August 24, 2008

တောင်ငူမုန့်ဟင်းခါး

များသောအားဖြင့် comment တွေကို ကျမ တတ်နိုင်သလောက် ပြန်ဖြေပေးလေ့ ရှိပါတယ်။ ဒီ Blog မှာက Cbox လည်းမရှိတဲ့အတွက် ကိုယ့်ရဲ့ Blog ကို လာလည်သူတွေနဲ့ ရင်းနှီးခွင့်ရတာ comment တွေကြောင့်ပါ။ တခါတလေ အလုပ်အရမ်းရှုတ်နေတဲ့ အချိန်မျိုးဆိုရင်တော့ ပြန်မဖြေဖြစ်ပါဘူး။ အဲဒါဆိုရင် စာလာဖတ်သူတွေအနေနဲ့ မေးထားတာလည်း မဖြေဘူးလို့ ထင်ကြမှာပဲ။ အရင်တုန်းကဆို ကျမ Blog မှာ Recent Comment ဆိုတာ မထည့်ထားမိတော့ ပို့စ်အဟောင်းတွေကို comment ပေးခဲ့ရင် ကျမ မသိပါဘူး။ အတော်လေး နောက်ကျပြီးမှ comment ပေးသွားပါလား ဆိုပြီး သိလိုက်ရတာမျိုးပါ။ အခုတလောတော့ စာလာဖတ်သူတွေရဲ့ comment လေးတွေကတဆင့် နောက်ထပ် ပို့စ်အသစ်တွေကို ထပ်ပြီး ရေးလို့ရနေတော့ Blog မှာ ဘာရေးရင် ကောင်းမလဲဆိုတာ သိပ်စဉ်းစားမနေတော့ပါဘူး။ အဲဒါကြောင့် အရင်ပို့စ်တွေမှာရော၊ ပို့စ်အဟောင်းမှာပါ မေးထားတဲ့ တောင်ငူမုန့်ဟင်းခါး ချက်နည်းလေး တင်ပေးပါ့မယ်။ (မထူးပါဘူး ဆားချက်တယ်လို့ပဲ ၀န်ခံလိုက်ပါတော့မယ်.. :D)


*****


ကျမက မုန့်ဟင်းခါးဆို အရမ်းကြိုက်ပါတယ်။ ၂ ရက် ၃ ရက် ဆက်တိုက် စားဆိုလည်း စားနိုင်တယ်။ အဲဒါ အဖေတူတယ်လို့ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ ကျမအဖေလည်း မုန့်ဟင်းခါး အရမ်းကြိုက်တာကိုး။ မုန့်ဟင်းခါးစားလို့ အဖေနဲ့ ကျမ မတူတာ တခုပဲရှိတယ်။ အဖေက နံနံပင်ပါရင် မစားဘူး။ ကျမက နံနံပင်ပါမှစားတယ်။ ဒါပေမယ့် အဖေက တရုတ်နံနံပင်တော့ ကြိုက်တယ်။ ကျမက လုံးဝ အနံ့ခံလို့မရဘူး။ သားအဖ ၂ ယောက် စကားနိုင်လုပြီဆိုရင် “ပါပါး တရုတ် နံနံပင်ကလည်း နံလိုက်တာ။ သမီးတော့ အနံ့ခံလို့ မရဘူး”လို့ပြောလိုက်ရင် အဖေကလည်း “ဟင်.. နင့်ရဲ့ ဗမာနံနံပင်လည်း ငါ အနံ့မခံနိုင်ဘူး နံတယ်”ဆိုပြီး စကားကပ်ပြောတာ သတိရမိသေးတော့တယ်။ ကျမ ရန်ကုန်မှာ အလုပ်လုပ်တဲ့အချိန်ကတော့ ရုံးအတူသွားမယ့် သူငယ်ချင်းအိမ်ကို မနက်တိုင်း အဖေက လိုက်ပို့ပေးပါတယ်။ အဲဒီလို လိုက်ပို့ပေးရင် လမ်းမှာ တွေ့သမျှ မုန့်ဟင်းခါးဆိုင်တွေကိုမှတ်ထားပြီး တနေ့ တစ်ဆိုင် စမ်းပြီး စားကြည့်ပါတယ်။ အမေကတော့ ကျမတို့ သားအဖကို “သူတို့မို့ မမုန်းတဲ့အတိုင်းပဲ နေ့တိုင်း မုန့်ဟင်းခါး စားနိုင်တယ်”ဆိုပြီး ကောင်းချီးပေးတယ်။ အမေပြောလည်း ပြောချင်စရာပါ။ ပိတ်ရက်ဆိုရင်လည်း ပိတ်ရက်မို့ အိမ်နားက ဆိုင်မှာ ၀ယ်စားတယ်။ ရုံးဖွင့်ရက်ဆိုရင်လည်း တပတ်ကို ၂ ခါ ၃ ခါလောက် အပြင်က ဆိုင်မှာ ၀ယ်စားတတ်ပြီး အိမ်မှာလည်း မကြာမကြာ ချက်စားတတ်သေးတာဆိုတော့ အမေပြောတာလည်း မလွန်ဘူးပေါ့။


မုန့်ဟင်းခါးဆိုရင် မြောင်းမြဒေါ်ချို၊ တင်တင်အေး၊ မြေနီကုန်းက စိန်ဥ မုန့်ဟင်းခါး၊ လမ်းဘေးက နာမည်မကြီးတဲ့ မုန့်ဟင်းခါး၊ ရုံးနားက မုန့်ဟင်းခါး စတဲ့ ဘယ်လိုဆိုင်မျိုး မဆို စားလို့ရပါတယ်။ မကြိုက်ဘူး ဆိုတာမရှိဘူး။ အခုထိလည်း ဟင်းချက်ရတာပျင်းရင် မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ ခေါက်ဆွဲဖြစ်ဖြစ် ၁ အိုး ချက်ထား လိုက်တယ်။ အဲဒီလို ချက်ထားပြီးရင် စားခါနီးမှ ခေါက်ဆွဲ၊မုန့်ဖတ် ပြုတ်ပြီး ရုံးသွားလည်း ထည့်သွားတယ်။ ပြန်လာလည်း ခပ်မြန်မြန် ခူးခပ်ပြီး စားလိုက်တယ်။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး မကုန်မချင်းကို နွှေးစားနေတော့တာပဲ။ အဲဒီလောက် မုန့်ဟင်းခါး ကြိုက်ပါတယ်။


