December 6, 2009

Coffee


[Photo Link]

ကော်ဖီဆိုတာ ကော်ဖီပင် က ရတဲ့ အစေ့ကို လှော်ပြီး အမှုန့်ဖြစ်အောင် ကြိတ်၊ ရလာတဲ့ ကော်ဖီမှုန့် ကို ပုံစံအမျိုးမျိုးလုပ်ပြီး သောက်ကြတယ်လို့ ကျမ သိထားပါတယ်။ Caffeine ဓာတ်ပါလို့ လူကို လန်းဆန်း တက်ကြွစေပါတယ်။ များများသောက်မိရင်တော့ ရင်တုန်ပြီး အိပ်လို့ မရဘူးဆိုတာ ကိုယ်တိုင်လည်း ခံစားဖူးတယ်။ အင်္ဂလိပ် စကားလုံး Coffee ကိုပဲ မြန်မာတွေက “ကော်ဖီ” ဆိုပြီး တိုက်ရိုက်မွေးစား ခေါ်ဝေါ်သုံးစွဲကြတယ်။ စစ်မဖြစ်ခင်က ရုပ်ရှင်ကားတွေ ကြည့်ရင် အဲဒီခေတ်တုန်းက ကော်ဖီကို “ကာဖီ” လို့ ခေါ်တာ ကြားဖူးပါတယ်။ ဂျပန်မှာတော့ ကော်ဖီကို ကိုးဟီ (コーヒー) လို့ ခေါ်ကြတယ်။

*****

ကျောင်းပြီးလို့ အလုပ်မ၀င်ခင်အချိန်အထိ ကျမ ကော်ဖီကို စွဲစွဲမြဲမြဲ မသောက်တတ်ဘူး။ ငယ်ငယ်တုန်းကတော့ ကျမတို့ အဒေါ်က နွားနို့ များများနဲ့ တစ်ခါတလေ ဖျော်တိုက်တတ်တယ်။ ဒါပေမယ့် ကော်ဖီသောက်ရတာထက် နွားနို့ကြီးပဲ သောက်ရတာ ပိုများပါတယ်။ အဲဒီအချိန်တုန်းက သောက်ရတဲ့ကော်ဖီက လက်ရွေးစင် ကော်ဖီမှုန့်ကို နို့ဆီနဲ့ သကြားနဲ့ ဖျော်ထားတာဆိုတော့ ကော်ဖီမှုန့်တွေ အောက်မှာ အနယ်ထိုင်မှ သောက်လို့ရတယ်။ နို့မို့ဆို အနယ်တွေနဲ့ သောက်မကောင်းဘူး။ နောက်ပိုင်းတော့ အိမ်မှာလည်း ကော်ဖီမဆောင် ထားဖြစ်တော့ဘူး။ ဧည်သည်လာရင်တောင် ရေနွေးကြမ်းနဲ့ပဲ ဧည့်ခံဖြစ်တယ်။ အရေးကြီးတဲ့ ဧည့်သည်မျိုးဆိုရင်တော့ အိမ်ဘေး လက်ဖက်ရည်ဆိုင်က မှာပြီး ဧည့်ခံလိုက်တာပါပဲ။

၂၀၀၀ ခုနှစ်မှာ အလုပ်လုပ်ဖြစ်တော့ ကုမ္ပဏီရဲ့ အချိန်ဇယားအရ မနက် ၉ နာရီ မှာ အလုပ်လာ၊ နေ့လည် ၁၂ နာရီကနေ ၁ နာရီအထိ ထမင်းစား နားပြီး၊ နေ့လည် ၃ နာရီခွဲကနေ ၄ နာရီ အထိက Tea Time ပါ။ ဒါကြောင့် မနက် ရုံးလာပြီဆိုရင် နေ့လည် Tea Time မှာ စားဖို့ မုန့်တွေ ဘာတွေ ယူလာဖြစ်တယ်။ ထမင်းချိုင့်အပြင် ကော်ဖီသောက်ဖို့ ခွက်လည်း ယူလာခဲ့ရတယ်။ အခုနေ ပြန်တွေးကြည့်တော့ ရီတော့ ရီရသားပဲ။ ခြင်းတောင်း ကိုယ်စီနဲ့ ခြင်းတောင်းထဲမှာ မုန့်ဘူးရယ်၊ ကော်ဖီသောက်ဖို့ ခွက်ရယ် ထမင်းချိုင့်နဲ့ဆိုတော့ မူကြိုကလေးတွေ ကျောင်းသွားသလိုပဲ။ ကိုယ့်နာမည်ကို ကဒ်ထူစာရွက်ပေါ်မှာ ရေးပြီး ခြင်းမှာ မကပ်ထားတာ တစ်ခုပဲ ကွာတယ်။

အလုပ်စ၀င်တုန်းကတော့ Tea Time မတိုင်ခင်မှာ ရုံးဝန်ထမ်းတွေက ကော်ဖီဖျော်ဖို့ ရေနွေး ဓာတ်ဘူးကြီး ၂ ဘူးနဲ့ အပြည့်တည်ထားပေးပြီး အလွယ်တကူ ဖျော်သောက်လို့ရအောင် Ready Made ကော်ဖီထုပ်တွေ ထားပေးထားတယ်။ ယောင်္ကျားလေးအများစုက အပြင်ထွက်ပြီးပဲ လက်ဘက်ရည်ဆိုင် ထိုင်ကြတယ်။ ကျမတို့ကတော့ ရုံးက ထုတ်ပေးတဲ့ ကော်ဖီပဲ ဖျော်သောက်ကြပြီး သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တာ ပိုများပါတယ်။ အဲဒီတုန်းက သောက်ရတာက Super Coffee Mix။ နောက်ပိုင်း Super Coffee Mix က ဈေးကြီးလို့လား မသိဘူး Mikko ၊ Gold Roast ၊ Super One တံဆိပ်တွေ ပြောင်းသောက်ရတယ်။ အဲဒီအချိန်တုန်းက Mikko တို့ Gold Roast တို့ကလည်း ကြော်ငြာအားကောင်းနေချိန်ပေါ့။ ပြီးတော့ Tea Mix ထုပ်တွေနဲ့ မျှပေးပါသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။

ဒီလိုနဲ့ ရုံးမှာ ၃ နှစ်လောက်ကြာလာတော့ ကော်ဖီသောက်ဖို့အတွက် ရေနွေးကို ကိုယ့်ဘာသာကိုယ် တည်ရတဲ့ အပြင် သောက်ရတဲ့ ကော်ဖီကလည်း တခါတလေဆို မကောင်းဘူး။ ဘာတံဆိပ်တွေမှန်းတောင် မမှတ်မိတော့ပါဘူး။ နောက်ပြီး ကော်ဖီချိန်ဆို ကော်ဖီထုပ်ကို ရုံးခန်းမှာ မျက်နှာပူပူနဲ့ သွားပြီး တောင်းရတယ်။ အဲဒါလည်း ကျမတို့က မျက်နှာပူပူနဲ့ တစ်ယောက်တစ်လှည့် သွားတောင်းကြတာပဲ။ Tea Time ကို ရုံးက ပေးတဲ့ ကော်ဖီက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကော်ဖီသောက်ရင်း ကျမတို့ ကုန်ဆုံးခဲ့ကြတယ်။ အဲဒီ ရုံးမှာ အလုပ်လုပ်ကတည်းက စလို့ ကျမ ကော်ဖီကို စွဲစွဲလန်းလန်းသောက် ဖြစ်ခဲ့တယ် ဆိုလည်း မမှားပါဘူး။ ပြန်တွေးကြည့်မိရင် ရုံးက Tea Time ကို တကယ်လွမ်းမိပါတယ်။ ပြောစရာရှိတာ၊ ဝေမျှစရာရှိတာ ၊ ရင်ဖွင့်စရာရှိတာတွေကို ကော်ဖီသောက်ရင်း သူငယ်ချင်းတွေနဲ့ ပြောဆိုဖြစ်ခဲ့ကြတာပေါ့။ ဒါကြောင့် နေ့လည် နေ့ခင်းများ ကော်ဖီမသောက်ရရင် တစ်ခုခု လိုနေသလို ခံစားရတယ်။ နောက်ဆုံး ရုံးပိတ်ရက် အိမ်မှာပါ သောက်ရအောင် ဆောင်ထားတတ်လာတယ်။

*****

ဂျပန်မှာ အလုပ်လုပ်ရတော့ ဒီမှာက ၃ နာရီခွဲ Tea Time ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကော်ဖီကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဖျော်သောက်လို့ရပါတယ်။ ရုံးမှာ အမြဲတမ်းထားတာက Brooke's တံဆိပ် ကော်ဖီထုပ်တွေပါ။ အ၀ါရောင်နဲ့ အပြာရောင် ရှိပြီး အ၀ါရောင်ကတော့နည်းနည်း အခါး ပေါ့တယ်။ အပြာရောင်ကတော့ အရသာ ပိုပြင်းတယ်။ နောက်ပြီး သကြားချောင်းတွေ နဲ့ Cream ဘူးလေးတွေပါ ပေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် ဖျော်ပြီး သောက်လို့ရတာပေါ့လေ။ ဂျပန်တွေကတော့ အဲဒီ ကော်ဖီကို သကြားနဲ့ Cream မထည့်ပဲ ဒီအတိုင်း ရေနွေးနဲ့ဖျော်ပြီး သောက်လေ့ရှိကြတယ်။ ကျမကတော့ အဲဒီ ကော်ဖီ အရသာကို သိပ်မကြိုက်လှပေမယ့် ရုံးမှာက ဒီတံဆိပ်ပဲ ရှိတာမို့ ဒါပဲ အလွယ်တကူ ဖျော်သောက်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်ဖီသောက်တတ်တဲ့ အကျင့်က ပါနေတော့ ရုံးမှာ ထမင်းစားပြီး နေ့လည်ဘက်ဆို ကော်ဖီတခွက်လောက် ဖျော်သောက်လိုက်ရမှ အဲဒီနေ့အတွက် နေသာတော့တာပါပဲ။




