ အမှန်တော့ အဲဒီ ငွေကို မြန်မာပြည်မှာလိုမျိုး Account Department ကပဲဖြစ်ဖြစ် HR ကနေပဲဖြစ်ဖြစ် ငွေသားကို စာအိတ်ထဲထည့်ပေးရင် ပြီးရော။ အခွန်ဆောင်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့်လည်း သူတို့ရဲ့ ဥပဒေက Bonus အပေါ်မှာလည်း အခွန် ပေးရမယ် ဆိုတော့လည်း ပေးလိုက်တာပေါ့။ ကျမရတာလို့ ထင်နေပြီမဟုတ်လား။ အထင်ကြီးတာ မစောပါနဲ့ဦး။ အဲဒီ Special Bonus ဆိုတာကလည်း ကျမရတာမဟုတ်။ အမျိုးသားရတာ။ အို.. နောက်ဆုံးတော့လည်း သူ့ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ၊ ကိုယ့်ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ မဟုတ်လား... :D
*****
Electronic ပစ္စည်းတွေ ဈေးချတာမျိုးဆိုရင်လည်း model out လို့ မဟုတ်ပဲ သတ်မှတ်ထားတဲ့ အလုံးအရေအတွက်ပဲ လျော့ဈေးနဲ့ ရောင်းမယ်ဆိုတာမျိုးတွေရှိတယ်။ မနှစ်က ဒီလိုအချိန် အသိ ဂျပန်မလေးက သူ့အိမ်အတွက် TV ၀ယ်လာတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ပေါက်ဈေးထက်ကို အတော်လေး သက်သာလို့ ဘယ်လိုဝယ်ခဲ့တာလည်းဆိုပြီး စပ်စုကြည့်မိပါတယ်။ သူပြောပြတာက အဲဒီနေ့မှာ Electronic ကုန်တိုက်ကို TV သွားကြည့်ရုံ သက်သက်ပဲ သွားခဲ့တာပါ။ ဟိုရောက်တော့ သူကြိုက်တဲ့ TV အောက်မှာ “စိတ်ဝင်စားရင် ဈေးမေးပါ” လို့ ရေးထားတာတွေ့တယ်တဲ့။ အဲဒါနဲ့ အရောင်းစာရေးကို ဈေးမေးကြည့်လိုက်တော့ ဈေးသက်သာတာနဲ့ တစ်ခါတည်း ၀ယ်လာခဲ့တာလို့ ဆိုပါတယ်။ ကျမတို့လို ဂျပန်စာမဖတ်တတ်ရင် ဘာပစ္စည်းမှ ဈေးသက်သက်သာသာနဲ့ ရဖို့ လမ်းမမြင်လို့ တလက်စတည်း တွေးလိုက်မိတယ်။ ကဲ.. အခုလည်း ဒီတပတ် BIG SALES ဆိုတာနဲ့ မိန်းကလေးဗီဇ ၀ါသနာအရ Window Shopping လေးတော့ လျှောက်ကြည့်လိုက်ဦးမှပဲတွေးလိုက်ပြန်တော့ အပြင်မှာ မိုးရွာနေတာနဲ့ နောက်တစ်ပတ်မှပဲ သွားပါတော့မယ်လေ။
ဇွန် ၂၉၊၂၀၀၈။