*****


ကျမ အမျိုးသားက တောင်ငူဇာတိပါ။ သူနဲ့ ရည်းစားဖြစ်တော့ ကျမ မုန့်ဟင်းခါး ကြိုက်ပုံမျိုးကို သူအတော်လေး အံ့သြတယ်။ ဒါနဲ့ ကျမကို “တောင်ငူမုန့်ဟင်းခါးရော စားဖူးလား” လို့မေးပါတယ်။ ကျမကလည်း တောင်ငူမုန့်ဟင်းခါး စားဖူးဖို့ နေနေသာသာရယ် တောင်ငူတောင် မရောက်ဖူးဘူးလို့ပြောလိုက်တယ်။ အဲဒီတော့ တောင်ငူသားက တောင်ငူမုန့်ဟင်းခါးအကြောင်းကို ကြွားလုံးထုတ်တော့တာပဲ။ တောင်ငူဈေးကြီးထဲမှာရှိတဲ့ မုန့်ဟင်းခါးက အရမ်းစားလို့ကောင်းကြောင်း၊ တောင်ငူမုန့်ဟင်းခါးက မုန့်ဟင်းခါးအဖတ် ကို ဆီချက်နိုင်နိုင်ထည့်ပြီး အသုပ်လို စားလို့ရကြောင်း၊ အသုပ်မကြိုက်ရင် ဟင်းရည်ကျဲနဲ့ ရိုးရိုးမုန့်ဟင်းခါးလိုပဲ စားလို့ရကြောင်း၊ အသုပ်စားတဲ့သူတွေအတွက်တော့ မုန့်ဟင်းခါးဟင်းရည်အဆစ်ပေးကြောင်း ရှင်းပြပေးရင်း “တောင်ငူမုန့်ဟင်းခါး မစားရတာကြာလှပြီ်” လို့ ပြောတော့ ကျမ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ကိုယ်ကလည်း မစားဖူးတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။


လွန်ခဲ့တဲ့ ၂ နှစ်ပေါ့။ မင်္ဂလာဆောင်ပြီး ၆ လကျော်ကြာမှ တောင်ငူကို သွားလည်ပြီး ဆွေပြမျိုးပြ ထွက်ခဲ့ရတယ်။ ဒါတောင် တောင်ငူမှာ ၂ ရက်ပဲ နေလိုက်ရလို့ နေရာအစုံတောင် မရောက်ခဲ့ရဘူး။ မှတ်မှတ်ရရ တောင်ငူကိုရောက်တော့ သူက မနက်အစောကြီး ကျမကို နှိုးပြီး သူ့ညီလေးရယ် သူရယ် ကျမရယ် ဆိုင်ကယ် ၂ စီးနဲ့ တောင်ငူဈေးထဲက မုန့်ဟင်းခါးဆိုင်မှာ မနက်စာသွားစားခဲ့ပါတယ်။ တကယ်ပဲ အဲဒီအန်တီကြီးရဲ့ မုန့်ဟင်းခါးက စားကောင်းလို့ ကျမတို့ တစ်ယောက်ကို ၂ပွဲဆီ စားတာတောင် ပါးစပ်က ထပ်ပြီး စားချင်နေတုန်းပဲ။ တောင်ငူ မုန့်ဟင်းခါးမှာ အရေးကြီးတဲ့ ပစ္စည်းက ဆန်လှော်မှုန့်နဲ့ ငါးက အဓိကပဲလို့ ထင်ပါတယ်။ အဲဒီဆန်လှော်မှုန့်ကို ဘယ်က ၀ယ်သလဲဆိုတာ မုန့်ဟင်းခါးသည် အန်တီကြီးကို မေးကြည့်မိပါတယ်။ သူကပဲ ဈေးထဲမှာ ဆန်လှော်မှုန့်ဝယ်ဖို့ လမ်းညွှန်လိုက်တာမို့ အပြန်မှာ တောင်ငူက ဆန်လှော်မှုန့်တွေ ၀ယ်ပြီးပြန်လာခဲ့ကြသေးတယ်။ တောင်ငူ ဆန်လှော်မှုန့်က ရိုးရိုး မုန့်ဟင်းခါး ချက်စားတဲ့ အမှုန့်နဲ့မတူပါဘူး။ မှုန့်နေအောင် အထပ်ထပ် ကြိတ်ထားပုံရတယ်။ အဲဒါကြောင့် တောင်ငူမုန့်ဟင်းခါး ချက်စားဖို့အတွက်ဆိုရင် တောင်ငူကထွက်တဲ့ ဆန်လှော်မှုန့်က အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ရန်ကုန်ပြန်ရောက်တော့လည်း သူ့ညီမလေးက တောင်ငူမုန့်ဟင်းခါး ချက်ကျွေးရင်း ကျမကိုပါ ချက်နည်း သင်ပေးလိုက်ပါတယ်။ အခုထိလည်း တောင်ငူ ဆန်လှော်မှုန့်ကို အမြဲ ဆောင်ထားတာမို့ တခါတလေ ဒီမှာ ပဲတောင့်ရှည်သီး ရတဲ့အချိန်ဆို ထိုင်းဆိုင်က ငါးခူဝယ်ပြီး သူ့အတွက် တောင်ငူမုန့်ဟင်းခါး လုပ်ကျွေးဖြစ်ပါတယ်။


*****


တောင်ငူမုန့်ဟင်းခါး ချက်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနီ၊ မုန့်ဟင်းခါးဖတ်၊ ပြီးတော့ မုန့်ဟင်းခါးနဲ့တွဲစားဖို့ အကြော်ပါရင် ပိုစားကောင်းပါတယ်။ ဒီမှာတော့ ပဲကြော်က ၀ယ်မရပါဘူး။ ဒါကြောင့် မုန့်ဟင်းခါးချက်စားဖြစ်ရင် ပဲကြော်နဲ့ မစားရတာ များပါတယ်။ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။ ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။ ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။ ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပေါ့။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။


ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။ ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။ အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။ အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။ ဒါကတော့ တောင်ငူမုန့်ဟင်းခါး ချက်နည်းပါ။ အိမ်မှာ ချက်စားဖြစ်ရင်တော့ ကျမက ၂ မျိုးလုံး ကြိုက်တယ်။ သူကတော့ အသုပ်ကို မုန့်ဟင်းရည်သောက်ပြီး စားတာကို ပိုသဘောကျပါတယ်။


တကယ်လို့သာ တောင်ငူကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် တောင်ငူမုန့်ဟင်းခါးကို စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ “တောင်ငူမုန့်ဟင်းခါး ဘယ်လိုချက်? ” လို့ မေးထားတဲ့ ညီမလေး ခိုင်ဇာနဲ့ ပြီးခဲ့တဲ့ “မျှော်သာ မျှော်သည်” ပို့စ်မှာ comment ရေးသွားတဲ့ စာဖတ်သူတို့ ဒီပို့စ်လေး ဖတ်ပြီး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


“တောင်ငူ သူ” ရေးပေးတဲ့ comment ကြောင့် ကျမပို့စ်မှာ လိုနေတာတွေ ထည့်ပြင်လိုက်ပါတယ်။ ဆန်အကျက်မှုန့်ကို တောင်ငူအခေါ်က “ဆန်လှော်မှုန့်” လို့ခေါ်ပြီး တောင်ငူမုန့်ဟင်းခါးက ဟင်းရည်အပျစ်လည်း ရှိသေးတော့ အခုမုန့်ဟင်းခါးကို “ဟင်းရည်ကျဲ”လို့ခေါ်ပါတယ်။ အခုလို ပြင်ပေးတာ ကျေးဇူးပါ “တောင်ငူ သူ”.. :)








သြဂုတ် ၂၄၊ ၂၀၀၈။

August 16, 2008

မီးပန်းလွှတ်ပွဲတော် (Yodogawa Hanabi)