ကော်ဖီကို ၈ နှစ်နီးပါး နေ့တိုင်းလိုလို သောက်နေရာကနေ သမီးလေး ကိုယ်ဝန် ရှိလာတော့ ကော်ဖီသောက်လို့ မရတော့ပါဘူး။ သူများတွေ ကော်ဖီသောက်ရင် ကျမလည်း အရမ်းသောက်ချင်ပေမယ့် Caffeine ဓာတ်ပါလို့ ကိုယ်ဝန်ဆောင်သည်တွေ မသောက်သင့်ဘူးလို့ ဆိုထားလေတော့ မသောက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ရုံးမှာ ထမင်းစားပြီးရင် အာသာပြေ သစ်သီးဖျော်ရည် တစ်ခုခု အစားထိုးပြီး သောက်ဖြစ်ခဲ့တယ်။ ကော်ဖီကိုလည်း စိတ်က မပြတ်နိုင်သေးတာမို့ တရက် ကလေးပစ္စည်းတွေရောင်းတဲ့ဆိုင် မှာ ကိုယ်ဝန်ဆောင်သည်တွေအတွက် Nescafe ကနေ Caffeine-Less ကော်ဖီ ရောင်းတာ တွေ့လို့ ၀ယ်လာဖြစ်ခဲ့ပါတယ်။ Caffeine-Less ကော်ဖီဆိုတာ ဘယ်လို အရသာမှန်း မသိတော့ အဲဒီကော်ဖီကို သောက်လိုက်ရင် ရိုးရိုး ကော်ဖီသောက်ရသလိုပဲ အာသာပြေသွားမယ်၊ အရသာ ရှိမှာပဲလို့ ထင်ခဲ့မိတယ်။ တံဆိပ်ကလည်း Nescafe ဆိုတော့ သိပ်တော့ မညံ့လောက်ပါဘူး ဆိုပြီး တွေးမိတာလည်း ပါတာပေါ့လေ။ တကယ်တမ်း သောက်ကြည့်တော့ အဲဒီ ကော်ဖီက ဘာအရသာမှ မရှိဘူးပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ Caffeine-Less ဆိုမှတော့ တကယ့် ကော်ဖီ လို ဘယ်အရသာ ရှိနိုင်ပါ့မလဲ။ ဈေးကြီးကြီး ၀ယ်လာပြီး အခုတော့ ကိုယ်ဘာသာကိုယ်ပဲ နှမြောပြီး ကျိတ်မှိတ် သောက်နေရတယ်။ အမျိုးသားကို မြည်းကြည့်ပါလား ဆိုပြီး တိုက်လိုက်တာ သူကတော့ မျက်နှာကြီး ရှုံ့မဲ့ပြီး "awful" တဲ့လေ။ ပြီးတော့ပြောသေးတယ်။ ဒီလောက် အရသာမရှိတဲ့ ကော်ဖီ ကို မသောက်ပါနဲ့လားတဲ့။



*****

ကိုယ်ဝန်စရှိကတည်းက သောက်နေကျ ကော်ဖီကို မသောက်ဖြစ်တော့တာ အခုထိပဲ ဆိုပါတော့။ တခါတလေတော့လည်း သောက်ချင်လွန်းလို့ အမျိုးသားအတွက် အိမ်မှာဖျော်ပေးရင်း ၁ စွန်း ၂ စွန်း မြည်းတယ်လို့ အမည်ခံပြီး နည်းနည်း တို့မိလိုက်သေးတယ်။ ၁ စွန်း ၂ စွန်းထက်တော့ ပိုပြီး မသောက်ရဲပါဘူး။ သမီးလေး မွေးပြီးသွားရင်လည်း ကော်ဖီသောက်လို့ရမယ်မထင်ဘူး။ သေချာတာက သမီးလေး အမေနို့ကို မစို့တော့တဲ့ အချိန်မှ ကော်ဖီပြန်သောက်ဖြစ်မယ်ထင်ပါရဲ့။


ဒီဇင်ဘာ ၀၆၊ ၂၀၀၉။

November 22, 2009

Momiji Season - 2009


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

နိုဝင်ဘာလ ကုန်ခါနီးပြီဆိုတော့ ရာသီဥတုက အေးလာပါပြီ။ အခုရက်အတွင်း ပိုတောင် အေးလာသေးတယ်။ နိုဝင်ဘာ လဆန်းတုန်းက 20 C လောက် ရှိပေမယ့် အခုတလောတော့ 11, 12 C လောက်ပဲ ရှိတော့တယ်။ ရာသီဥတု အေးလာပြီဆိုရင် Momiji အရွက်တွေ အရောင်ပြောင်းတာမို့ ပိတ်ရက်မှာ သွားကြည့်မယ်ဆိုပြီး ရုံးက သူငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ တပတ်ကျော်ကျော်လောက်ကတည်းက တိုင်ပင်ထားခဲ့ကြတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့က Kyoto ၀န်းကျင်ကို သွားဖြစ်ခဲ့ပါတယ်။

*****

အရင်ပို့စ်တုန်းက ပြောခဲ့သလိုပါပဲ အရွက် အရောင်ပြောင်းချိန် (Momiji Season) ဆိုရင် ကျမတို့ ဘက်မှာတော့ Kyoto ၀န်းကျင်တ၀ိုက်က အလှဆုံးပါ။ ဒါကြောင့် ဒီလိုချိန်ဆို Kyoto ကို လာကြတဲ့သူတွေ မနည်းလှပါဘူး။ ရထားတွဲတိုင်း လူအပြည့်ပါသလို Kyoto က နေရာတော်တော်များများမှာလည်း လူတိုးမပေါက်အောင်ပါပဲ။ ကျမတို့ကတော့ အုဂျိ (Uji - 宇治) မှာ ရှိတဲ့ ဗျိုဒိုအင်း (Byodo-In Temple - 平等院) နဲ့ Kyoto မှာ ရှိတဲ့ တိုးဖုခုဂျိ (Toufukuji Temple -東福寺 ) ကို ရောက်ဖြစ်ခဲ့ပါတယ်။


Osaka ကနေ Kyoto ကို သွားမယ်ဆို သွားလို့ရတဲ့ ရထားလိုင်းတွေ အများကြီးပဲ။ ဒါပေမယ့် ကျမတို့ သွားမယ့် နေရာနဲ့ သင့်တော်တာက ကေးဟန်း (Keihan-京阪) ရထားလိုင်းပါ။ Keihan ရထားလိုင်းက တခြား ရထားလိုင်းတွေထက် စာရင် ဈေးလည်း သက်သာပါတယ်။ ဒီအချိန်က Momiji ရာသီ ဆိုတော့ ရထားလိုင်းတွေကလည်း နေရာအလိုက် 1 day ticket တွေ အပြိုင်အဆိုင် ရောင်းကြတယ်။ လက်မှတ်ဈေး ကတော့ နေရာပေါ်မူတည်ပြီး အမျိုးမျိုးပါပဲ။ အနည်းဆုံး ယန်း ၁ ထောင် ကျော်တော့ ပေးရပါတယ်။ 1 day ticket ၀ယ်ပြီး ရထားလိုင်းက သတ်မှတ်ပေးထားတဲ့ နေရာတော်တော်များများ သွားနိုင်မယ်ဆိုရင်တော့ သွားရတာ တကယ် တန် တယ်။ ကျမတို့ကတော့ ရိုးရိုးလက်မှတ်ပဲ ၀ယ်ပြီး သွားဖြစ်ခဲ့တယ်။


Byodo-in Temple

Osaka ကနေ Uji အထိ အမြန်ရထားစီးမယ်ဆို မိနစ် ၄၀ လောက်ကြာပြီး ကြားထဲမှာ ရထားတစ်ခါ ပြောင်းစီးရသေးတယ်။ ခရီးတစ်ခေါက်ကို ယန်း ၄၀၀ ပေးရပါတယ်။ Uji ရောက်ရောက်ချင်း နာမည်ကြီးတဲ့ Byodo-In Temple ကိုပဲ အရင်ဆုံး သွားဖြစ်ခဲ့တယ်။ ဘုရားကျောင်းက Uji ဘူတာကနေဆို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Uji ၀န်းကျင်မှာ Momiji ရွက်တွေ အရောင်ပြောင်းတာ အလှဆုံး အချိန်က နိုဝင်ဘာ လကုန်ခါနီးကနေ ဒီဇင်ဘာလဆန်းလို့ အင်တာနက် Website တချို့က ပြောထားပေမယ့် ကျမတို့ သွားတော့ အရွက်တွေ အရောင်ပြောင်းတာ အရမ်းနည်းပါသေးတယ်။ ဘုရားကျောင်းဝင်းထဲမှာတော့ အရွက်နီနေတဲ့ အပင်နည်းနည်းပဲ တွေ့ခဲ့ရတယ်။ နေ့လည် ၁ နာရီလောက်ကျတော့ ဘုရားကျောင်းနားမှာပဲ နေ့လည်စာ စားပြီး Toufukuji Temple ကို ခရီးဆက်ဖြစ်ခဲ့ပါတယ်။




Toufukuji Temple ကလည်း Keihan ရထားလိုင်းပေါ်မှာပဲ ရှိပြီး Tofukuji ဘူတာမှာ ဆင်းရပါတယ်။ Uji ဘူတာကနေ စီးတာမို့ ရထားခက ယန်း ၃၀၀ ပေးရတယ်။ ဘူတာကနေ ဘုရားကျောင်း ရှိတဲ့နေရာကို ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Tofukuji ဘူတာရောက်တာနဲ့ များပြားလှတဲ့ လူအုပ်ကြီးကို အရင်ဆုံး စမြင်လိုက်တာပါပဲ။ အဲဒီလို လူအုပ်ကြီးမြင်လိုက်ရတော့ ဒီ Temple မှာ Momiji အရွက်တွေ အရောင်ပြောင်းတာပိုများဖို့က သေချာသလောက်ပါပဲ။ နောက်ပြီး ဘူတာကနေ ဘုရားကျောင်းကို ဘယ်လို သွားရမလဲဆိုတာ ဘယ်သူ့မှ မေးနေစရာ မလိုပါဘူး။ ရှေ့ကသွားနေတဲ့ လူအုပ်ကြီးနောက်ကနေ တဖြေးဖြေးချင်း လိုက်သွားလိုက်ယုံပါပဲ။ ဘုရားကျောင်း စ၀င်ကတည်း အရွက်နီနေတဲ့ Momiji အပင်တွေ ကို တွေ့လိုက်ရတယ်။ ဘုရားကျောင်းဝန်းထဲမှာ ရှိတဲ့ အပင်တိုင်းလိုလို အရောင်ပြောင်းနေတာမို့ မြင်ရတဲ့ ရှုခင်းက အရမ်းလှပါတယ်။ ဒါကြောင့် ရှုခင်းကောင်းတဲ့နေရာမှာဆိုရင် လူတိုင်းက ဓာတ်ပုံရိုက် နေကြတာ၊ ရှေ့ကို တော်တော်နဲ့ ခရီးဆက်လို့မရပါဘူး။ ကျမတို့လည်း နေ အလင်းရောင် ရှိတုန်း Momiji အပင်တွေ ရှိတဲ့ နေရာကိုပဲ အဓိကထား လျှောက်ကြည့်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဘုရားကျောင်းထဲတောင် နေရာစုံအောင် မရောက်ဖြစ်လိုက်တော့ပါဘူး။ ညနေ ၄ နာရီကျော်ကျော်လောက်ကျတော့ မှောင်စ ပြုလာတာနဲ့ ဘုရားကျောင်းကနေ ပြန်ထွက်ခဲ့ကြတော့တယ်။