2008 Yodogawa Hanabi (淀川花火)


ဂျပန်မှာ ၈ လပိုင်းက နွေရာသီရဲ့ အပူဆုံးလ ပါ။ နွေရာသီဆိုပေမယ့်လည်း တခါတလေလည်း မိုးရွာတတ်ပါတယ်။ မိုးရွာရင် ခဏလောက်ပဲ ရွာပြီး အပူရှိန်ကတော့ သိသိသာသာ မလျော့သွားပါဘူး။ ကျမကတော့ အပြင်သွားခါနီးဆို Yahoo website မှာပဲ မိုးလေ၀သ သတင်းကို ပြေးကြည့်လိုက်တာပဲ မိုးရွာဖို့ ရာခိုင်နှုန်း ၅၀ အောက်ဆိုရင် အိမ်က စထွက်ကတည်းက ထီး မယူသွားတော့ဘူး။ အဲဒါဆိုတော့ မိုးရွာပြီဆိုရင် နည်းနည်းတော့ ရှိုးပျက်တာပေါ့လေ။ ပြီးခဲ့တဲ့လကတော့ ထူးထူးခြားခြား Osaka မှာ မနက်ပိုင်း နေတွေပူလို့ နေခင်းလည်းကျရော မိုး သည်းကြီးမည်းကြီးရွာချလိုက်တာ တကယ့်မိုးတွင်းကြီးအတိုင်းပဲ၊ လျှပ်စီးတွေလက်ပြီး မိုးချိန်းတာများ ကြောက်တောင် ကြောက်တယ်။ မိုးရွာချိန်က နေ့လည် ၃ နာရီကျော်လောက်ဆိုတော့ ရုံးထဲမှာပဲ ရှိနေခဲ့တာပါ။ မိုးချိန်းသံကြားတော့ ပြူတင်းပေါက်ကနေ မိုးရွာတာ ခဏချောင်းကြည့်လိုက်သေးတယ်။ ညဘက် အိမ်ပြန်ရောက်တော့ တီဗွီသတင်းမှာ နေ့ခင်းက ရွာတဲ့မိုးကြောင့် လူတောင်သေတယ်တဲ့။ ဖြစ်ပုံက ကိုဘေး (Kobe) မှာ နေ့ခင်းဘက် နေပူတော့ ကျောင်းသားအရွယ် ကလေးတွေ ချောင်းကို လာဆော့ကြရင်း ရုတ်တရက် ချောင်းရေလျှံလာပြီး ရေစီးနဲ့ မျှောပါသွားတာ ကလေး ၃ ယောက်နဲ့ အမျိုးသမီး ၁ယောက်ဆုံးသွားတယ်။ နောက်တရက်လည်း Tokyo မှာ မိုးရွာတာ ပေကျင်း အိုလံပစ်အတွက် ဂျပန်-အာဂျင်တီးနား ဘောလုံးခြေစမ်းပွဲတောင် ဖျက်လိုက်ရတယ်ပြောသံကြားတယ်။ အော်.. ဒီမှာလည်း နွေရာသီဆိုပြီး မိုးရွာချင် ရွာတာပါပဲ။


*****


ဒီမှာတော့ နွေရာသီပွဲတော်တွေကို နေရာတော်တော်များများမှာ ကျင်းပကြတယ်။ Osaka ဘက်မှာတော့ မီးပန်းလွှတ်ပွဲနဲ့အတူ တခြားနာမည်ကြီး ပွဲတော်တွေလည်း ရှိပါတယ်။ မီးပန်းလွှတ်ပွဲအတွက်တော့ ဇူလိုင်လ လဆန်းကတည်းက ကြော်ငြာစာရွက်တွေကို နေရာအတော်များများမှာ မြင်တွေ့နေရပါပြီ။ ကျမကိုတော့ ရုံးက သူငယ်ချင်းက ဘယ်နေ့၊ ဘယ်နေရာမှာ မီးပန်းလွှတ်ပွဲရှိတယ်၊ မီးပန်းအလုံးရေ ဘယ်နှစ်လုံးဖောက်မယ် စတဲ့ နေရာနဲ့ ပွဲတော်ရက်တွေကို ပြောပြပေးပါတယ်။ နောက်ပြီး ဘယ်ပွဲတော်ဆို သွားကြည့်သင့်တယ်၊ ဘယ်နေရာက ပွဲတော်ဆိုရင် လူအရမ်းများလို့ သွားလည်း ပင်ပန်းတာပဲ အဖတ်တင်မယ် မသွားသင့်ဘူး ဆိုပြီး စိတ်ရှည်ရှည်နဲ့လည်း ရှင်းပြပေးပါသေးတယ်။ ကျမတို့အတွက်တော့ တခြားနေရာကို သွားမယ့်အတူတူ အိမ်နားမှာ လည်း မီးပန်းလွှတ်ပွဲလုပ်မှာမို့ တခြားပွဲတွေကို မသွားဖြစ်ခဲ့ပါဘူး။


ပြီးခဲ့တဲ့စနေနေ့မှာ အိမ်နားက ယိုဒိုဂ၀ (Yodogawa) မြစ်ရဲ့ အကြိမ် ၂၀ မြောက် မီးပန်းလွှတ်ပွဲတော် (ဟနဘိ Hanabi) ကျင်းပခဲ့ပါတယ်။ အိမ်ရှေ့မှာ မြစ်ဆိုတော့ ဘယ်မှလည်း ဝေးဝေးသွားနေစရာမလိုတော့ပါဘူး။ နောက်ပြီး ဒီမီးပန်းလွှတ်ပွဲက ကျမတို့အတွက် ဒုတိယအကြိမ် ကြုံရတဲ့ပွဲပါ။ မနှစ်က သွားကြည့်ခဲ့ရတဲ့ အဖြစ်အပျက်ကိုတော့ ဒီပို့စ် မှာပဲ အသေးစိတ်ဖတ်ကြည့်ပါတော့နော်။ ကျမတို့ အုပ်စုက မနှစ်ကလည်း ကောင်းကောင်း မမြင်ခဲ့ရတော့ ဒီနှစ်ပွဲအတွက် အားလုံး အားခဲထားကြတာ။ မြင်နိုင်လောက်တဲ့နေရာအနေအထားကိုလည်း မြေပုံမှာ ကြိုကြည့်ပြီး နေ့လည် ၃ နာရီလောက်ကတည်းက နေရာသွားဦးတဲ့သူက ဦးထားပါတယ်။ ရုံးက သူငယ်ချင်းတချို့လည်း ဒီပွဲတော်ကို လာမှာမို့ သူတို့နဲ့ ဖုန်းဆက်ချိန်းပြီး ကြိုတင်ပြင်ဆင်ထားခဲ့ကြတာ။



မစ်ကမ်းခြေမှာ ညနေ ၅ နာရီလောက်ကတည်းက လာစောင့်နေကြတာ၊ အဲဒီတုန်းကတော့ ရာသီဥတုက သာယာလို့... :)