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

ကျမလည်း အရွက်တွေ အရောင်ပြောင်းတာကို ကြည့်ချင်လို့ သွားသာ သွားရတယ် လူအရမ်းများတော့ စိတ်ညစ်ရသလို ဓာတ်ပုံရိုက်လို့လည်း မကောင်းဘူး။ နောက်ပြီး တိုးဝှေ့နေရတာနဲ့ ဟိုလူက တိုက်သွားလိုက် ဒီလူက တိုက်သွားလိုက်နဲ့ လူက ပိုပင်ပန်းသလို ခံစားရတယ်။ ရထားစီးရင်လည်း ထိုင်စရာ နေရာက အလွယ်တကူ မရပြန်ဘူးလေ။ အမြန်ရထားတွေဆို မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်၊ တွဲတိုင်း လူပြည့်သိပ်ကျပ်နေတာပဲ။ ဒါကြောင့် Osaka ပြန်တော့ လူသိပ်မကျပ်တဲ့ Local ရထားစီးပြီးပဲ ပြန်လာခဲ့လိုက်တော့တယ်။ ကျမ ကိုယ်တိုင်ကလည်း ကိုယ်ဝန်နဲ့ဆိုတော့ ထိုင်မစီးရရင် အဆင်မပြေဘူးလေ။ အဲဒါဆိုတော့ အမြန်ရထားနဲ့ မိနစ် ၄၀ လောက် စီးရမယ့် ခရီးကို Local ရထား နဲ့ ၁ နာရီ ခွဲ နီးပါး စီးလိုက်ရတာပေါ့။

*****

ဘာပဲဖြစ်ဖြစ် တစ်နှစ်မှ တစ်ခါ အပင်တွေ အရောင်ပြောင်းတာ ကြည့်ရတာမို့ သွားရတာ တန်ပါတယ် လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ပြန်လာပြီးကတည်းက အနားယူနေရတာ အခုချိန်ထိပဲဆိုပါတော့။ ဒီနေ့လည်း အစိုးရ ရုံးပိတ်ရက်မို့ တော်ပါသေးတယ်။






Tofukuji Temple မှာ ရိုက်ယူလာတဲ့ ပုံတချို့ပါ။ ကင်မရာက သိပ်မကောင်းတာမို့ ဓာတ်ပုံတွေက အလင်းရောင် မကောင်းလှဘူး။

နိုဝင်ဘာ ၂၃၊ ၂၀၀၉။

November 8, 2009

Flower Arrangement - June 16, 2009


ပန်းအလှပြင်တဲ့ ပို့စ်တွေတောင် Blog မှာ မတင်ဖြစ်တာ ကြာပါပြီ။ စာမရေးဖြစ်တဲ့ အချိန်အတွင်း ရုံးမှာ ပန်းအလှပြင်တာ ၂ ကြိမ် လုပ်ဖြစ်ခဲ့တယ်။ ဇွန် လ မှာ တစ်ခါနဲ့ စက်တင်ဘာလမှာ တစ်ခါပါ။ အခုမှ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်ပြီး Blog မှာတင်ဖို့ သတိရမိတယ်။ ဒါကြောင့် ဇွန်လ ၁၆ ရက်တုန်းက လုပ်ခဲ့တဲ့ ပန်းအလှပြင်ထားတာ ကို အရင် တင်ပေးလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့တော့ အကြိမ် ၃၀ မြောက်ဖြစ်ပြီး ကျမအတွက်တော့ ၈ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာ က Summer Floral Arrangement (春のアレンジ) အနေနဲ့ ဆေးစိမ်ထားတဲ့ပန်းတွေ (Preserved Flowers) နဲ့ ပြင်ခဲ့ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ နှင်းဆီပန်း၊ သစ်ခွပန်း၊ Ajisai (Hydrangea) ပန်းခြောက် ၁ ခက်၊ သစ်ရွက်ခြောက် ၁ ခက်၊ ဖော့တုံး (Oasis Foam) ၁ တုံး၊ ဖန်ပန်းအိုး နဲ့ ပန်းအိုးဘေးမှာ အလှထည့်ဖို့ ကျောက်စရစ်သေးသေးလေး (Color Sand) တွေ ပါ။

ပုံ(၁) ပန်းပြင်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေပါ။

စစချင်း ဖော့တုံးကို စက္ကူနဲ့ ပတ်ပြီး ဖန်ပန်းအိုးထဲ ထည့်ပါတယ်။ ပြီးရင် ပန်းအိုးနဲ့ ဖော့တုံးရဲ့ လွတ်နေတဲ့ ဘေးပတ်လည် နေရာတွေမှာ Color Sand ကိုအစိမ်းတစ်ရစ်၊ အဖြူတစ်ရစ်ဖြစ်အောင် စိတ်ရှည်ရှည် နဲ့ ထည့်ယူရပါတယ်။ ပန်းပြင်တာ မကြာပေမယ့် Color Sand ကို ပန်းအိုးထဲ ဖြည့်တာ အချိန်အရမ်းကြာပါတယ်။ Color Sand ကို စက္ကူကန်တော့ထဲ အရင် ထည့်ပြီးမှ ပန်းအိုး ဘေးပတ်လည် နည်းနည်းချင်းစီ လိုက်ညှိပြီး ပြင်ရတာရော၊ ကျောက်တုံး သေးသေးလေးတွေ ဘေးကို လျှံထွက်ကုန်မှာ စိုးရိမ်တာရောနဲ့ အချိန်တော်တော်ပေးလိုက်ရတယ်။

ပုံ(၂) ပန်းအိုးနဲ့ ဖော့တုံး ဘေးပတ်လည်ကို color sand ဖြည့်ထားပြီးသား ပန်းအိုးပါ။

ဒီတစ်ခါက ပန်းအခြောက်တွေနဲ့ ပြင်တာဆိုတော့ ပန်းတွေကို လိုသလို ဖြတ်၊ ဖော့တုံးမှာ စိုက်လို့ရအောင် နန်းကြိုးနဲ့ ပြန်တွယ်ရပါတယ်။ ပြီးမှ နန်းကြိုးမပေါ်အောင် နောက်ဆုံးမှာ စက္ကူတိပ်နဲ့ လိုက်ပတ်ရတယ်။ ပန်းအခြောက်တွေနဲ့ လုပ်တိုင်းမှာ အဲဒီအဆင့်က အမြဲတမ်းပါပါတယ်။ ဒါကြောင့် စစချင်း Ajisai ပန်းခြောက်တွေကို လိုသလောက် ဖြတ်ယူပြီးတော့ နန်းကြိုးမျှင်နဲ့ တွယ်၊ ပြီးတော့မှ အပေါ်က စက္ကူတိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းကတော့ အရိုးတံမာလို့ နန်းကြိုးနဲ့ တွယ်စရာ မလိုပေမယ့် သစ်ခွပန်းရဲ့ အရိုးတံက ပျော့တော့ နန်းကြိုးနဲ့ တွယ်ရပါတယ်။ အားလုံး လုပ်ပြီးသွားတော့ အခုလို ပုံလေး ရလာတာပါပဲ။
ပုံ(၃) Ajisai ပန်းနဲ့ သစ်ခွပန်းကို နန်းကြိုးနဲ့ တွယ်ပြီး စက္ကူကပ်ထားတာပါ။

ပန်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပန်းအိုးထဲမှာ နေရာချပြီး ထိုးစိုက်လိုက်တာပါ။ နှင်းဆီပန်း အစိမ်းရောင် အပွင့်ကြီး ၃ ပွင့်ကို အဓိက ထားပြီး ဘေးက အရောင်ဖျော့ဖျော့ နှင်းဆီနဲ့ သစ်ခွပန်းကို သင့်တော်သလို လိုက်ဖြည့်ထိုးလိုက်တာ။ နောက်ဆုံးမှ သစ်ရွက်အစိမ်းလေးတွေကို လိုသလို ညှပ်ယူပြီး ဘေးကနေ ရံထားလိုက်တာပါ။

ပုံ(၄) နှင်းဆီပန်းနဲ့ သစ်ခွပန်းတွေကို သင့်တော်သလို နေရာချပြီး ပန်းအိုးထဲ ထိုးစိုက်ပါတယ်။

ပုံ(၅) နောက်ဆုံးမှာ သစ်ရွက်ခြောက်အခက်တွေကို လိုသလို ဖြတ်ယူပြီး ဘေးက ရံထား လိုက်တာပါ။

ပန်းတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပြင်ယူကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း မတူဘူးပေါ့။ ဒီအောက်က ပန်းအိုးက ကျမ ပြင်ယူထားတာပါ။ သူများတွေ ပြင်ထားတဲ့ ပန်းအိုးတွေကိုလည်း နမူနာ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပုံ(၆) ဒီပုံက ကျမ ပြင်ထားတဲ့ ပန်းအိုးပါ။

ပုံ(၇-၁)

ပုံ(၇-၂)

ပုံ(၇-၃)

ပုံ(၇-၄) အပေါ်က ပန်းပုံတွေက ရုံးက သူငယ်ချင်းတွေ ပြင်ထားတဲ့ ပန်းအိုးပုံတွေပါ။ ပန်းပြင်ထားတဲ့ ပုံစံတွေ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပန်းပွင့်တွေကို သင့်တော်သလို ပြင်ဆင်ပြီး ပန်းအိုးမှာ ထိုးစိုက်တာက အရင် အခေါက်တွေတုန်းကလိုပါပဲ။ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အခုလို ပန်းတွေကို သင့်သလို အရောင်ရွေးတာ၊ ပန်းအိုးပေါ်မူတည်ပြီး ပန်းရွေးတာ၊ ပန်းအိုးပြင်မယ့် ဒီဇိုင်းက အစ ဆရာမပဲ စီစဉ်ပေးတာမို့ ကျမတို့က ပန်းထိုးစိုက်ဖို့ နေရာချတဲ့ idea လေးပဲ စဉ်းစားလိုက်ရတာ။ ကိုယ့်ဘာသာ ပန်းအိုး နဲ့ ပန်းဝယ်ပြီး ထိုးရမယ်ဆိုရင် ပန်းအိုးရွေးဖို့တို့၊ သင့်တော်မယ့် ပန်းအရောင်ရွေးဖို့က သိပ်မလွယ်ဘူးလို့ အောက်မေ့မိပါတော့တယ်။