ညနေစောင်း ၅ နာရီလောက်ကျတော့ ကျမတို့ အိမ်မှာပဲ စုရပ်လုပ်ပြီး စားဖို့သောက်ဖို့ အထုပ်ကိုယ်စီနဲ့ ဦးထားတဲ့နေရာစီကို ချီတက်ခဲ့ပါတော့တယ်။ တခြားဂျပန်တွေလည်း စားစရာတွေ သောက်စရာ တွေသယ်ပြီး လာကြတယ်။ ရောက်တဲ့အချိန်က ၅ နာရီ ကျော်ကျော်လေးမို့ နေတောင် မ၀င်သေးပါဘူး။ ခဏတဖြုတ် နားပြုရင်း ပါလာတဲ့မုန့်တွေ ထုတ်စားကြ၊ ဓာတ်ပုံရိုက်တဲ့သူတွေကလည်း ရိုက်ကြ၊ စားစရာ သောက်စရာ မလောက်မှာစိုးလို့ သွားဝယ်တဲ့သူလည်း သွားဝယ်ပေါ့။ ကျမနဲ့ ရုံးက ဂျပန်မလေး ကတော့ သူတို့ ၀ယ်လာတဲ့ မုန့်တွေ တခု ပြီး တခု ထိုင်စားနဲ့ ဟိုဟိုဒီဒီ စကားပြောရင်း မီးပန်းလွှတ်ချိန်ကို စောင့်နေခဲ့ပါတယ်။ မီးပန်းက ည ၇နာရီ ၅၀ မှ စလွှတ်မှာဆိုတော့ တခြားအုပ်စုတွေလည်း ကျမတို့လိုပဲ စားသောက်ရင်း စောင့်နေကြတယ်။ တချို့ ဂျပန်တွေက ရိုးရာ နွေရာသီ ၀တ်စုံ Yukata (ယုခတ) တွေ ၀တ်လာကြတယ်။ မိန်းကလေးတွေကတော့ ရုတ်တရက် ကြည့်လိုက်ရင် အရုပ်လေးတွေ လိုပဲ။ သူတို့က ပြင်တတ်တော့ ချစ်ဖို့ ကောင်းတာလည်းပါတယ်။



မြစ်ရဲ့ တခြားတဖက်ကမ်းမှာလည်း ဈေးရောင်းတဲ့သူနဲ့ မီးပန်းလွှတ်ပွဲလာတဲ့သူတွေနဲ့ ပြည့်နေတာပဲ။ ဒီဘက် ကမ်းကနေ လှမ်းရိုက်ထားတာ။


အဲဒီလို ထိုင်စောင့်ရင်း ညနေ ၆ နာရီခွဲ လောက်မှာ မထင်မှတ်ပဲ မိုးသားတွေ တက်လာပါလေရော။ ပြီးတော့ လျှပ်စီးတွေလက်ပြီး မိုးချိန်းလာပါတယ်။ စောစောတုန်းကမှ နေပူ နေသေးတဲ့ အပြင် မိုးလေ၀သ သတင်းမှာ ကြည့်ထားတုန်းကလည်း မိုးမရွာဘူး ဆိုတော့ စိတ်အေးအေးပဲ ဆက်ထိုင်နေတာပေါ့။ တခြားသူတွေကြည့်တော့လည်း အေးအေးဆေးဆေးပဲလေ။ တဖြည်းဖြည်း မှောင်လာလေ မိုးချိန်းသံနဲ့ လျှပ်စီးလက်တာ ပိုစိတ်လာပြီး နောက်ဆုံး မိုးဖွဲဖွဲလေးတွေ ကျလာပါလေရော။ အဲဒါလည်း စားစရာတွေကို ဘယ်သူမှ မသိမ်းသေးပဲ ပေကပ်ပြီး ဆက်ထိုင်နေကြသေးတယ်။ တအောင့်ကြာတော့ ရေသွန်ချလိုက်သလို မိုးက တဝေါဝေါ သည်းလာမှပဲ ပစ္စည်းတွေ အကုန် ၀ရုန်းသုန်းကား သိမ်းရတော့တယ်။ ကျမက “မီးပန်းလွှတ်ပွဲတော့ ပျက်ပြီ” လို့ တွေးလိုက်မိတယ်။ အချိန်ကလည်း ၇ နာရီကျော်ကျော်ပဲရှိသေးတော့ မီးပန်းလွှတ် မလွှတ်က မသေချာတော့ဘူးလေ။ ပွဲတော်လာတဲ့သူ တော်တော်များများလည်း ပြန်ဖို့ ပြင်ဆင်တဲ့သူက ပြင်ဆင်ကြတယ်။ တချို့ကျတော့ မပြန်ပဲ ပလတ်စတစ် အခင်းတွေ ခေါင်းခြုံပြီး ဆက်ထိုင်တဲ့သူတွေလည်း ရှိနေသေးတယ်။ နောက်ဆုံး မိုးက တိတ်မယ့်ပုံ မပေါ်တာနဲ့ ကျမတို့လည်း စိတ်လျော့ပြီး ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ဘက်ကို လှည့်ပြန်ခဲ့ကြတော့တယ်။ ၇ နာရီကျော်ကျော်ပဲရှိသေးတော့ သူငယ်ချင်း ဂျပန်မလေးက မပြန်ချင်သေးပဲ မီးပန်းလွှတ်တာ စောင့်ကြည့်ချင်ပုံရတယ်။ သူ့မှာ မျက်နှာကို ပျက်လို့။ အားလုံးက သိမ်းပြီး ပြန်ဖို့ လုပ်တော့မှ မတတ်သာလို့ စိတ်လျော့ပြီး ကျမတို့နဲ့ အတူ လိုက်လာခဲ့တာ။ မြစ်ကမ်းပေါ်က တံတားအဆင်းမှာ ပြန်တဲ့လူတွေနဲ့ ကျပ်နေလို့ ခဏရပ်စောင့်နေတုန်း အုန်း.. အုန်းဆိုပြီး အသံကြားရတော့တာပဲ။



မိုးရွာထဲမှာ မီးပန်းလွှတ်တာ ထိုင်ကြည့်နေတဲ့ ကျမတို့ရှေ့က စုံတွဲပေါ့။


အသံကြားတော့ ဘာများဖြစ်တာလဲဆိုပြီး လှည့်ကြည့်လိုက်တော့ မီးပန်းစလွှတ်လိုက်တာပါ။ “ဝေး” ဆိုပြီး အားလုံး အော်ဟစ်ပြီး ပြန်မယ့်သူတွေလည်း ပြန်ရမလို မီးပန်းပဲ ကြည့်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး ကျမလှမ်းကြည့်လိုက်တော့ မီးပန်းလွှတ်တာကို ကောင်းကောင်းမြင်ရပါတယ်။ မနှစ်ကလို မီးခိုးကွယ်တာလည်း မရှိတဲ့အပြင် နေရာအနေအထားကလည်း မနီးမဝေးနဲ့ အတော်လေး အဆင်ပြေပါတယ်။ အဲဒီအချိန်ထိလည်း မိုးက သည်းမဲပြီးရွာလို့ကောင်းနေတုန်းပဲ။ တကယ်တော့ ကျမတို့ အုပ်စုမှာ ထီးက ၂ လက်ပဲ ပါပါတယ်။ ဒါနဲ့ ပိုက်ဆံအိတ်၊ ကင်မရာအိတ်တွေကို ထီးပါတဲ့သူဆီ အားလုံးစုပေးထားလိုက်ပြီး ကျန်တဲ့သူတွေက မိုးရွာထဲ မတ်တပ်ရပ်ပြီး မီးပန်းလွှတ်တာကို ကြည့်ကြတာပေါ့။ တခြားသူတွေလည်း ကျမတို့လိုပဲလေ။ တနှစ်မှ တခါသာ ဒီလိုပွဲမျိုးကြည့်ရတော့ ဘယ်သူမှ လက်လွတ်မခံချင်ကြဘူး။ နောက်ဆုံး သူငယ်ချင်းကိုလည်း အားနာတာရော၊ မီးပန်းလွှတ်တာကို ကောင်းကောင်း မြင်ရတာရော၊ ပစ်လွှတ်နေတဲ့ မီးပန်းတွေက အရမ်းလှတာကြောင့် မိုးရွာထဲမှာပဲ ပြီးတဲ့အထိ ကြည့်လိုက်ပါတော့တယ်။ လူကတော့ ထီးမပါ ဘာမပါနဲ့ ကြွက်စုတ်ကို ဖြစ်သွားတော့တာပဲ။ ဓာတ်ပုံအရိုက်ခံဖို့ အတွက် “ပဲ”များထားတာတွေလည်း မိုးရွာတော့ အကုန် ပျက်ကုန်တာပေါ့။ မီးပန်းလွှတ်တာလည်း ပြီးရော ကိုရွှေမိုးက တိကနဲကို တိတ်သွားလိုက်တာ၊ စောစောက သည်းကြီးမည်းကြီး ရွာတာ သူမဟုတ်သလိုပါပဲ။


*****


မီးပန်းလွှတ်တာ ကြည့်ပြီး အပြန် လမ်းမှာ ထုံးစံအတိုင်း ကျမတို့ သူငယ်ချင်းတွေ နောက်နှစ်ကျရင် ဆိုပြီး Plan က စတော့တာပါပဲ။ အရင်နှစ်ကတော့ မိုးမရွာဘူး၊ ဒါပေမယ့် ရတဲ့နေရာက မီးပန်းလွှတ်တာကို မမြင်ရတာမို့ နေရာကောင်း မဟုတ်ခဲ့ဘူး။ ဒီနှစ်ကျပြန်တော့လည်း နေရာက ကောင်းပေမယ့် မိုးက ဖျက်လိုက်သေးတယ်။ အင်း.. နောက်နှစ်ဆိုရင်တော့ အားလုံး All Perfect!! ဖြစ်မယ်လို့ မျှော်လင့်ရင်း ပျော်ရွှင်စွာပဲ အိမ်ပြန်လာခဲ့ကြပါတော့တယ်..



ပုံ(၁)


ပုံ (၂)



ပုံ(၃)

ဒီမီးပန်းပုံတွေက သူငယ်ချင်းတစ်ယောက်က မိုးရွာထဲမှာ ခက်ခက်ခဲခဲ လှမ်းရိုက်ထားတာ။ Tripod ပါလာပေမယ့် မိုးရွာလို့ လက်နဲ့ ထိန်းပြီး ရိုက်ရတယ်။ အနောက်ကနေ တစ်ယောက်က သူ့ကို ထီးဆောင်းပေးထားရတယ်ပေါ့။ ပုံကောင်းတွေတောင် ရမယ် မထင်ထားဘူး။ ဓာတ်ပုံတွေ ကြည့်ရအောင် Blog ပေါ် တင်ပေးလိုက်ပါတယ်။

သြဂုတ် ၁၆၊ ၂၀၀၈။

August 1, 2008

For my....

ပြီးခဲ့တဲ့ ပို့စ် မှာတုန်းက မတန်ခူး က ဒီလိုလေး comment ပေးသွားတယ်...နုရေ… ပျော်စရာလေးနော်… အဲဒီလို အလိုလိုက်တတ်တဲ့ ခင်ပွန်းလေးကို အပြတ်ချက်ပြုတ်ကျွေးလိုက်… ဒါမှအရုပ်တွေ အများကြီးရမှာ… တဲ့။ နောက်ပြီး အိုးဝေ က မဇနိရဲ့ “နိပွန်ပြည်မှာ အိမ်ငှားမယ်” ဆိုတဲ့ ပို့စ်မှာ ကိုယ်က comment ၀င်ရေးထားတော့ ညီမလေး မဇနိက ဒီလိုလေး ပြောပြန်ရော.. “မမနုစံတို့က ပြောအားရှိတယ်။ အိမ်ဦးနတ်ကြီးတွေရှိတာကိုနော်။ အိမ်ဦးနတ်တန်ခိုးတွေသိရင် ဟင်းကောင်းကောင်းချက်ကျွေးလိုက်နော်။ မမတို့လို ရုံးရှိတဲ့သူက အဆင်ပြေလိုက်တာနော်။”


မတန်ခူး
နဲ့ မဇနိတို့ရဲ့ comment လေးတွေ ဖတ်ပြီးတော့ ကျမ တခွီခွီနဲ့ ရီပြီး သူ့ကို ဖတ်ပြရင် သူက “ဟုတ်သားပဲ ဟင်းကောင်းကောင်းချက်ကျွေးပေါ့”ဆိုပြီး ပြန်နောက်တတ်ပါတယ်။ နောက်ပြီး အိမ်ရှင်မ ပီသတဲ့ ညီမလေး မြရွက်ဝေ ရဲ့ blog မှာဆိုရင် မနက်တိုင်း သူ့အမျိုးသားအတွက် ဖွယ်ဖွယ်ရာရာလေးတွေ ပြင်ဆင်ပေးပြီး ထမင်းချိုင့်ထည့်ပေးတာ မြင်ရတော့ “တော်လိုက်တာ” လို့ စိတ်မှာချီးကျူးမိတယ်။ ပြီးတော့ အိမ်ထောင်ထိန်းသိမ်းတတ်တာလေးတွေ သဘောကျလို့ သူ့ပို့စ်တွေ ဖတ်ပြီးရင် ကိုယ့်ရဲ့ ညံ့ဖျင်းမှုတွေက ပိုသိသာလာတယ်။