နိုဝင်ဘာ ၈၊ ၂၀၀၉။

November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။

October 25, 2009

Chinese Buffet

မနှစ်က အောက်တိုဘာလ မှာ ပြင်သစ်က ကောင်မလေး တစ်ယောက် ကျမတို့ ရုံးကို Training အနေနဲ့ ရောက်လာခဲ့တယ်။ ပြင်သစ်က လာတယ်ဆိုပေမယ့် သူ့မိဘတွေက ကမ္ဘောဒီးယား နိုင်ငံသားတွေပါ။ သူ့ကိုတော့ ကျမတို့က “စိုးစိုး” လို့ခေါ်တယ်။ စိုးစိုး ဒီကို ရောက်လာပြီး သိပ်မကြာဘူး ၊ နိုဝင်ဘာလောက်ကျတော့ သူ့ကောင်လေးလည်း Osaka ကို ရောက်လာခဲ့တယ်။ သူ့ကောင်လေးက Holiday Working Visa နဲ့ ရောက်လာတာမို့ တစ်နှစ်ပဲ နေခွင့်ရှိတယ်လို့ ပြောပါတယ်။ စိုးစိုးနဲ့ ပတ်သက်ပြီး ကျမတို့လည်း သူ့ကောင်လေးနဲ့ပါ သူငယ်ချင်းဖြစ်သွားကြတာပေါ့။


ဒီနှစ် နိုဝင်ဘာလဆိုရင် သူ့ကောင်လေး Osaka မှာနေတာ တစ်နှစ်ပြည့်တော့မှာမို့ နောက်တပတ်ဆိုရင် ပြင်သစ်ကို ပြန်တော့မှာပါ။ ဒါကြောင့် သူ့အတွက် Farewell party လေးတစ်ခုကို Chinese Buffet ဆိုင်မှာ လုပ်ပေးဖြစ်ခဲ့တယ်။ ကျမတို့ မြန်မာလေးယောက်ရယ်၊ စိုးစိုးနဲ့ သူ့ကောင်လေးရယ် အားလုံး ၆ ယောက်ပဲ သွားကြတာ။


*****


ဘူဖေးဆိုင်က ရုံးဖွင့်ရက်ဆို လူမများပေမယ့် ပိတ်ရက်ဆို တန်းစီရတာ အကြာကြီးပဲ။ တစ်ယောက်ကို ၂၀၉၇ ယန်း ပေးရပြီး ၂ နာရီအချိန်ပေးပါတယ်။ မနေ့ (စနေနေ့) က ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေက ၇ နာရီခွဲလောက်ကတည်းက သွားတန်းစီထားကြတယ်။ အမျိုးသားနဲ့ ကျမက ၈ နာရီ ထိုးခါနီးလောက်မှ အဲဒီဆိုင်ရောက်သွားကြတာ။ တကယ်တမ်း စားရတော့ ၈ နာရီခွဲခါနီးနေပါပြီ။


ဗိုက်လည်း ဆာနေပြီမို့ ကျမတို့ အုပ်စုလည်း ဆိုင်ထဲရောက်တာနဲ့ ခေါင်းမဖော်တမ်း စားပစ်လိုက်တာ မိနစ် ၃၀ အတွင်း ဗိုက်တော်တော် တင်းသွားကြတယ်။ ၁၀ နာရီ ခွဲခါနီးတော့မှ ဆိုင်က ထွက်လာကြတာ လူတွေက အိပဲ့ အိပဲ့နဲ့ ဗိုက်တင်းပြီး လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ ဆိုင်က ချပေးတဲ့ ဟင်းပွဲတွေက တစ်ပွဲကုန်ရင် နောက်တစ်မျိုး အသစ်ပြောင်းပြီး အလှည့်ကျ ချပေးတာမျိုးဆိုတော့ ဟင်းအမည် အားလုံးလည်း မမှတ်မိတော့ပါဘူး။ dim sum လိုမျိုးတွေလည်း ပါတယ်။ ရေနွေးကြမ်း အပါအ၀င် အအေးလည်း ၄ မျိုးလောက်လည်း ပေးထားပြီး အချိုပွဲအတွက် ရေခဲမုန့်၊ ပူတင်းနဲ့ သာဂူလို မုန့်အချိုတွေလည်းပါ ပါတယ်။


အမှန်တော့ အခုလို ဆိုင်မျိုးက ခဏခဏ သွားစားလို့ မကောင်းဘူး။ ဘူဖေးဆိုတော့ သိပ်မစားနိုင်ရင်လည်း မတန်ဘူးလို့ ခံစားရတယ်။ ကိုယ့်ဘာသာကိုယ် ၂ ယောက်တည်း အပြင်မှာ သွားစားမယ်ဆိုရင် အဲဒီလို ဆိုင်မျိုးကို မရွေးဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ စကားပြောလိုက်၊ နောက်ပြောင်လိုက်၊ ဟင်းအသစ်ရောက်ပြီလား တစ်ယောက်တစ်လှည့် သွားကြည့်ပြီး ယူလာပေးလိုက်နဲ့မို့ ပျော်စရာကောင်းပါတယ်။ ၂ နာရီဆိုတော့လည်း အေးအေးဆေးဆေး အချိန်ယူပြီး အချင်းချင်း စကားပြောရင်း စားလို့ရတာပေါ့။


*****

စားသောက်ပြီး လမ်းခွဲခါနီးတော့ စိုးစိုးနဲ့ သူကောင်လေးကို ကြည့်ပြီး စိတ်မကောင်းဘူး။ ကိုယ်တွေကလည်း သူ့ကောင်လေးနဲ့ပါ ခင်နေတာဆိုတော့ သိပ်မကြာခင် Osaka ကို ပြန်လာနိုင်ပါစေ လို့ ဆုတောင်းပေးယုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ပါဘူး။ သူကောင်လေး Osaka ကို နောက်တစ်ခေါက် ပြန်လာဖြစ်မယ် ဆိုရင်တော့ ပြန်ဆုံနိုင်ကြဦးမယ် လို့ မျှော်လင့်ရတာပါပဲ။



ဒီပုံမှာ ပြထားသလို အားလုံးစုံအောင် မစားဖြစ်ပါဘူး။

ဖန်ခွက်ထဲက ၀ါဝါအရည်တွေကတော့ ၀ယ်သောက်ရတာ ဘူဖေးထဲမှာ မပါဘူး။




ည ၁၀ နာရီခွဲလောက်ရှိပြီဆိုတော့ ဆိုင်ထဲမှာလည်း လူတော်တော်ရှင်းနေပါပြီ..

အောက်တိုဘာ ၂၅၊ ၂၀၀၉။

October 18, 2009

ကြေးအိုး

ကျမအကြိုက်ဆုံး အစားအစာတွေထဲမှာ ကြေးအိုးက ထိပ်ဆုံးကပါ။ ကြေးအိုးများ စားရမယ်ဆို ဘယ်အချိန်ပဲ စားရ စားရ ဘယ်တော့မှ မမုန်းဘူး။ နေထိုင်မကောင်းဖြစ်လို့ ခံတွင်းပျက်နေရင်လည်း ကြေးအိုးဝယ်စားလိုက်တာပဲ။ သူငယ်ချင်းတွေ စုပြီး တခုခုစားမယ်ဆိုလည်း ကြေးအိုးဆိုင်ပဲ သွားဖြစ်တာ များတယ်။ ကျမက ကြေးအိုးကို အရည်နဲ့စားရတာ ပို ကြိုက်ပြီး အမျိုးသားကတော့ ကြေးအိုးဆီချက်ပဲ စားပါတယ်။

*****


ကြေးအိုး စ ပြီး စားတတ်တာ တက္ကသိုလ် ရောက်မှပါ။ အဲဒီမတိုင်ခင်ကတော့ စားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ပါပါးနဲ့ မြို့ထဲ လိုက်သွားရင် ဆီချက်ခေါက်ဆွဲပဲ စားဖြစ်တာဆိုတော့ ဆီချက်ခေါက်ဆွဲလောက်ပဲ စားရကောင်းမှန်းသိခဲ့တယ်။ လှိုင်ကောလိပ်ရောက်တော့ ကျောင်းထဲမှာ ဖွင့်ထားတဲ့ ဟာမိုနီ စားသောက်ဆိုင်မှာ စ ပြီး စားဖြစ်ခဲ့တာ။ အဲဒီဆိုင်မှာ ရောင်းတဲ့ ကြေးအိုးက အရမ်းစားကောင်းလှတဲ့အထဲမှာ မပါပါဘူး။ ဒါပေမယ့် ကျမက အရည်ရယ် ကြာဇံရယ် အသားရယ် ရောပြုတ်ထားတာကို ငရုတ်ဆီနဲ့ တွဲပြီး စားရတာ သဘောကျတာမို့ ကြေးအိုးက ကျမ အကြိုက်ဆုံးအစားအစာ ဖြစ်လာခဲ့တာပါ။ အင်းစိန်မှာဆိုရင်တော့ လမ်းသစ်လမ်းမှာ ဖွင့်ထားတဲ့ ဟန်နီဆိုင်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မောင်နှမတွေ စုပြီးပဲဖြစ်ဖြစ် သွားစားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အင်းစိန်မှာ ကြေးအိုးဆိုင် ကောင်းကောင်းဆိုလို့ ဟန်နီပဲရှိလိမ့်မယ်ထင်တယ်။ နောက်ပိုင်းမှ ကြို့ကုန်းမှာ ရွှေယုန်လေး ဆိုင်ဖွင့်လာတာ။ ရွှေယုန်လေးမှာတော့ ၂ ခါ ၃ ခါလောက်ပဲ စားဖူးပါတယ်။ အဲဒီတုန်းက ကြေးအိုး တစ်ပွဲ ဘယ်လောက်မှန်း အခု ပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ နောက်ပိုင်း ဟန်နီဆိုင်က မင်းကြီးလမ်းဘက် ပြောင်းသွားတယ်။ အခုတော့ ဟန်နီရော ရွှေယုန်လေးဆိုင်ရော ရှိမှ ရှိသေးရဲ့လားတောင် မသိတော့ဘူး။