*****


မရှက်တမ်း ၀န်ခံရရင်တော့ ကျမက အိမ်မှုရေးရာအပြင် မိန်းကလေးတွေ တတ်အပ်တဲ့ အတတ်ပညာတွေကို ဘာမှဖြစ်ဖြစ် မြောက်မြောက် မတတ်ပါဘူး။ အဲ.. မတတ်ဘူးလားဆိုလည်း မဟုတ်ပြန်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ပေါ့။ အဲဒီလို လူမျိုးတွေက ပိုဆိုးတယ်ဆိုရမလားပဲ။ အရင် ၁၀ တန်းအောင်ခါစတုန်းက စက်ချုပ်သင်တန်း တက်လိုက်သေးတယ်။ ဓမ္မဇေတီလမ်းက အိမ်တွင်းမှုသင်တန်းကျောင်းမှာလည်း သွားတက်လိုက်သေးတယ်။ အဲဒီလိုတွေ တတ်ပြီးတော့ အင်္ကျီတစ်ထည်ဖြောင့်ဖြောင့်ချုပ်တတ်သလား ဆိုတော့လည်း မချုပ်တတ်ပြန်ဘူး။ သင်တန်းပြီးခါစတုန်းက လက်သင်အဖြစ် သူများအင်္ကျီလေးတွေ ယူချုပ်ပေးသေးတယ်။ ကိုယ်က ချုပ်ခ မယူပဲ “အလကား ချုပ်ပေးပါရစေရှင့်” ဆိုပြီးတော့ကို ချုပ်ပေးတာ။ အပြင်လူတော့လည်း အာမခံပြီး မချုပ်ပေးရဲဘူးလေ၊ ကိုယ့်အကြောင်းကိုယ်သိပြီးသားမို့။ ခင်တဲ့သူတွေကိုပဲ ချုပ်ပေးတာ။ သူတို့ကတော့ ကိုယ့်ကို ယုံကြည်ပြီး ပုံအပ်ရှာတယ်။ ကိုယ်ကလည်း စေတနာအပြည့်နဲ့ချုပ်ပေးတာပဲ။ ဖြစ်ချင်တော့ အင်္ကျီစ ညှပ်ရင် အောက်မှာ ပိတ်စ ၂ ထပ်ပူးညှပ်မိရတာနဲ့၊ လက်ပေါက်ကို မှားညှပ်မိရတာနဲ့၊ ပိတ်စကို ဗြောင်းပြန်ညှပ်မိရတာနဲ့။ အို.. မျိုးစုံနေတာပဲ။ နောက်ဆုံး ဘာလုပ်ရလဲဆိုတော့ အမေက သူများပိတ်စ နမူနာကို ယူပြီး ဈေးပြေးရတော့တာပေါ့။ အစားပြန်လျော်ပေးဖို့။ အမေ့ အင်္ကျီဆိုရင်တော့ ကိစ္စမရှိဘူးလေ။ ပြန်မလျော်ပေးလည်းရပေမယ့် အဒေါ်တွေ အင်္ကျီဆိုရင် ရှိစုမဲ့စုလေးတွေ ၀ယ်စုထားပြီး ချုပ်ခ သက်သာအောင် ကိုယ့်ဆီလာအပ်တာဆိုတော့ လျော်ပေးမှ ကောင်းမှာပေါ့နော်။ အစတုန်းကတော့ အမေကိုယ်တိုင်က “ဒီလောက်တော့ ရှိမှာပေါ့ သမီးရယ်၊ နင့်ဟာက အစပဲရှိသေးတာ၊ နောက်သတိထားပေါ့”တဲ့။ ၂ ခါ ကနေ ၃ ခါ၊ ၃ ခါကနေ ၄ ခါလည်းကျရော အမေလည်း လျော်ရတာ ဆက်တိုက်ဖြစ်လာလို့ နောက်ဆုံး “တော်ပါတော့ သမီးရယ် နင့်ဟာက ချုပ်ခမရတဲ့အပြင် လျော်ရတာနဲ့ တောင်မကာမိတော့ဘူး”တဲ့လေ။ အဲဒီနောက်ပိုင်း အင်္ကျီချုပ်တာ တစခန်းရပ်သွားတယ်။ ပုဆိုးတို့ ထမီတို့လောက်တော့ ရပါသေးတယ်.. :D


အင်္ကျီချုပ်ပြီးသွားတော့ ၂ ချောင်းထိုး ၁ ချောင်းထိုး တက်တင်းတွေ လုပ်လိုက်သေးတယ်။ အဲဒါလည်း တစ်ထည်ပြီးဖို့ဆို တော်တော်အချိန် ကြာတယ်။ နောက်ပြီး မျက်မှန်တပ်ရတော့ အဖေက မျက်စိအားနည်းမှာ စိုးလို့ မလုပ်စေချင်ဘူး။ ကိုယ်ကလည်း အဖေ့စကား နားထောင်ပြီး ဘာမှ မကိုင်ဖြစ်တော့ဘူး။ ဒါကြောင့် ပုဝါ၊ တီဗွီအုပ်တဲ့ဟာ၊ စားပွဲခင်း အဲဒါလောက်ပဲ ရတော့တယ်။ အင်္ကျီထိုးတဲ့အဆင့်က တစ်ထည်လားပဲပြီးလိုက်တယ်။ မှတ်မှတ်ရရ ပထမဆုံး ထိုးလိုက်တဲ့ ၁ ချောင်းထိုးအင်္ကျီလေးက ကိုယ့်အတွက်ထိုးတာ၊ အရမ်းသေးပြီး ၅ တန်းတက်နေတဲ့ ညီမ ၀မ်းကွဲလေးအတွက်ဖြစ်သွားတယ်။ အဲဒီလောက်ကို တော်တာ။ အခုဆို မျက်လုံးက ပိုတောင်ဆိုးလာသေးတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သက်ညှာတဲ့အနေနဲ့ ကွန်ပျူတာပဲ စွဲစွဲမြဲမြဲ သုံးတော့တယ်။ တခြားမှာ သိပ်ပြီး အားမစိုက်ဖြစ်တော့ဘူး.. :D


*****


အချုပ်အလုပ်မရလို့ အချက်အပြုတ် အရမ်းကျွမ်းကျင်တယ်လို့ မထင်ပါနဲ့။ အချက်အပြုတ် မီးဖိုချောင်အလုပ်လည်း စားလို့ဖြစ်အောင် ချက်တတ်တယ်။ အာမခံတာက ပျက်စီးပြီး စားမရလို့ သွန်ပစ်လိုက်တာမျိုးတော့ မရှိဘူး။ ၁၀ တန်းအောင်ပြီးကတည်းက မီးဖိုချောင်ဝင်၊ အိမ်က ကိစ္စတွေ လုပ်လာတာဆိုတော့ သန့်ရှင်းရေး မီးပူတိုက် ဟင်းချက်က သာမန်အဆင့်ပေါ့လေ။ အဲဒီတော့ အမေက ပြောတယ်။ သမီးအိမ်ထောင်ကျရင် အိမ်မှုကိစ္စအတွက် စိတ်မပူဘူးဆိုပဲ။ အမေ စိတ်မပူအောင် ကျမကပဲ ကံကောင်းတာလားတော့ မသိဘူး။


ကျမ အမျိုးသားက အရင်တုန်းကဆို သူ့အင်္ကျီဆိုရင်လည်း မီးပူတိုက်ချင်မှ တိုက်တာ။ အခုတော့ ကျမက မီးပူတိုက်ပေးပြီး ချိတ်နဲ့ ချိတ်ထားပေးရင် အပြင်သွားခါနီးပဲဖြစ်ဖြစ် ရုံးသွားခါနီးပဲဖြစ်ဖြစ် ယူဝတ်သွားရုံပဲ။ နည်းနည်းတော့ သားနား လာတာပေါ့လေ။ တခါတလေ မီးပူမတိုက်နိုင်ရင်လည်း “ရတယ် ကိစ္စမရှိဘူး” ဆိုပြီး သိပ်မကြေတဲ့ အင်္ကျီကို သူ့ဘာသာသူ ယူဝတ်သွားတတ်တယ်။ အိမ်နေရင်း အင်္ကျီဆိုရင်လည်း “ပင်ပန်းတယ် မီးပူမတိုက်နဲ့” လို့ပြောပေမယ့် ကျမကတော့ အားလုံး မီးပူတိုက်ရမှ ကျေနပ်တာမျိုးပါ။ ဒါကြောင့် အင်္ကျီတွေ မီးပူတိုက်ခြင်း မတိုက်ခြင်းက သူ့အတွက် ဘာမှ မဖြစ်တာ အမှန်ပါပဲ။ နောက်ပြီး ကျမချက်ကျွေးသမျှ သူ့အတွက် အကုန်ကောင်းတယ် ဆိုတာချည်းပဲ (မဟုတ်ရင် ငတ်မယ်လေ.. ဒီက အမြှောက်အပင့်ကြိုက်တာ သူသိတယ်.. :D) ။ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက အဆောင်မှာ နေခဲ့တဲ့သူ ဆိုတော့ ကျမလက်ရာက အဆောင် ထမင်းဟင်းထက် သာနေသမျှ သူကတော့ ကောင်းတယ်ပဲပြောမှာ သိနေတယ်လေ..။