ကျောင်းပြီးလို့ အလုပ်ထဲ ရောက်တော့ ရုံးက သူငယ်ချင်းတွေစုပြီး မကြာခဏ ဆိုသလို မြို့ထဲမှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ အောင်မြင့်မိုရ် ၊ ရွှေတောင်တန်းကြေးအိုး၊ ၃၆ လမ်းက ကြေးအိုးဘုရင်၊ Eugenia၊ Million Coins ဆိုင်တွေမှာပါ။ Million Coins က Yangon International Hotel ၀န်းထဲမှာ ဖွင့်တာ။ Summit Park View နဲ့ ကပ်လျက် ၀န်းတခုထဲလားတောင် မသိဘူး။ ရုံးက လခထုတ်ပြီဆို အုပ်စုလိုက် နေ့လည် ထမင်းစားချိန် သွားစားခဲ့တာတွေ သတိရမိသေးတယ်။ တခါတော့ Million Coins က ကြေးအိုးကို တော်တော် စိတ်ပျက် သွားခဲ့ဖူးတယ်။ ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ Farewell ကို Million Coins မှာ လုပ်တုန်းကပေါ့။ ကျမတို့ သွားတဲ့ လူအုပ်ကလည်း များတော့ ဆိုင်က လူမနိုင်တော့လို့ပဲလား မသိဘူး ကြာဇံဖတ်တွေက ပြတ်ထွက်ပြီး ကြေးအိုးက လုံးဝ စားမကောင်းဘူး။ ဒီကြားထဲ ကောင်လေး တစ်ယောက်ရဲ့ ပန်းကန်ထဲဆို ခရုခွံလိုမျိုးပါလာလို့ မန်နေဂျာကို ခေါ်ပြီးပြောရတဲ့ အထိပါပဲ။ သူတို့ကတော့ တောင်းပန်တာပေါ့။ အဲဒီနောက်ပိုင်း Million Coins ကို မရောက်ဖြစ်တာ အခုထိပဲ။


စံပြမှာ ဖွင့်ထားတဲ့ YKKO ကြေးအိုးကတော့ ၀ါးတန်းလမ်းမှာ ကျူရှင်သွားတက်ရင်း စားဖြစ်သွားတာ။ နောက်ပိုင်း သူငယ်ချင်းတွေနဲ့ပဲဖြစ်ြဖစ်၊ အမျိုးသားနဲ့ပဲဖြစ်ဖြစ် စံပြမှတ်တိုင် ဆိုတော့ ဘတ်စ်နဲ့ သွား လာရတာ လွယ်လို့ ဆိုပြီး အဲဒီဆိုင်ပဲ အသွားများခဲ့တယ်။ အားပေးလွန်းလို့ ဆိုင်က ကောင်လေးတွေက member card လုပ်ထားပါလား လို့တောင် ပြောယူရတဲ့အထိပါပဲ။


*****

ရန်ကုန်ပြန်ရောက်တဲ့ ညနေမှာ သွား စားဖြစ်ခဲ့တဲ့ ဆိုင်က ကျောက်မြောင်းက “ရွှေတောင်တန်း” ကြေးအိုးဆိုင်ခွဲ မှာပါ။ ကျားကွက်သစ်လမ်းပေါ်မှာ ဆိုတော့ ဆိုင်က ခုံတွေပေါ်မှာ ဖုန်တွေချည်းပဲ။ စားပွဲထိုးကို ခေါ်ပြီး ဖုန်သုတ်ပေးဖို့ပြောတော့ “အင်း” လို့ တချက်ပြောပြီး ပြန်မလာတော့ဘူး။ ဒါနဲ့ အရှက်ပြေ ကိုယ့်ဘာသာပဲ ထိုင်ခုံရယ် စားပွဲခုံရယ်ကို တစ်ရှုးနဲ့ သုတ်ပစ်လိုက်ပါတယ်။ သူ့စိတ်ထဲ ကြီးကျယ်တယ်လို့တောင် ထင်မလား မသိဘူးရယ်။ မှာထားတာတွေ ရောက်လာတော့ ယောင်းမက ငရုတ်ဆီတွေ ထည့်မစားနဲ့ ဆိုးဆေးတွေပါတယ်လို့ ပြောပြီး မစားဖို့ တားပါတယ်။ ကျမကလည်း ကြေးအိုးစားရင် ငရုတ်ဆီ ထည့်စားရမှ ကျေနပ်တာမို့ သူလည်း စိတ်ကျေနပ်အောင် ကိုယ်လည်း အာသာပြေအောင် နည်းနည်းတော့ ထည့်စားဖြစ်ပါတယ်။ မစားရတာကြာပြီမို့ အရမ်းစားကောင်းတာပဲ။


နောက်ပြီး စံပြမှာရှိတဲ့ YKKO မှာ စားချင်လို့ အင်းစိန်ကနေ စံပြအထိ တကူးတက Taxi ငှားစီးသွားလိုက်သေးတယ်။ ဟိုရောက်တော့ ကြေးအိုးဆိုင် ပျောက်နေလို့ လမ်းများမှားသလား၊ မျက်စေ့များ မှားသလားဆိုပြီး အဲဒီနားမှာ ၂ ယောက်သား ၂ ခေါက် ၃ ခေါက် လမ်းလျှောက်ရင်း ဆိုင်လိုက်ရှာရတာပေါ့။ ဘယ်ဟုတ်မလဲ YKKO ဆိုင်နေရာမှာ သတို့သား သတို့သမီးတွေ အတွက် ၀တ်စုံငှားတဲ့ဆိုင်ဖြစ်သွားလို့ ကြေးအိုးဆိုင် မတွေ့တော့တာကိုး။ ကိုယ်စားနေကျ ကြေးအိုးဆိုင်နေရာမှာ Wedding ၀တ်စုံဌားတဲ့ဆိုင်ကြီးဖြစ်နေတာ ကြည့်ပြီး စိတ်ထဲ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့။ Taxi ခ ၃၅၀၀ ကျပ်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အမျိုးသားက ကြေးအိုးမဟုတ်လည်း တခြား စားစရာ တခုခု စားပါလားလို့ ပြောပေမယ့် ဒီကလည်း မရဘူး စိတ်ကြီးတယ် ကြေးအိုးပဲ စားကို စားရမှဆိုတာမျိုး ဇွတ် နောက်တော့ ရွှေတောင်တန်းလမ်းအထိ ဆိုက်ကားနဲ့သွားပြီး ရွှေတောင်တန်း ကြေးအိုးပဲ သွားစားလိုက်တော့တယ်။ အခုတော့ YKKO ဆိုင်ခွဲက လှည်းတန်းက ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်မှာ ဖွင့်ထားတယ်။ ကိုယ့်လို အဖြစ်မျိုးနဲ့ ကြုံနေမှာစိုးလို့ YKKO ဆိုင်ပြောင်းသွားကြောင်း သတင်းပေးတာပါ


ပြန်တဲ့ ၃ ပတ်အတွင်း ကြေးအိုး ၅ ခါလောက် စားပစ်လိုက်တယ်။ YKKO, Eugenia နဲ့ ရွှေတောင်တန်း ကြေးအိုး ဆိုင်တွေမှာပါ။ YKKO ကြေးအိုးကိုတော့ ဆရာစံလမ်းမှာ သွားစားခဲ့ရတယ်။ အင်းစိန်က ဟန်နီနဲ့ ရွှေယုန်လေးမှာ သွားမစားဖြစ်ခဲ့တာ တွေးပြီး စိတ်မကောင်းဘူး။ ဒီမှာတော့ စားချင်ရင် Blog တွေ Forum တွေက ကြေးအိုးချက်နည်းတွေ ကြည့်ပြီး ချက်စားနေရတာပဲ။ ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ ချက်ရတာဆိုတော့ ဆိုင်မှာ စားရတာလောက် စားမကောင်းဘူး။ လုံးလုံးမစားရတာထက် စာရင်တော့ အာသာပြေပါတယ်။



ရန်ကုန် ပြန်တုန်းက စားခဲ့ရတဲ့ Eugenia က ကြေးအိုးလေးကို အမှတ်တရ ဖြစ်အောင် Blog ပေါ်တင်ထားလိုက်ပါတယ်။


ဒါကတော့ ကျမလက်ရာပေါ့..

အောက်တိုဘာ ၁၈၊ ၂၀၀၉။

September 30, 2009

မြန်မာပိုက်ဆံ

ဂျပန်မှာ ငွေစက္ကူ အနေနဲ့ဆိုရင် ၁၀၀၀ တန်၊ ၂၀၀၀ တန်၊ ၅၀၀၀ တန် နဲ့ ၁ သောင်းတန်တွေ သုံးပါတယ်။ ၂၀၀၀ တန်ကတော့ အရမ်းရှားတယ်။ ဈေးဆိုင်တွေက ပြန်အမ်းတာပဲဖြစ်ဖြစ်၊ စက်တွေက ပြန်အမ်းရင်ပဲဖြစ်ဖြစ် အသစ်ချပ်ချွတ်မဟုတ်တောင် ခပ်လတ်လတ်တွေချည်းပါပဲ။ ဂျပန်လူမျိုးတွေကတော့ မင်္ဂလာဆောင် လက်ဖွဲ့ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာ စတဲ့ မင်္ဂလာရှိတဲ့ ကိစ္စတွေအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အသစ်ချပ်ချွတ်ပဲသုံးလေ့ရှိကြတယ်။ အဲဒီပိုက်ဆံအသစ်ကို ဘဏ်မှာဖြစ်ဖြစ်၊ စာတိုက်မှာဖြစ်ဖြစ် တမင်ကို သွားလဲယူပြီးမှ လက်ဆောင်ပေးမယ့် စာအိတ်ထဲ ထည့်ပြီး ပေးတတ်ပါတယ်။


*****


ကျမမှာ ငယ်ငယ်ကတည်းက ပိုက်ဆံအသစ်လေးတွေဆိုရင် နှမျောလို့ မသုံးရက်ပဲ သိမ်းထားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ချင်းမသုံးဖြစ်ပဲ သိမ်းထားတတ်တာ။ မသုံးတာလည်း မဟုတ်ဘူး။ အဟောင်းတွေ အရင်ဆုံး သုံးလို့ ကုန်မှ ပိုက်ဆံအသစ် ထုတ်သုံးတာ။ အဲဒီအကျင့်က ကျောင်းပြီးလို့ အလုပ် လုပ်တဲ့ အချိန်ထိပဲ ဆိုပါတော့။


မူလတန်းတုန်းကဆို မုန့်ဖိုးက ငါးမူး ၊ ၁ ကျပ်တန် ရတဲ့ အချိန်ကိုး။ တရုတ်နှစ်သစ်ကူးမှ အန်ပေါင်းအနေနဲ့ ၁၀၊ ၁၂ ကျပ် ရတတ်တာ။ နှစ်ကူးအတွက် အန်ပေါင်းရပြီဆိုရင်တော့ ၁၀ တန် အသစ်လေးတွေ ၅ ကျပ်တန်အသစ်လေးတွေ ရလေ့ရှိပါတယ်။ အဲဒီတုန်းက ဇီးထုပ် ၁ ထုပ်မှ ၁၀ ပြား တမတ်ခေတ်ဆိုတော့ ၅ ကျပ်တန်လောက် လက်ထဲရှိရင်ကိုပဲ သုံးမကုန်တော့ဘူးလို့ ထင်နေခဲ့ဖူးတာပေါ့။ တခါတလေ အမေက သူလိုချင်တာလေးတွေ အိမ်နားက ဈေးဆိုင်မှာ သွားဝယ်ခိုင်းလို့ ဆိုင်က ပြန်အမ်းတဲ့ ကျပ်တန်က စုတ်နေတာကို ယူခဲ့ရင် အဆူခံရတတ်သေးတယ်။ “ကိုယ်ပြန်ပေးတဲ့အခါ ဘယ်သူမှ ယူမှာမဟုတ်ဘူး၊ ပိုက်ဆံကို စစ်ပြီး မယူရကောင်းလား” ဆိုပြီး ဆူတာ။ ကိုယ်တွေကလည်း ငယ်တော့ နားမလည်ဘူးလေ။ ဆိုင်က ပေးရင် ပေးတဲ့အတိုင်းပဲ ယူခဲ့လိုက်တာပဲ။ အမေ ဆူတော့မှ “ပိုက်ဆံစုတ်ပြဲနေရင် မယူရဘူး၊ ဆိုင်ရှင်ကို ပြန်လဲခိုင်းရတယ်၊ သူများဆီက ပိုက်ဆံကို စစ်ပြီး ယူရတယ်” ဆိုတာ နားလည်လာခဲ့တယ်။