သူ့ညီမလေးနဲ့ ညီလေးက စာရေးတိုင်းကျမကို မှာရှာတယ်။ “မမ ဟင်းချက်ကောင်းလို့ ကိုလေး အရမ်းဝနေပြီ။ ကောင်းတာတွေချည်း ချက်မကျွေးပါနဲ့”တဲ့။ အမှန်က ကျမဟင်းချက်ကောင်းတာ မဟုတ်ဘူးဆိုတာ သူတို့မသိဘူး။ သူ ကိုက ချက်သမျှကို အကုန်စားတတ်တာ။ ဘာမှ ဟင်းဂျီးမများပဲ ရှိတာနဲ့ စားတတ်တာက သူ့အကျင့်လိုဖြစ်နေတာ။ ကျမက ကိုယ်ပါးစပ်တွေ့တဲ့ အစားအစာ၊ ကြိုက်တာ ဆိုရင် နင်းကန် စားတော့တာပဲ။ မကြိုက်တာဆိုလည်း လုံးလုံး မစားဘူး။ အဲဒါကြောင့် ကျမ အဖေကဆို ဖုန်းဆက်တိုင်း မှာရှာတယ်။ “ကြိုက်တာတွေဆိုရင် ဗိုက်နင့်အောင် မစားနဲ့ ကိုယ့်ဟာကိုယ် ချင့်ချိန်စား”တဲ့။


သူကတော့ ကျမလို မဟုတ်ဘူး။ ကြိုက်လို့စားရင်လည်း သူစားနေကျအတိုင်းပဲ စားတယ်။ မကြိုက်ဘူး ဆိုရင်လည်း သူစားနေကျ ဗိုက်ပြည့်အောင် စားတတ်တော့ ဘာနဲ့မဆို သူအတွက်က အိုကေမှာ စိုပြေတာပေါ့။ သူ့ကို “ဘာစားချင်လဲ၊ ဘာချက်ကျွေးရမလဲ” လို့ မမေးနဲ့။ သူမဖြေတတ်ဘူး။ “ရှိတာနဲ့ အဆင်ပြေအောင်သာ ချက်ပါ” တဲ့။ ဒါမှမဟုတ် ကျမ စားချင်တာ ချက်ပါတဲ့။ အဲဒါဆိုတော့ တပတ်စာ ဟင်းချက်ပြီဆိုရင် သူ့အကြိုက်ထက် ကိုယ့်အကြိုက်က ပိုများတယ်။ ကိုယ်စားချင်တာကို သူလည်း စားနိုင်တော့ သိပ်ပြီး စဉ်းစားနေစရာ မလိုတော့ဘူး။ ဒါပေမယ့် သူက ၀က်သားမျှစ်ချဉ်လိုမျိုး ကြက်သားဗူးသီးလိုမျိုး အသားတခုခုနဲ့ အရည်လေးပါရင်တော့ ထမင်းပိုစားတတ်တယ်။ အဲဒါတွေလောက်ပဲ သူ့အတွက် သေချာ စီစဉ်ပေးရတာရှိတယ်။ တချို့ရက်ဆိုရင် အရွက်တခုခုပါအောင်လို့ လုပ်ပေးရတယ်။ အလုပ်တအားရှုတ်တဲ့နေ့မျိုး ဆိုရင်တော့ အိမ်နားက တရုတ်ဆိုင်မှာ ဟင်းဝယ်စားလိုက်တယ်။ ဟင်းမ၀ယ်ဖြစ်လို့ လက်ဖက်သုပ်လေးနဲ့ စားလိုက်ပါဆိုလည်း သူစားတယ်။ ဒါမှမဟုတ် လက်ဖက်ထမင်းနယ်ပေးပြီး ကြက်ဥလေး ကြော်ပေးလိုက်လည်း သူစားနိုင်တယ်။ ဘယ်တော့မှ ဟင်းဂျီးမများတဲ့အတွက် သူ့ကို ကျေးဇူးတင်ရတယ်။ ထမင်းအတူ စားတိုင်း ဘယ်တော့မဆို သူ့ကို “စားကောင်းလား” မေးရင် “အို.. စေတနာထည့်ချက်ထားတဲ့ ဟင်းမို့ စားကောင်းတယ်”ဆိုပဲ။ သူစားကောင်းနေသရွေ့ ကိုယ်ကလည်း တတ်နိုင်သလောက် မမောနိုင် မပန်းနိုင် ချက်ကျွေးရမှာပေါ့နော်။ မတန်ခူးနဲ့ မဇနိရေ.. ဟင်းကောင်းကောင်း ချက်ကျွေးတယ်နော်.... ယုံပြီဟုတ်.. :)


တခါတလေ ဟင်းချက်ရမှာပျင်းရင် အိမ်မှာ အသားကင် (Yakiniku 焼肉) လုပ်စားတယ်။ လုပ်ရတာက ဘာမှ မခက်ပါဘူး။ အိမ်နားက ဈေးဆိုင်ကနေ Yakiniku လုပ်ထားပြီးသား အသားဝယ်ပြီး GAS မီးဖို ပြင်လိုက်ရင် ရပြီ။ သူနဲ့တို့စားဖို့ sauce ကလည်း ၀ယ်လို့ရတယ်။ ချဉ်စပ်လေး စားချင်ရင်သာ ကိုယ့်ဘာသာကိုယ် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်းပြီး သံပုရာရည်ညစ်ထားတဲ့ အချဉ်လုပ်လိုက်တာ။ လုပ်ရတာ လွယ်လွန်းလို့ ဘာမှကို မလုပ်ရသလောက်ပဲ.. :P


ဒါလေးက တုံယမ် ဟင်းချို၊ ကိုယ့်ဘာသာကိုယ် အင်တာနက်ကနေ ရှာချက်ထားတာ။ သောက်လို့တော့ ဖြစ်သွားတာပဲ။ ဆိုင်ချက်လောက် မကောင်းဘူး။


Sea Food ကို မျှစ်၊ ငရုတ်သီးပွ နဲ့ ကြော်ထားတာ။ ထိုင်းဆိုင်မှာ ၀ယ်စားရင် အရမ်းစားလို့ကောင်းတယ်။ စပ်လည်း စပ်တယ်။ ပြီးတော့ မွှေးလည်း ပိုမွှေးတယ်။ ရှောက်ရွက်လည်း ထည့်ရတယ်၊ နောက်ပြီး ထိုင်းကနေ ထုတ်တဲ့ sauce တစ်မျိုးလည်း ထည့်တယ်လို့ ထင်တယ်။ ကိုယ့်ဘာသာကိုယ် ထင်ရာလျှောက်ထည့်ပြီးချက်ကြည့်တာ အခုထိတော့ မအောင်မြင်သေးဘူး။


ဒါက ကြက်သားကင်ထားတာ။ တို့စားတဲ့အချဉ်က မန်ကျီးသီးအနှစ်ထဲကို ငံပြာရည်၊ နံနံပင်၊ သကြားနည်းနည်း၊ ငရုတ်သီးမှုန့် ထည့်ပြီး ဖျော်ထားတာ။ ကြက်သားနဲ့ တို့စားရင်စားလို့ကောင်းတယ်။


ပုဇွန်ချဉ်စပ်က မလု ဆီက ကြည့်ပြီးချက်ထားတာ။ ပြီးတော့ မုန်ညှင်းရွက် ကြက်အသည်းအမြစ်နဲ့ ငုံးဥပါထည့်ထားသေးတယ်။ ပဲတီချဉ် တို့စရာ။


ပိတ်ရက်တုန်းက ချက်စားတဲ့ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ သေချာစားရတာမို့ အမှတ်တရ ရိုက်ယူထားတာ။ သူငယ်ချင်း တိုကျိုသွားလို့ ပဲကြော် လူကြုံမှာလိုက်တာ။ စားလို့ကောင်းပေမယ့် တစ်ထုပ်ကို ယန်း ၅၀၀ ပေးရတယ်.. :(


ဒီမှာက ပင်လယ်ငါးတွေများတယ်။ ပင်လယ်ငါးကျတော့ကိုယ်က မစားနိုင်ဘူး။ အခုရက် အတွင်း ရေချိုငါးနဲ့တူတာတွေ့လို့ ချက်စားကြည့်တာ နူးညံ့ပြီး စားလို့ကောင်းတယ်။ ငါးနာမည်ကတော့ အယု (ayu あゆ) တဲ့။ အရိုးနည်းနည်းများပေမယ့် စားချင်တော့လည်း စိတ်ရှည်ရှည်နဲ့ သူ့လည်းအရိုးနွှင်၊ ကိုယ်လည်း အရိုးကြည့်ရှောင်ပြီး စားရတာပဲ။ ၄ ကောင်လောက်ကို ယန်း ၆၀၀ ပေးရတယ်။ ကန်စွန်းရွက်ကြော်၊ တို့စရာပေါ့။ ကန်စွန်းရွက်ကတော့ အခုနွေဘက်မို့လို့ ပေါပေါများများ ရတယ်။ ဓာတ်ပုံထဲက ဟင်းကြည့်ရတာ ဆီများ နေသလိုပဲနော်။


မုန်လာဥ အချဉ်ဟင်းချက်ပြီး ပုဇွန်သုပ်တာ။ ပုဇွန်သုပ်က အချဉ်ဟင်းနဲ့တော့ မလိုက်ဖက်ဘူး။ ဒါပေမယ့် ပိတ်ရက်ဆိုတော့ ဈေးမ၀ယ်ရသေးရင် အဲဒီလိုပဲ ရှိတာလေးတွေ ပြင်ဆင်ပြီးနေ့လည်စာ စားလိုက်တယ်။ ပြီးမှ ဈေးသွားတာဆိုတော့ ဟင်းတွေက လုံးဝကို မလိုက်ဘူး။


အုန်းနို့ခေါက်ဆွဲ၊ ချက်စားထားတာက ကြာလှပေါ့။ အခုမှ ဓာတ်ပုံတွေ့လို့ တင်လိုက်တာ။ ဒီမှာက နွေဘက်ဆိုတော့ အခုလောလောဆယ်တော့ အုန်းနို့ခေါက်ဆွဲ မချက်ကျွေးရဲသေးဘူး။ တော်ကြာ နေပူပြီး သွေးတိုးလို့ ဒုက္ခ.. :P


မုန်ညှင်းရွက်၊ ပဲသီး၊ ငရုတ်ပွနဲ့ ကြက်အမြစ်ကို ခရုဆီနဲ့ရောကြော်ထားတာ။ ပြီးတော့ ပုဇွန်နဲ့ ကမာလိုမျိုး အကောင်ကို ရောသုပ်ထားတာ။ မြန်မာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ ဂျပန်လိုတော့ ဟိုတတဲ့ (ほたて) တဲ့။ နောက်တစ်ခွက်က ၀က်အသည်းကိုကြော်ထားတာ။


ဒီဟင်းတွေက အလုပ်များပြီး အိမ်မှာ မချက်နိုင်တုန်းက ၀ယ်စားတာ။ ပုဇွန် ချဉ်စပ်က မစပ်ဘူး နည်းနည်းတော့ ချဉ်တယ် ၊ ဒီဘက် အစိမ်းကြော်၊ အဲဒီလိုမျိုး ကြော်တာ ကျမကြိုက်လို့ အိမ်မှာလည်း ခဏခဏ စားဖြစ်တယ်။ ဒီမှာက မုန်ညှင်းတစိတ်လောက်ဝယ်ရင်ကို တော်တော်များနေပြီ ဆိုတော့ ၂ ၊ ၃ ခါ ကြော်စားမှပဲ ကုန်တော့တယ်။ ပြီးတော့ ဖက်ထုပ်ကြော်။


တခါတလေဆိုရင် ရန်ကုန်က အလှူထမင်းမျိုး အရမ်းစားချင်တာ။ အဲဒါဆိုတော့ ဒန်ပေါက်စားချင်ရင်လည်း ready made ထုပ်ဝယ်ပြီး ကြက်သားဟင်းနဲ့ တွဲစားရတယ်။ ဒန်ပေါက်ထုပ်က ကုန်နေတော့ ထမင်းဖြူနဲ့ပဲစားလိုက်တော့တယ်။ ဒီကြက်သားချက်နည်းက အမ တစ်ယောက်ဆီက ရထားတာ။ ကြက်သားကို ဒိန်ချဉ်နဲ့ နပ်ပြီးတော့မှ ချက်တာမို့ စားလို့ကောင်းတယ်။ ပြီးတော့ ပုဇွန်ခြောက်ကြော်၊ သရက်သီးသနပ်၊ သခွားသီးအချဉ်၊ ချဉ်ပေါင်ဟင်းချို အတူစားတော့ အလှူထမင်း မဟုတ်ပေမယ့် နည်းနည်းတော့ ဆင်တူသွားတာပေါ့။


ကြက်သား ကညွတ်အရည်ချက်ပြီးတော့၊ မရမ်းသီးထောင်း၊ ၀က်သားလုံးနဲ့ ချိုချဉ်ကြော်။ စင်ကာပူက သူငယ်ချင်းဆီက လက်ဆောင်ရကတည်းက မရမ်းသီးထောင်း ထောင်းစားထားတာ။

*****

အမှန်တော့ ဒီဟင်းတွေက ချက်ထားတာလည်း ကြာလှပါပြီ။ စိတ်ကူးပေါက်တဲ့အခါ၊ ကြုံတဲ့အခါ ဓာတ်ပုံတွေ ရိုက်ထားပြီး blog မှာ တင်မလို့ပါပဲ။ နောက်တော့ ပျင်းတာနဲ့ မတင်ဖြစ်တော့ဘူး။ အခုတလောတော့ ဘာရေးရမှန်းမသိတာနဲ့ ဆားချက်လိုက်တာ နည်းနည်းတောင် ငန်သွားသလိုပဲ။ ဓာတ်ပုံတွေကတော့ အဆင်ပြေတာလေးတွေပေါ့။ အဆင်မပြေတာတွေကြတော့လည်း ဖွက်ထားလိုက်ရတယ်။ ဘယ်သူမှ မသိပါဘူးနော်.. :D

သြဂုတ် ၂၊ ၂၀၀၈။