*****


ကျမတို့ ရန်ကုန် ပြန်ရောက်တဲ့ ညနေမှာ အိမ်နားက ကြေးအိုးဆိုင် မှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ ကျမက ကြေးအိုး အရည်နဲ့ အမျိုးသားက ကြေးအိုးဆီချက် ကို ၀က်သားနဲ့ မှာစားခဲ့တာပါ။ တပွဲကို ၂၃၀၀ ကျပ် ပေးခဲ့ရပါတယ် (ဧပြီလတုန်းက ဈေးနှုန်းပါ)။ ပိုက်ဆံရှင်းတော့ အမျိုးသားက သူသိမ်းထားတဲ့ ထောင်တန် အသစ်လေးတွေ ပေးလိုက်ပါတယ်။ ဆိုင်က အမျိုးသမီးက ၂၀၀ တန်နဲ့ ၁၀၀ တန်တွေ ပြန်အမ်းပါတယ်။ ပိုက်ဆံတွေက အရမ်းစုတ်နေလို့ အမျိုးသားက ပြန်လဲပေးဖို့ ပြောတော့ သူတို့က လှောင်သလိုလိုနဲ့ ရီကြတယ်။ ကျမတို့လည်း အူကြောင်ကြောင်တော့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဆိုင်ရှင် အမျိုးသမီးက ပြောလိုက်သေးတယ် “ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ အဲဒီနောက်ပိုင်း ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေနဲ့ ကပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ ရန်ကုန်မပြန်ဖြစ်တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်း ပိုက်ဆံတွေ ဒီလိုဖြစ်သွားတာကို အံ့သြမိတယ်။


*****


ရန်ကုန်က ပြန်လာခါနီးတော့ ပိုက်ဆံ အစုတ်အပြဲ၊ ဖာထေး၊ ဖြတ်ဆက် ၊ အဟောင်းနွမ်းလေးတွေကို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ကျမလည်း အင်တာနက်မှာ ပိုက်ဆံပုံတွေ တွေ့ရင် စုထားဦးမယ်။ နောက်မျိုးဆက်သစ်တွေကို ပြလို့ရအောင်လို့ပါ။ အဲဒီအချိန်လောက်ဆိုရင်လည်း မြန်မာပြည်မှာ ဂျပန်နဲ့ အပြိုင် ၁ သောင်းတန် တွေ ၂ သောင်းတန်တွေများ ကိုင်နေကြဦးမလားပဲ၊ မကြာခင် ၅၀၀၀ တန်တောင် ထွက်လာဦးမှာဆိုတော့လေ။







အောက်တိုဘာ ၁၊ ၂၀၀၉

September 27, 2009

ရန်ကုန် ခရီးစဉ်

၂၀၀၇ ခုနှစ် ဇန်န၀ါရီ မှာ ကျမတို့ မြန်မာပြည်ကနေ ဂျပန်ကို ထွက်လာခဲ့တယ်။ တစ်နှစ်တစ်ခါလောက် မြန်မာပြည်ပြန်လည်ချင်ပေမယ့် လေယာဉ်စရိတ် ဈေးကြီးတာရော၊ ရုံးက ခွင့်ယူဖို့ ဘာညာတွေ တွက်ချက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကမှ မြန်မာပြည်ပြန်လည်ဖြစ်ခဲ့တယ်။ ကြားထဲ မပြန်ဖြစ်တာ ၂ နှစ်ကျော်ပေါ့။ ဒီတစ်ခေါက်ပြန်ဖို့အတွက် ရုံးကခွင့်တွေကို တတ်နိုင်သလောက် ချွေတာ၊ ငွေလည်း တတ်နိုင်သလောက် စုဆောင်းပြီး မတ်လလောက်ကတည်းက ပြန်ဖို့ အစီအစဉ်တွေ စခဲ့ရတယ်။


*****


မြန်မာပြည်ပြန်မယ်ဆို ထုံးစံအတိုင်း မြန်မာသံရုံးကို အခွန်အခတွေ ပေးဆောင်ရပါတယ်။ ၁ လ ယန်း ၁ သောင်း အပြင် တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ Passport သက်တမ်းတိုးတာတွေ အတွက်ပါ ပိုက်ဆံအပို လေးတွေ ထပ်ဆောင်းပြီး ပေးခဲ့ရတာပေါ့။ ၂ နှစ်စာဆိုတော့ စိတ်ထဲကပဲ တွက်ကြည့် လိုက်ပါတော့နော်။ ကိန်းဂဏန်းတွေကို ရေးပြနေရင် ရင်ထဲ မချိလွန်းလို့ပါ။ မြန်မာပြည်သံရုံးကိစ္စ ပြီးပြန်တော့ ဂျပန်ဘက်မှာ ထပ်ပြီး visa သက်တမ်းတိုး၊ multiple entry ပြန်လျှောက်နဲ့ အလုပ်တစ်ခါ ထပ်ရှုတ်ရတယ်။ ဒီမှာ visa သက်တမ်းတိုးတာက ၁ ပတ်ကျော်ကျော်လောက်ပဲ ကြာတယ်။ visa သက်တမ်းတိုးခ အတွက် ယန်း ၄၀၀၀၊ multiple entry အတွက် ယန်း ၆၀၀၀ ပေးလိုက်ရတယ်။ ဒီဘက်မှာ ပေးရတာတော့ အဲဒီလောက်ပါပဲ။ အခွန်တွေက လစဉ်ဖြတ်တောက်ပြီးသားဆိုတော့ မြန်မာသံရုံးလို တစ်လုံးတည်း တခဲတည်း ပေးစရာမလိုဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး အဆင်သင့် ဖြစ်ပြီဆိုမှ လေယာဉ်လက်မှတ်ကို စ စီစဉ် ရတယ်။


လေယာဉ်လက်မှတ်က ၁ လ ခွဲလောက် ကြိုပြီး ၀ယ်တာတောင် ကိုယ်လိုချင်တဲ့ ရက်အတိုင်း အတိအကျ မရခဲ့ဘူး။ လက်မှတ်က တစ်ယောက်ကို ယန်း ၈ သောင်း ပေးရပြီး လေယာဉ်ဆီ၊ အခွန်တွေ ထပ်ပေါင်းလိုက်တော့ အသွားအပြန်ကို ယန်း ၁၀ သောင်းစွန်းစွန်း ပေးလိုက်ရတယ်ပေါ့။ ၂ ယောက်ဆိုတော့ လေယာဉ်လက်မှတ်တင် ဒေါ်လာ ၂၀၀၀ နီးပါး တခါတည်းပြုတ်ပါတယ်။ ခရီးသွား Agent ကနေ ၀ယ်တာမို့ သူတို့ကိုတော့ အကျိုးဆောင်ခ ယန်း ၃၀၀၀ အပိုဆောင်း ပေးလိုက်ရတယ်။ ကျမတို့ပြန်ချိန်က ဂျပန်ရဲ့ ပိတ်ရက်ရှည် (Golden Week) နားနီးနေတာကြောင့်လည်း လေယာဉ်လက်မှတ် ယန်း ၈ သောင်း ပေးရတာပါ။ ခရီးသွားနည်းတဲ့ အချိန်တွေ ဆိုရင်တော့ ဈေးပိုသက်သာပါတယ်။ ကျမတို့က သင်္ကြန်အပြီးလောက် ပြန်တာဆိုတော့ Osaka ကနေ Bangkok ကို လေယာဉ်လက်မှတ် သိပ်မခက်ပေမယ့် Bangkok ကနေ ရန်ကုန်ကို လက်မှတ်ရဖို့ ခက်တယ်။


လေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ၂ ဘက်ဆွေမျိုးတွေအတွက် လက်ဆောင် ၀ယ်ဖို့ပြင်ဆင်ရတယ်။ နောက်ပြီး ပြန်ဖို့ အထုတ်အပိုးပြင်ဆင်ရင်း အိမ်မှာလည်း သိမ်းစရာရှိတာ သိမ်းဆည်းခဲ့ရသေးတယ်။ အဲဒီလိုနဲ့ Osaka ကနေ ဧပြီလ ၂၂ ရက် ည သန်းခေါင် ၁၂ နာရီကျော် လေယာဉ် စထွက်ပြီး ဘန်ကောက်အထိကို ၅ နာရီ ခွဲလောက် စီးရတယ်။ လေယာဉ်ပေါ်မှာ Breakfast ဆိုပြီး မနက် ၂ နာရီလောက် အိပ်ယာက အတင်း နိုးကျွေးလို့ စိတ်တိုမိတာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ Bangkok ကို မနက် ၄ နာရီ လောက်ရောက်ပါတယ်။ ဘန်ကောက်အချိန် မနက် ၇ နာရီမှာ ရန်ကုန်ကိုပြန်မယ့် လေယာဉ် ဆက်စီးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်နေတဲ့ ဇောတွေကြောင့် ပင်ပန်းတယ်လို့တော့ မထင်မိဘူး။ သိပ်မကြာခင် ရန်ကုန်ရောက်တော့မှာဆိုပြီး ပျော်တာလည်း ပါတာပေါ့လေ။ ဧပြီ ၂၂ ရက် မနက် ၈း၄၅ မှာ ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။


*****


ကျမတို့ ရန်ကုန်က ထွက်လာတော့ လေဆိပ်အဆောက်အဦးအသစ်က ဆောက်လက်စ ကြီးပါ။ အခုပြန်ရောက်တော့ ဆောက်ပြီးသွားတဲ့ လေဆိပ်အသစ်ကြီးက ဆီးကြိုနေပါတယ်။ ရောက်ရောက်ချင်း အဆောက်အဦးအသစ်ကြီးကို မြင်ရတော့ စိတ်ထဲ အမြင်ဆန်းနေသလိုပဲ။ ဘယ်က ဘယ်လို သွားရမှန်းမသိလို့ သူများတွေ သွားတဲ့နောက် ရောယောင်ပြီး ခပ်သွက်သွက် လိုက်သွားလိုက်ရတယ်။ ပြီးတော့ immigration မှာ ၀င်တန်းစီရတာပေါ့။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ယူလာခဲ့ပေမယ့် immigration နဲ့ custom ကိုတော့ အပေးအကမ်းလေးတွေနဲ့ ထုံးစံအတိုင်း ကျော်ဖြတ်ခဲ့ရတယ်။ စနစ်တွေကတော့ အရင်အတိုင်းပါပဲ ဘာမှ မပြောင်းဘူး။ ၈း၄၅ မှာ ထိုင်းလေယာဉ်ဆိုက်ပြီး immigration မှာ ကျမတို့ စောင့်နေရတုန်းရှိသေးတယ် နောက်ထပ် ၉း၀၀ မှာ MAI စင်ကာပူလေယာဉ်ထပ်ဆိုက်တော့ လူတွေ တန်းစီနေတာ immigration ရော baggage claim လုပ်တဲ့နေရာမှာရော ကျိတ်ကျိတ်တိုးပဲ။ ၁ နာရီနီးပါး စောင့်လိုက်ရပြီးတော့မှ ကျမတို့ရဲ့ ပစ္စည်းထုပ်တွေ ထွက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အထုပ်ကိုယ်ဆွဲလို့ Taxi ငှားပြီး လေဆိပ်ကြီးထဲကနေ ခပ်သွက်သွက် ပဲ ထွက်လာခဲ့တော့တယ်။ မိသားစုက စောင့်နေမှာဆိုတော့ အိမ်အမြန် ပြန်ရောက်ချင်ပြီလေ။


စက်တင်ဘာ ၂၈၊ ၂၀၀၉

September 26, 2009

I'm back

Blog မှာ စာမရေးဖြစ်တာ အတော်ကြာနေပြီ။ သိပ်မကြာသေးပါဘူးနော် ၅ လ လောက်ပါပဲ။ Blog မရေးဖြစ်တော့ ဘာတွေ လုပ်နေလဲ ဘာတွေ ဖြစ်နေလဲလို့ ထင်ကြမှာပဲ။ ဒီ ၅ လ အတွင်း ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ရုံးအလုပ်ရယ်၊ အိမ်အလုပ်ရယ်နဲ့ တနေ့ တနေ့ လုံးလည်လိုက်နေတာပါပဲ။ Blog မရေးဖြစ်တော့ အချိန်ပိုတွေ ထွက်လာတာ အမှန်ပဲ။ ရန်ကုန်က သယ်လာတဲ့ ၀တ္ထုစာအုပ်တွေ ဖတ်လိုက်၊ မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုကားတွေ ကြည့်လိုက်နဲ့ ဇိမ်ကို ကျနေတာပဲ။ ပြီးတော့ ကိုယ်စားချင်တဲ့ ဟင်းချက်နည်းကို Blog တွေမှာ ရှာဖတ်ရင်း စမ်းချက်ကြည့်ဖြစ်တယ်။ ဂိမ်းသေးသေးလေးတွေ ဆော့တယ်။ သီချင်းနားထောင်တယ်။ တခါတလေလည်း ဟိုနား ဒီနားလျှောက်လည်ပြီး ဈေးဝယ်ထွက်တာမျိုး လုပ်တယ်။ စနေနေ့မှာ ဂျပန်ကျောင်းလည်း မတက်ဖြစ်တော့ ပိတ်ရက်ဆို အိမ်ထဲမှာပဲ အနေများပြီး အိမ်အလုပ်နဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်လိုက်၊ စားချင်တာ လုပ်စားလိုက်နဲ့ ၅ လဆိုတဲ့ အချိန်က ခဏလေးလိုပဲ။ Blog မရေးတော့ အိမ်က Editor ကြီးလည်း အချိန်တွေ ပိုပြီး ဂိမ်းပိုဆော့ရတာပေါ့။ သူကတော့ ကျိတ်ပြီး ၀မ်းသာနေမှာ။


စာ မရေးချင်လို့သာ မရေးဖြစ်တာ Blog ပိတ်ဖို့တော့ စိတ်မကူးပါဘူး။ ဒါကြောင့်သူငယ်ချင်းတွေ လာအော်လည်း မျက်နှာပူပူနဲ့ငြိမ်နေတာပေါ့။ Blog မရေးဖြစ်ပေမယ့် Blog တွေတော့ အားရင် အားသလို လည်ဖြစ်ပါတယ်။ Comment မရေးမိတာလည်းရှိတယ်။ ရေးခဲ့တာလည်းရှိတယ်။ ကိုယ်ဖတ်နေကျ Blog List မှာ အသစ်တင်တဲ့ Blog တိုင်းကိုတော့ ပုံမှန်ဖတ်ဖြစ်တယ်။ တခြား စိတ်ဝင်စားစရာ Blog တွေ့ရင် ဖတ်ဖြစ်လိုက်တာပါပဲ။


Blogspot ကို မ၀င်ဖြစ်တာ ကြာတော့ အခု ပို့စ်တင်တာတောင် လူက အူကြောင်ကြောင်နဲ့။ Blog နဲ့ ပတ်သက်ပြီး လုပ်ရမယ့် အကြွေးတွေလည်း ရှိသေးတယ်။ Banner ပြောင်းဖို့ရှိတယ်။ နောက်ပြီး မမတန်ခူး ရေးခိုင်းတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ရေးပေးဖို့ ရှိတယ်။ ရေးခိုင်းတဲ့ အမကတောင် မေ့နေလောက်ပြီ ထင်တယ်။ အရင်ပို့စ်က comment တွေတော့ မပြန်တော့ဘူး။ ကြာပဲ ကြာလှနေပြီဆိုတော့ သူငယ်ချင်းတွေကို အားလည်းနာတယ် ခင်လည်း ခင်တယ်။ Favorite List က ပြင်ပြီးသွားပြီ။ နောက်ရက်တွေမှပဲ စာပြန်ရေးဖြစ်အောင် ကြိုးစားပြီး စာအသစ်တင်ပါ့မယ်လို့....


စက်တင်ဘာ ၂၇၊ ၂၀၀၉

April 21, 2009

ဝါသနာ

မတန်ခူး က “၀ါသနာ”ဆိုပြီး tag ထားတာ ကြာလှပေါ့။ ရေးလက်စကလည်း တစ်ကြောင်း နှစ်ကြောင်းနဲ့ တင် ရပ်နေတာ ဆက်မရေးဖြစ်ဘူး။ အခုတလော အလုပ်တအား များပြီး စိတ်ရှုတ် လူရှုတ် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေလို့ပါ။ မတန်ခူးရေ တကူးတက ရေးခိုင်းတဲ့အတွက် ကျေးဇူး နဲ့ နောက်ကျသွားတဲ့အတွက် sorry ပါ အမ။


ကျမ ငယ်ငယ်က အရုပ်ပုံ ကာတွန်းပုံတွေ ဆွဲတယ်။ ကျောင်းတက်နေတုန်း ဆိုတော့ ကျောင်းစာအုပ်ရဲ့ နောက်ဘက်မှာ ပုံတွေ ဆွဲထားတာ အများကြီးပဲ။ အဲဒီလိုမှ မလုပ်ရရင် တေဇတို့ မိုးသောက်ပန်းတို့က ကာတွန်းပုံတွေ ကူးဆွဲတယ်။ ကြာတော့ စာအုပ်က စာရွက်တွေ သိသိသာသာကို ပါးလာတာ၊ အမေသိတော့ ကျောင်းစာရွက်တွေ ဆုတ်ရပါ့မလား ဆိုပြီး အရိုက်ခံရတာပေါ့။ အဲဒီနောက်ပိုင်း အရိုက်ခံရမှာ ကြောက်တာရော ကျောင်းစာတွေနဲ့ လုံးလည်လိုက်နေတာရော ပုံဆွဲချင်တဲ့ စိတ်လည်း ပျောက်သွားလိုက်တာ အခုထိပဲ။


နောက်ပြီး မိန်းကလေး ပီပီ စက်ချုပ်၊ သိုးမွေးထိုး၊ တက်တင်းထိုးတွေလည်း လုပ်ဖြစ်သေးတယ်။ ၁၀ တန်းအောင်ပြီးသွားတော့ ဓမ္မစေတီလမ်းက အိမ်တွင်းမှုကျောင်းမှာ ၃ လ သင်တန်း သွားတက်ဖြစ်ခဲ့တယ်။ ပန်းထိုး၊ အင်္ကျီချုပ်တာတွေကို သင်ပေးတာပါ။ အဲဒီကျောင်းက ပြီးသွားတော့လည်း စက်ချုပ်သင်တန်း ၂ ခုလောက် အပြင်မှာ တက်ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ မျက်လုံးအားနည်းတာကြောင့် ဘာမှ ဆက်မလုပ်ဖြစ်တော့တာ အခုထိပဲ။ သိုးမွေးထိုးတာကိုတော့ အခုထိလည်း လုပ်ချင်ပါသေးတယ်။ အချိန်တွေပိုနေမယ့် အခြေအနေမျိုးဆိုရင် ပြန်လုပ်ရင် လုပ်ဖြစ်မယ် ထင်ပါရဲ့။


စာရေးတာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးများ ဆိုတဲ့ ပို့စ်မှာလည်း ရေးဖူးတယ်လေ။ စာ စ ရေးဖူးတာ ရုပ်ရှင်မင်းသား လွင်မိုးကို ဝေဖန်တဲ့ စာ ပဲ ရေးဖူးတာ။ ကျန်တာ ဘာမှ မရေးဖူးဘူး။ အခု Blog တွေ ပေါ်လာတော့ ကိုယ်ရေးချင်တာလေးတွေ ရေးလို့ရ ဖော်ထုတ်ခွင့်ရတာမို့ Blogspot ကြီးကိုတောင် ကျေးဇူးတင်ရဦးမယ်။ စာကတော့ အားရင် အားသလို ဖတ်ဖြစ်တယ်။ စာရေးရတာက အချိန်ပေးရပြီး စာဖတ်တာကတော့ သိပ်အချိန်ပေးစရာ မလိုဘူး။ တခုခုကို စောင့်နေရမယ်ဆိုလည်း စာဖတ်နေလိုက်တာပဲ။ ရုံးမှာ ထမင်းစားရင်းလည်း ဖတ်တာပဲ။ ညဘက် အိပ်ယာ မ၀င်ခင်လည်း ဖတ်ဖြစ်တာပဲ။ ရုံးပိတ်ရက် ဘယ်မှ သွားစရာ မရှိလည်း ကွန်ပျူတာ ရှေ့ချပြီး စာထိုင်ဖတ်နေတာပဲ။ နည်းပညာ စာပေ တော့ သိပ်မဖတ်ဖြစ်ဘူး။ လောလောဆယ် အများဆုံး ဖတ်ဖြစ်တာက မြန်မာ Blog နဲ့ သတင်း website တွေပဲ အဖတ်များတယ်။ ပြီးတော့ ဂျပန် Blog ၂ ခု ၃ ခုလောက်ကို ဘာသာပြန်ပြီး ဖတ်ဖြစ်တယ်။ တခြား ဂျပန်လိုရေးထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ အကြောင်းလေးဆိုလည်း Print ထုတ်ပြီး ဖတ်လိုက်တာပါပဲ။ ပုံသေတော့ မရှိပါဘူး။


အရင်တုန်းက မလုပ်ဖြစ်ခဲ့တာက ပန်းအလှပြင်တာပါ။ မြန်မာပြည်မှာတုန်းက ပန်းအလှပြင်တာကို အရမ်းသင်ချင်ခဲ့ပါတယ်။ သင်တန်းတက်မယ်လို့လည်း အကြိမ်ကြိမ် စိတ်ကူးဖူးတယ်။ သင်တန်းတွေလည်း စုံစမ်းခဲ့ဖူးတယ်။ အခြေအနေ မတိုက်ဆိုင်လို့ ဘာသင်တန်းမှ မတက်ဖြစ်ခဲ့ပါဘူး။ အခု ဒီရောက်တော့မှ ရုံးက ပန်းအလှပြင်တာ ၀ါသနာပါတဲ့ သူတွေ စုပြီး Flower Arrangement club ထောင်ထားလို့သာ ပန်းအလှပြင်တာကို လုပ်ခွင့်ရတာ။ ဒီမှာလည်း ပန်းအလှပြင်တာနဲ့ ပတ်သတ်ပြီး Professional သင်တန်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတာကြောင့်ရော ဘာသာစကား အခက်အခဲလည်း ရှိသေးတာဆိုတော့ သီးခြား သင်တန်းအနေနဲ့ တက်ဖြစ်မယ် မထင်ဘူး။


အချက်အပြုတ်နဲ့ ပတ်သက်ပြီး အသစ်အဆန်း ချက်ကြည့် စမ်းသပ်လုပ်ကြည့်ရတာကို ပျော်တယ်။ အများကြီးလည်း မစမ်းသပ်ဖြစ်ပါဘူး။ Blog တွေ လိုက်ဖတ်ကြည့်ပြီး ဟင်းချက်နည်း အသစ်တွေ့ရင် စမ်းချက်ကြည့်လိုက်တာပဲ။ ကောင်းတာလည်း ရှိ၊ ပျက်တာလည်း ရှိ၊ လွှင့်ပစ်ရတာလည်း ရှိပေါ့။ ဟိုတလောကတောင် တိုဖူး စမ်း ကျိုကြည့်လိုက်သေးတယ်။ မအောင်မြင်သေးဘူး။ အရင် မြန်မာပြည်မှာတုန်းက စားချင်တာ အလွယ်တကူ ၀ယ်စားလို့ရပေမယ့် မြန်မာပြည် ပြင်ပ ရောက်နေတော့လည်း ချက်ပြုတ်တာက အလိုလို ၀ါသနာ ပါလာရတော့တာပဲ။ မပါလည်း အငတ်မှ မနေနိုင်တာကိုး။ အခုဆို မြန်မာ ဟင်းချက် Blog တွေ များလာလို့ ဟင်းချက်ရတာ ပိုတောင် ပျော်ဖို့ကောင်းလာသေးတယ်။


“၀ါသနာ” ဆိုတာ အားလပ်ချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရင်း စိတ် နဲ့ ကိုယ် ကို အပန်းဖြေခြင်းပဲ လို့ လက်ခံထားတယ်။ အပေါ်မှာ ရေးထားခဲ့တာတွေက ကျမရဲ့ အားလပ်ချိန်မှာ လုပ်ချင်တာတွေ၊ လုပ်ဖြစ်ခဲ့တာတွေနဲ့ လုပ်နေဆဲအကြောင်းတွေပါ။ ဒါကြောင့် ကျမရဲ့ ၀ါသနာတွေလို့ ပြောလို့ရတာပေါ့။ ဘာမှ မလုပ်ချင်တဲ့ အချိန်ကြတော့လည်း အိပ်နေလိုက်တာပါပဲ။ အဓိကတော့ စိတ် နဲ့ ကိုယ် ကို အပန်းပြေဖို့ပဲ မဟုတ်လား။


စာကြွင်း။
Blog ကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကို အလည်ပြန်ဦးမယ်။ ၃ ပတ်ကျော်လောက်တော့ နေဖြစ်လိမ့်မယ်။ မြန်မာပြည်ကနေ Blog ကို update လုပ်နိုင်မယ် မထင်ဘူး။ ဒါကြောင့် လေဆိပ် မဆင်းခင်လေး ကမန်းကတမ်း နှုတ်ဆက်ပြီး အသိပေးရတာ။ တော်ကြာနေ လေဆိပ်သွားတော့မှာ။ နောက်လမှ ပြန်တွေ့မယ်နော်။

အားလုံးပဲ တာ့တာ..



ဧပြီ ၂၁၊ ၂၀၀၉။

March 24, 2009

Flower Arrangement - Mar 19, 2009

အခုလ ၁၉ ရက်နေ့တုန်းက ရုံးမှာ ပန်းအလှပြင်ပွဲ တစ်ခါ ထပ်လုပ်ပါတယ်။ ရုံးအနေနဲ့ဆို ၂၉ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွက် ပထမဆုံး ပန်း အလှပြင်တာလို့လည်း ပြောလို့ရတာပေါ့။ ဒီတစ်ခေါက် ပန်းအိုးထိုးတာက Easter အတွက် ရည်ရွယ်ပြီး ပန်းပြင်ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ အင်္ဂလိပ်လို ပန်းနာမည်တွေမို့ မြန်မာလို ဘယ်လို ခေါ်မှန်းလည်း မသိပါဘူး။ အခုတစ်ခါ ပန်းပြင်တာက အ၀ါရောင်ပန်းတွေကို အဓိက ထားပြီး ဘေးကနေ သစ်ရွက် အစိမ်းတွေကို ရံပြီး ထိုးရတာ။

Ranunculus - ラナンキュラス
Sweet Pea -スイートピー
Pittosporum tenuifolium - ピットスポルム
Marigold - マリーゴールド
Marguerite -マーガレット
Nigella - ニゲラ
Spiraea cantoniensis -コデマリ
ငှက်ရုပ် - 鳥ピック


ပန်းပြင်ဖို့အတွက် ပါဝင်တဲ့ ပန်းနဲ့ ပစ္စည်းတွေပါ။

စစချင်း ရေစိမ်ထားတဲ့ အိုအေစစ် ဖော့တုံးကို ပန်းအိုးအလယ်မှာ ထည့်ပါတယ်။ နောက်ပြီး အပေါ်ကနေ ငှက်သိုက်ပုံစံဖြစ်အောင် အုန်းဆံမျှင်လို အမျှင်ဖြူဖြူလေးတွေ တင်ထားလိုက်တယ်။ အဲဒီအပေါ်မှာမှ သစ်ခက်စိမ်းတွေကို ကွေးပြီး ကိုယ်လိုသလို ပုံဖော်ယူရတာပါ။ ကျမတို့ကို သင်ပေးတဲ့ ဆရာမကတော့ သစ်ခက်တွေကို အသည်းပုံလေး ဖြစ်အောင် ပုံဖော်ယူတယ်။ ကျမကတော့ အ၀ိုင်းကွင်းလေး ၃ ခုကို ဆက်နေတဲ့ပုံစံ လုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ အဲဒီအတွက် အရင်ဆုံး သစ်ခက်ကို ကိုယ် လိုသလောက် ဖြတ်ယူလိုက်တယ်။ သစ်ကိုင်းအစ တဖက်ကိုတော့ ဖော့တုံးမှာ အရင် ထိုးစိုက်လိုက်ပါတယ်။ ပြီးမှ အဖျားပိုင်းကို ပြန်ကွေးယူရင်း ပြုတ်မထွက်အောင် နန်းကြိုးကို ကလစ်ပုံစံ လုပ်ပြီး ဖော့ထုံးမှာ ထိုးစိုက်လိုက်ပါတယ်။ အဲဒီလိုမျိုး အ၀ိုင်းလေး ၃ ခု ဖြစ်အောင် လုပ်ယူလိုက်တာပါ။


အဲဒီ အဆင့်ပြီးရင် အပေါ်ကနေ ပန်းတွေကို ကိုယ်ကြိုက်နှစ်သက်သလို ပြင်ယူရတာ။ ကျမ လုပ်ခဲ့တဲ့ ပန်းအိုးက အလယ်မှာ အ၀ါရောင် ပန်းတွေကို အရင် စိုက်တယ်။ ဘေးကနေ ခရမ်းရောင် Sweet Pea လို့ခေါ်တဲ့ ပန်းတွေနဲ့ ရံပြီးထိုးစိုက် ပါတယ်။ အဲဒါတွေ ပြီးပြီဆိုရင် အစိမ်း နဲ့ အဖြူစပ်ကြား သစ်ခက်ကို အခက်သေးလေးတွေ ဖြတ်ပြီး လွတ်နေတဲ့ နေရာမှာ လိုက်ဖြည့်လိုက်တာပါပဲ။ ငှက်ရုပ်လေးကိုတော့ နောက်ဆုံးမှ စိုက်လိုက်တာ။ သဘောကတော့ ငှက်သိုက်ပေါ်မှာ ငှက်ကလေး ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပြင်ယူတာပါ။

ဒီတစ်ခါ ပန်းထိုးရတာ အောက်ဆုံးမှာ ငှက်သိုက် လုပ်ထားတဲ့ အမျှင်တွေ ရှိနေတော့ ပန်းထိုး စိုက်လိုက်ရင် ဖော့တုံးကို မထိပဲ ခဏခဏ ပြန်ပြင်ထိုးရတယ်။ အဲဒီတော့ ပန်းခက်တွေ ကျိုးတာပေါ့။ နောက်ပြီး ပန်းတွေ များတော့ လွှင့်ပစ်ရမှာလည်း နှမြောတယ်။ ပန်းတွေလည်း အကုန်လုံး ပါအောင်ဆိုပြီး တဖြည်းဖြည်းချင်း ပြင်ယူတာ နောက်ဆုံး အောက်က ပန်းအိုးလေး ရလာတာပါပဲ။


ဒီပန်းအိုးက ကျမ ပြင်ထားတာပါ။


ဒီပန်းအိုးကတော့ ဆရာမ ပြင်ပေးထားတာ။

မတ်လ ၂၄၊ ၂၀၀၉။